ကချင်ပြည်နယ် သတင်း စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ
ကချင်ပြည်နယ် သတင်း စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ
၆ လအတွင်း ကချင်ပြည်နယ်မှာ ဘာတွေ ဖြစ်ခဲ့သလဲ။ (2023 January – 2023 June)
Kachinwaves News Agency (Kachinwaves) အကြောင်း။
မာတိကာ
အစီရင်ခံစာ နိဒါန်း။
သုံးသပ်ချက်။ ၁။ ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေ
၁ – ၁။ တိုက်ပွဲဖြစ်ပွားမှု အခြေအနေ
၁ – ၂။ ရှမ်းပြည်နယ်က တိုက်ပွဲများ။
၁ – ၃။ တိုက်ပွဲဖြစ်ပွားမှုများတဲ့ မြို့နယ်တွေရဲ့ ထူးရှားချက်များ။
၁ – ၄။ တိုက်ပွဲဖြစ်ပွားမှု အသွင်သဏ္ဍာန်များ။
သုံးသပ်ချက်။ ၂။ အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှု၊ သေဆုံးမှုနဲ့ အိုးအိမ်ပစ္စည်းဥစ္စာ ထိခိုက်ပျက်စီးမှုများ
သုံးသပ်ချက်။ ၃။ ဖမ်းဆီးမှုဖြစ်စဉ်များ
၃ – ၁။ အရပ်သားများ ဖမ်းဆီးခံရမှု
၃ – ၂။ KIO/KIA အမှုထမ်းများ ဖမ်းဆီးခံရမှု
၃ – ၃။ PDF နဲ့ ဆက်နွယ်တဲ့ စွပ်စွဲမှုကြောင့် ဖမ်းဆီးခံရမှု
၃ – ၄။ စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့စွပ်စွဲမှုကြောင့် ဖမ်းဆီးခံရမှု
၃ – ၅။ CDM ဝန်ထမ်းများ ဖမ်းဆီးခံရမှု
၃ – ၆။ နိုင်ငံရေး ပါတီဝင်များ ဖမ်းဆီးခံရမှု
သုံးသပ်ချက်။ ၄။ စစ်ရေးနဲ့ နိုင်ငံရေး အကြောင်းပြချက် တစ်ခုခုကြောင့် လုပ်ဆောင်ခဲ့တယ်လို့ ကောက်ချက်ဆွဲနိုင်တဲ့ လုပ်ကြံသတ်ဖြတ်မှု၊ ပေါက်ကွဲမှု၊ ဖျက်ဆီးမှုများ
သုံးသပ်ချက်။ ၅။ ဒုစရိုက်မှုများ ဖြစ်ပွားမှု အခြေအနေ
သုံးသပ်ချက်။ ၆။ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် အရပ်သား ထိခိုက်ခံရမှု
သုံးသပ်ချက်။ ၇။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများ
သုံးသပ်ချက်။ ၈။ ကချင်ပြည်နယ်က တရားမဝင် သဘာဝသယံဇာတ တူးဖော်မှုများ
၈ – ၁။ ရွှေတူးဖော်မှု
၈ – ၂။ ကျောက်စိမ်းတူးဖော်မှု
၈ – ၃။ မြေရှားသတ္တု
၈ – ၄။ ပယင်း
၈ – ၅။ အားကိုးရာမဲ့နေတဲ့ ဒေသခံများ
၉။ တွေ့ရှိအကြံပြုချက်များ
…
Kachinwaves News Agency (Kachinwaves) အကြောင်း။
Kachinwaves သတင်းမီဒီယာ အဖွဲ့အစည်းကို ၂၀၁၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ကချင်ပြည်နယ် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း သတင်းတွေနဲ့ အခြားမြန်မာ သတင်းတွေကို တင်ဆက်ဖော်ပြနေတဲ့ သတင်းဌာန ဖြစ်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ယာဉ်ကျေးမှု ထွန်းကားလာရန်နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် သတင်းနဲ့ အခြားတင်ဆက်မှု ကဏ္ဍတွေကနေတဆင့် လုပ်ဆောင်နေတဲ့ လွတ်လပ်သော သတင်းမီဒီယာအဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။ အာဏာမသိမ်းမီးကာလ ကတည်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တစ်ချို့ဒေသတွေမှာ အခြေခံ သတင်းရေးသားနည်း သင်တန်းတွေ ပြုလုပ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာလည်း ရန်ကုန်အခြေစိုက် သတင်းမီဒီယာ ပညာရှင်တွေနဲ့ ချိတ်ဆက်ကာ ပြည်သူပြည်သားသတင်းသမားတွေနဲ့ သတင်းရေးသားနည်းဆိုင်ရာ သင်တန်းတစ်ချို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။
အစီရင်ခံစာ နိဒါန်း။
ကချင်ပြည်နယ် သတင်းတွေကို ဦးစားပေးဖော်ပြတဲ့ ပြည်နယ် သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေ၊ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ပြည်သူပြည်သားသတင်းသမား (Citizen Journalists) တွေရဲ့ ပူးပေါင်းချိတ်ဆက်မှုကနေရရှိတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး၊ အကြောင်းအရာခေါင်းစဉ် (၈) ခုခွဲကာ စောင့်ကြည့်လေ့လာ ဆန်းစစ်သုံးသပ်ထားတဲ့ Kachinwaves ရဲ့ သတင်းမီဒီယာစောင့်ကြည့်လေ့လာမှု အစီရင်ခံစာ ဖြစ်ပါတယ်။
စောင့်ကြည့်လေ့လာခဲ့တဲ့ အကြောင်းအရာခေါင်းစဉ်များမှာ တိုက်ပွဲဖြစ်ပွားမှု အခြေအနေ၊ အရပ်သားပြည်သူ ထိခိုက်နစ်နာမှု သေဆုံးမှုနဲ့ အိုးအိမ်ပစ္စည်းဥစ္စာ ထိခိုက်ပျက်စီးမှုဖြစ်စဉ်၊ ဖမ်းဆီးမှုဖြစ်စဉ်၊ စစ်ရေး နိုင်ငံရေး တစ်ခုခုကြောင့် လုပ်ဆောင်တဲ့ လုပ်ကြံသတ်ဖြတ်မှု ပေါက်ကွဲမှု ဖျက်ဆီးမှု၊ ဒုစရိုက်မှုများ ဖြစ်ပွားမှု အခြေအနေ၊ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေ၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများနဲ့ ကချင်ပြည်နယ်က တရားမဝင် သဘာဝသယံဇာတ တူးဖော်မှုများ စတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲအခြေအနေကိုလည်း ကချင်ပြည်နယ်ရဲ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေ သုံးသပ်ချက်မှာ ဆက်စပ်ဖော်ပြထားပါတယ်။
အခုအစီရင်ခံစာမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ဖော်ပြခဲ့တဲ့ သတင်းတွေကို အခြေခံပြီး ဆန်းစစ်သုံးသပ်ထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေ တစ်ခုချင်းစီကို ဆန်းစစ်သုံးသပ်ထားပြီး ခြုံငုံတွေ့ရှိချက်တွေကိုလည်း တင်ပြထားပါတယ်။ တွေ့ရှိရတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ဘက်လိုက်မှုကင်းအောင် ဆန်းစစ်သုံးသပ်ထား ပါတယ်။ ဒါပေမဲ့ တချို့အဖြစ်အပျက်တွေဟာ ထပ်မံ စုံစမ်းလေ့လာရန်လိုအပ်တဲ့ ကိစ္စတွေဖြစ်ပြီး အခက်အခဲနဲ့ စိန်ခေါ်မှုတွေကြောင့် ပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့အတွက် အားနည်းချက်တစ်ချို့ ရှိကောင်းရှိနိုင်ပေမဲ့ အစီရင်ခံစာဟာ ကချင်ပြည်နယ်ရဲ့ လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ခြုံငုံသိရှိနားလည်ရန်အတွက် အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ထိုသို့ အထောက်အကူ ပြုနိုင်ရန်အတွက်လည်း Kachinwaves က လေ့လာစောင့်ကြည့် တင်ပြနေရခြင်း ဖြစ်ပါတယ်။
သုံးသပ်ချက်။ ၁။ ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေ
၁ – ၁။ တိုက်ပွဲဖြစ်ပွားမှု အခြေအနေ
ကချင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နှစ်ဝက် (၆ လ)အတွင်း Kachin Independence Army (KIA)၊ People Defense Force (PDF) နဲ့ ပြည်သူ့စစ်အဖွဲ့တွေ အပါအဝင် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း (၈၆+) ကြိမ် ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ အခုဖော်ပြတဲ့ တိုက်ပွဲ အရေးအတွက်ကို စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နှစ်ဝက် (၆ လ)နဲ့ ၂၀၂၂ ခုနှစ် နှစ်ဝက် (၆ လ) တွေမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ အရေအတွက်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ၂၀၂၃ ခုနှစ်ဟာ တိုက်ပွဲအနည်းဆုံး ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ၆ လအတွင်း ကချင်ပြည်နယ်က တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့တဲ့ မြို့နယ်များမှာ ဖားကန့်၊ ရွှေကူ၊ မိုးညှင်းနဲ့ ဝိုင်းမော်မြို့နယ်တွေ ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်မှာ (၂၇) ကြိမ်၊ ရွှေကူမြို့နယ်မှာ (၂၄) ကြိမ်၊ မိုးညှင်းမြို့နယ်မှာ (၈) ကြိမ်နဲ့ ဝိုင်းမော်မြို့နယ်မှာ (၆) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ ပူတာအို၊ ဆွမ်ပရာဘွမ်၊ မြစ်ကြီးနား၊ မိုးမောက်၊ မံစီနဲ့ မိုးကောင်း မြို့နယ်တွေမှာလည်း (၅) ကြိမ်အောက် ဖြစ်ပွားခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ ပုံ – ၁ ကိုကြည့်ပါ။
၁ – ၂။ ရှမ်းပြည်နယ်က တိုက်ပွဲများ။
KIO၊ KIA စတင်ဖွဲ့စည်း သန္ဓေတည်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာလည်း စစ်ကောင်စီတပ်နဲ့ KIA၊ KPDF (Kachin Regional People Defense Force) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကွတ်ခိုင်၊ မူဆယ်၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မဘိမ်း၊ သိန္နီနဲ့ မိုင်းရယ် စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲပေါင်း (၃၆+) ကြိမ်ဖြစ်ပွားခဲ့တာကို တွေ့ရှိရပါတယ်။ အများဆုံး ဖြစ်ပွားခဲ့တဲ့ မြို့နယ်မှာ ကွတ်ခိုင်မြို့နယ်ဖြစ်ပြီး (၁၅) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ မူဆယ်နဲ့ နောင်ချို မြို့နယ်တွေမှာ (၅) ကြိမ်စီဖြစ်ပွားခဲ့ပြီး ကျောက်မဲ၊ လားရှိုး၊ မဘိမ်း၊ သိန္နီနဲ့ မိုင်းရယ် မြို့နယ်တွေမှာ ၅ ကြိမ်အောက် ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ အခုဖော်ပြတဲ့ တိုက်ပွဲအရေအတွက်ထဲ ရှမ်းပြည်နယ်က အခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ထည့်သွင်းရေတွက်ထားခြင်း မရှိပါ။ ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်မှု (၆) ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ပုံ – ၂ ကိုကြည့်ပါ။
၁ – ၃။ တိုက်ပွဲဖြစ်ပွားမှုများတဲ့ မြို့နယ်တွေရဲ့ ထူးရှားချက်များ။
ကချင်ပြည်နယ်က တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေကို လေ့လာကြည့်ရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ လှုပ်ရှားမှုအားကောင်းတဲ့ မြို့နယ်တွေဖြစ်ပြီး စစ်ကောင်စီဘက်မှာလည်း ၎င်းတို့ရဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ တက်ကြွလှုပ်ရှားနေတဲ့ မြို့နယ်တွေ ဖြစ်နေတာကို သတင်းအချက်အလက်တွေအရ တွေ့ရှိရပါတယ်။
ဖားကန့်မြို့နယ်၊ ရွှေကူမြို့နယ်နဲ့ မိုးညှင်းမြို့နယ်တွေဟာ PDF တို့ လှုပ်ရှားမှုအားကောင်းတဲ့ မြို့နယ်တွေဖြစ်တဲ့အပြင် လက်နက်ကိုင် တော်လှန်ရေး အားကောင်းနေတဲ့ စစ်ကိုင်းတိုင်းနဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ မြို့နယ်တွေ ဖြစ်နေပါတယ်။ ဒါ့အပြင် ဖားကန့်ဟာ ကျောက်စိမ်းထွက်ရှိတဲ့ မြို့နယ်ဖြစ်တဲ့အတွက် နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ စီးပွားရေး အကျိုးအမြတ်အတွက် အရေးကြီးတဲ့ မြို့နယ်ဖြစ်ပြီး ရွှေကူနဲ့ မိုးညှင်းဟာ စစ်ရေးမဟာဗျူဟာအရ အရေးကြီးတဲ့ လမ်းကြောင်းရှိတဲ့ မြို့နယ်ဖြစ်နေပါတယ်။ အလားတူ ဖားကန့်နဲ့ ဝိုင်းမော်မြို့နယ်တွေဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖြစ်တဲ့ ရှမ်းနီ အမျိုးသားများ တပ်မတော် (Shanni National Army – SNA)၊ ဝါရာဇွပ်ပြည်သူ့စစ်နဲ့ ဦးရွှေမင်းဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ တက်ကြွလှုပ်ရှားနေတဲ့ မြို့နယ်တွေ ဖြစ်နေပါတယ်။
SNA ဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ဖားကန့်မြို့နယ်အတွင်း လှုပ်ရှားပါတယ်။ ဒါ့အပြင် ဖားကန့်မြို့နယ်အတွင်း ကျရောက်ပြီး မြစ်ကြီးနား – တနိုင်း လီဒိုလမ်းမပေါ်ရှိ ရှထူးဇွပ်ကျေးရွာဒေသမှာလည်း ဦးမင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ တက်ကြွလှုပ်ရှားနေပါတယ်။ ဝိုင်းမော်မြို့နယ်မှာ ယခင် နိုင်ငံရေးပါတီဥက္ကဌ လက်ထက်ကတည်းက KIA ကို ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ပြီး ဦးဆောင်ဆန္ဒပြ လှုပ်ရှားခဲ့သူ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဌဟောင်း ဦးရွှေမင်းအကြံပေးဦးဆောင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ တိုက်ပွဲဝင်နေတာကို တွေ့ရပါတယ်။
၁ – ၄။ တိုက်ပွဲဖြစ်ပွားမှု အသွင်သဏ္ဍာန်များ။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ KIA၊ PDF နဲ့ စစ်ကောင်စီတပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အသွင်သဏ္ဍာန်တွေကို လေ့လာကြည့်တဲ့အခါ စစ်ရေးလှုပ်ရှားမှုများကြောင့် ရန်သူအချင်းချင်း ထိတွေ့ရင်ဆိုင်မိပြီး အပြန်လှန်တိုက်ခိုက်ကြတဲ့တိုက်ပွဲ အများဆုံးဖြစ်ပါတယ်။ ဒုတိယ အများဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အသွင်သဏ္ဍာန်မှာ စစ်ကောင်စီစစ်ကြောင်းတွေ KIA၊ PDF တို့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုခံရတဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ နောက်ထပ် တွေ့ရမှုများတဲ့ တိုက်ပွဲ အသွင်သဏ္ဍာန်တွေကတော့ KIA၊ PDF တို့မှ စစ်ကောင်စီတပ်ကို အလစ်အငိုက်ဝင်တိုက်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ တစ်ဖက်သတ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အသွင်အဏ္ဍာန်မျိုး ဖြစ်ပါတယ်။ ပုံ – ၃ က ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ အသွင်သဏ္ဍာန်တွေကို ဖော်ပြပြီး ပုံ -၄ က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အသွင်သဏ္ဍာန်တွေကို ဖော်ပြထားပါတယ်။
ဖားကန့်မြို့နယ်၊ ရွှေကူမြို့နယ်နဲ့ မိုးညှင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းလှုပ်ရှားမှုတွေ များခဲ့တဲ့အလျောက် အထက်မှာ ဖော်ပြတဲ့အတိုင်း တိုက်ပွဲဖြစ်ပွားမှု များခဲ့တာကို တွေ့ရပါတယ်။
လက်ရှိ အခြေအနေမှာ ဇူလိုင်လဆန်း ၃ ရက်နေ့ကနေစပြီး KIO ဌာနချုပ် လိုင်ဇာနယ်မြေ၊ KIA တပ်မဟာ (၅) နယ်မြေဖြစ်တဲ့ မြစ်ကြီးနား – ဗန်းမော် ကားလမ်းမတစ်လျှောက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ်ရှိ နမ်ဆန်ယန်ကျေးရွာမှာ ဇူလိုင် ၃ ရက်နေ့ကနေ တိုက်ပွဲဖြစ်ပွားလာပြီးနောက် တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေပြီး ဝိုင်းမော်၊ မြစ်ကြီးနားဘက်နဲ့ မိုးမောက်၊ ဗန်းမော်ဘက်ကနေ ထိုးစစ်အတွက် စစ်ကူတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ကာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကို ခုခံဟန့်တားနေတဲ့ အခြေအနေလို့ သုံးသပ်တွေ့ရှိရပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း မြေပြင်ထိုးစစ်အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်သလို လေကြောင်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။
အခုလို Kachin Independence Organization (KIO) ဌာနချုပ်နဲ့ နီးစပ်တဲ့ ရှေ့တန်းနယ်မြေတွေမှာ တိုက်ပွဲစတင် ပြင်းထန်လာတဲ့အချိန်နဲ့ ချိန်ကိုက်ပြီး စစ်ကိုင်းတိုင်းက လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့နေတဲ့ KIO ကို ချေမှုန်းသင့်ကြောင်း စစ်ကောင်စီထောက်ခံသူတွေက အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Facebook, Telegram တွေကနေတဆင့် ဝါဒဖြန့်လှုံ့ဆော်တာကို တွေ့ရပါတယ်။
၂။ အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှု၊ သေဆုံးမှုနဲ့ အိုးအိမ်ပစ္စည်းဥစ္စာ ထိခိုက်ပျက်စီးမှုများ
၂၀၂၃ ခုနှစ် ၆ လတာကာလအတွင်း ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အရပ်သားပြည်သူ ထိခိုက်နစ်နာမှု၊ သေဆုံးမှုနဲ့ အိုးအိမ်ပစ္စည်းဥစ္စာ ထိခိုက်ပျက်စီးမှုတွေကို အောက်ပါအတိုင်း တွေ့ရှိရပါတယ်။ ပုံ – ၅ ကိုကြည့်ပါ။
- စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုနဲ့ ကျေးရွာတွေကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားနေအိမ် အနည်းဆုံး (၉၉၃) အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း တွေ့ရှိရပါတယ်။
- စစ်ကောင်စီစစ်သားတွေနဲ့ ၎င်းတို့ရဲ့ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေရဲ့ မြို့ရွာအတွင်း ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် သေဆုံးသူ (၁၉) ဦး ရှိခဲ့ပြီး ကျေးရွာအတွင်းသို့ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးသူ (၂) ဦး ရှိခဲ့ပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေက ဖားကန့်မြို့နယ်မှာ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် အမျိုးသမီး(၁)ဦး သေဆုံးသလို (၆) ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာ ရရှိခဲ့တဲ့အရပ်သားတွေထဲ အသက် (၁၃)နှစ်နဲ့ (၁၅)နှစ်အရွယ် အမျိုးသမီးငယ် (၂)ဦးပါရှိတာကို တွေ့ရှိရပါတယ်။
- ဒါ့အပြင် အရပ်သားပြည်သူ (၉) ဦးဟာ KIA တပ်မဟာ (၂)၊ အမှတ် (၂၀) တပ်ရင်းရဲ့ ရှေ့တန်း တပ်ဖွဲ့ဝင်တွေနဲ့ UG BLACK K (မိုးကောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) တို့ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတဲ့အတွက် ၎င်းကျူးလွန်သူတွေကို စစ်ဆေးအရေးယူတဲ့အကြောင်းလည်း တွေ့ရှိရပါတယ်။
- မီးရှို့ဖျက်ဆီးမှုနဲ့ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားနေအိမ် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့တဲ့ မြို့နယ်ဟာ ၆ လအတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားမှု ဒုတိယ အများဆုံးဖြစ်ပွားခဲ့တဲ့ ရွှေကူမြို့နယ် ဖြစ်ပါတယ်။
- အလားတူ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ချိုးဖောက်မှုကိုလည်း ၆ လအတွင်း တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့တဲ့ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းလှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်တွေ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်သားတွေရဲ့ ရမ်းသမ်း ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှု အများဆုံး ဖြစ်ခဲ့တာလည်း ဖားကန့်မြို့နယ်မှာ ဖြစ်ပါတယ်။
၃။ ဖမ်းဆီးမှုဖြစ်စဉ်များ (ဖမ်းဆီးခံရသူ အရေအတွက် မဟုတ်ပါ)
သတင်းအချက်အလက်တွေအရ ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖမ်းဆီးမှုတွေကို ခေါင်းစဉ် (၆) ခုခွဲပြီး ဆန်းစစ်ရေတွက် ထားပါတယ်။ ဖမ်းဆီးခံရမှုတွေကို ရေတွက်တဲ့အခါ ဖမ်းဆီးခံရတဲ့ လူအရေအတွက်ကို ရေတွက်ခြင်း မဟုတ်ဘဲ၊ ဖမ်းဆီးမှုဖြစ်ခဲ့တဲ့ အမှုအခင်းတွေကို ရေတွက်ထားခြင်း ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အုပ်စုလိုက်ကိုဖြစ်စေ အာဏာပိုင်အဖွဲ့အစည်း တစ်ခုခုက ယာယီထိန်းသိမ်းမှုပြုလုပ်ခြင်း အပါအဝင် တရားစွဲအရေးယူမှု ပြုလုပ်တဲ့ အမှုအခင်းဖြစ်စဉ်တွေကို အမျိုးအစားခေါင်းစဉ်ခွဲပြီး ရေတွက်ခြင်း ဖြစ်ပါတယ်။
ဆန်းစစ်တွေ့ရှိရတဲ့ ဖမ်းဆီးမှု အမျိုးအစားခေါင်းစဉ် (၆) ခုမှာ ၁။ အရပ်သားများ ဖမ်းဆီးခံရမှု၊ ၂။ KIO/KIA အမှုထမ်းများ ဖမ်းဆီးခံရမှု၊ ၃။ PDF နဲ့ ဆက်နွယ်တဲ့ စွပ်စွဲမှုကြောင့် ဖမ်းဆီးခံရမှု၊ ၄။ စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ စွပ်စွဲမှုကြောင့် ဖမ်းဆီးခံရမှု၊ ၅။ CDM ဝန်ထမ်းများ ဖမ်းဆီးခံရမှုနဲ့ ၆။ နိုင်ငံရေး ပါတီဝင်များ ဖမ်းဆီးခံရမှု စတဲ့ အမှုအခင်းတွေ ဖြစ်ပါတယ်။ ပုံ – ၆ ကိုကြည့်ပါ။
၃ – ၁။ အရပ်သားများ ဖမ်းဆီးခံရမှု
အရပ်သား ဖမ်းဆီးမှု အမှုအခင်းအများဆုံး ဖြစ်ပွားခဲ့တဲ့မြို့မှာ ဖားကန့်မြို့ဖြစ်ပြီး အမှုအခင်း (၂၅) ခု ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ ဖားကန့်မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ရွာလုံးကျွတ် ဖမ်းဆီးစစ်ဆေးခြင်းနဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးစစ်ဆေးခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်။ ထိုသို့ ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် နာရီပိုင်း ထိန်းသိမ်းခံရသူတွေရှိသလို ရက်ပိုင်းလပိုင်း ထိန်းသိမ်းခံရသူတွေလည်းရှိပြီး တရားစွဲဆိုခံရတဲ့ ပြည်သူတွေလည်း ရှိပါတယ်။
ရွှေကူမြို့နယ်ဟာ ဖမ်းဆီးမှု အမှုအခင်းဖြစ်စဉ် ဒုတိယ အများဆုံးတွေ့ရှိရတဲ့ မြို့နယ်ဖြစ်ပြီး အမှုအခင်း (၁၀) ခုရှိခဲ့ပါတယ်။ တတိယ အများဆုံးဖြစ်တဲ့ မိုးညှင်းမြို့နယ်မှာ အမှုအခင်း (၅) ခု ရှိခဲ့ပြီး မြစ်ကြီးနားမြို့နယ်မှာ (၄) ခု ရှိခဲ့ပါတယ်။ ဗန်းမော်နဲ့ မိုးကောင်းမြို့နယ်တွေမှာ အမှုအခင်း (၁) ခုစီ ရှိခဲ့တာကိုတွေ့ ရှိရပါတယ်။
၃ – ၂။ KIO/KIA အမှုထမ်းများ ဖမ်းဆီးခံရမှု
KIO/KIA အမှုထမ်းများ ဖမ်းဆီးခံရတဲ့ အမှုအခင်း ဖားကန့်မြို့နယ်မှာ (၅) ခု၊ မြစ်ကြီးနားမြို့နယ်မှာ (၂) ခု ရှိခဲ့တာကို တွေ့ရပါတယ်။ ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့အမှုအခင်းများမှာ ဖားပြင်ကျေးရွာရှိ ရိုးရာယဉ်ကျေးမှုရုံးမှာ အစည်းအဝေး ပြုလုပ်နေစဉ် ဖမ်းဆီးခံရမှု၊ KIO အုပ်ချုပ်ရေး အရာရှိတစ်ဦး နေအိမ်မှာ ရောက်ရှိနေစဉ် ဖမ်းဆီးခံရမှု၊ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရမှု၊ ဆိပ်မူကျေးရွာရှိ KIO အုပ်ချုပ်ရေးရုံး စီးနင်းခံရမှုနဲ့ လီဒိုလမ်း ရှထူးဇွပ်နဲ့ တိန်ကောက်ကျေးရွာကြား လမ်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရမှု စတဲ့ ဖမ်းဆီးမှုဖြစ်စဉ်တွေကို တွေ့ရှိရပါတယ်။ မြစ်ကြီးနားမြို့အတွင်း ဖြစ်ပွားခဲ့တဲ့ အမှုအခင်းများမှာ Happy KTV ထဲ ရောက်ရှိနေစဉ် ဖမ်းဆီးခံရမှုနဲ့ Butterfly တည်းခိုခန်းမှာ ရောက်ရှိနေစဉ် ဖမ်းဆီးခံရတဲ့ အမှုအခင်းတွေ ဖြစ်ပါတယ်။
၃ – ၃။ PDF နဲ့ ဆက်နွယ်တဲ့ စွပ်စွဲမှုကြောင့် ဖမ်းဆီးခံရမှု
သတင်းတွေမှာ ဖော်ပြချက်အရ PDF နဲ့ ဆက်နွယ်တဲ့ စွပ်စွဲချက်ကြောင့် ဖမ်းဆီးခံရတဲ့ အမှုအခင်း ဖားကန့်မြို့မှာ (၂) ခုရှိခဲ့ပြီး မြစ်ကြီးနားမြို့နဲ့ ရွှေကူမြို့တွေမှာ (၁) ခုစီ ရှိခဲ့တာကို တွေ့ရပါတယ်။
၃ – ၄။ စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့စွပ်စွဲမှုကြောင့် ဖမ်းဆီးခံရမှု
စစ်ကောင်စီနဲ့ ဆက်နွယ်သူတွေအဖြစ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းတွေမှာ ဖော်ပြချက်အရ သိရှိရတဲ့ အမှုအခင်းတွေလည်း ဖားကန့်မြို့မှာ (၅) ခုရှိခဲ့ပြီး မိုးညှင်းနဲ့ မြစ်ကြီးနားမြို့မှာ (၁) ခုစီ ရှိခဲ့တာကို တွေ့ရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ စစ်ကောင်စီနဲ့ ဆက်နွယ်သူတွေအဖြစ် သတင်းကနေတဆင့် သိရှိရပေမဲ့ ဖမ်းဆီးခဲ့တဲ့ အဖွဲ့အစည်းတွေကိုတော့ စိစစ်အတည်ပြုရန် ခက်ခဲတဲ့ အမှုအခင်းတွေကိုလည်း တွေ့ရှိရပါတယ်။
၃ – ၅။ CDM ဝန်ထမ်းများ ဖမ်းဆီးခံရမှု
CDM ဝန်ထမ်း ဖမ်းဆီးခံရမှုကို မိုးကောင်းမြို့နဲ့ ရွှေကူမြို့မှာ ဖမ်းဆီးမှုတစ်ခုစီ တွေ့ရှိရပါတယ်။ မိုးကောင်းမြို့မှာ ထွေအုပ်ဝန်ထမ်း မနေခြည်အောင်ကို စစ်ကောင်စီရဲတွေက ကား ၂ စီးနဲ့ ရောက်ရှိလာပြီး Facebook Account နဲ့ တိုက်စစ်ကြည့်ကာ ဧပြီလ ၇ ရက်နေ့ မနက်မှာ ဖမ်းဆီးခေါ်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွှေကူမြို့က CDM ကျောင်းဆရာမ ဒေါ်ခိုင်စိုးဝေလည်း မေလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဆရာမ ဒေါ်ခိုင်စိုးဝေဟာ စစ်အာဏာမသိမ်းမှီ ရွှေကူ အမှတ် (၂) အထက်တန်းကျောင်းမှာ အလယ်တန်းပြ ဆရာမ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး CDM ပြုလုပ်သွားတဲ့ နောက်ပိုင်း ဆေးဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
၃ – ၆။ နိုင်ငံရေး ပါတီဝင်များ ဖမ်းဆီးခံရမှု
နိုင်ငံရေး ပါတီဝင်တွေ ဖမ်းဆီးခံရမှုအဖြစ် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်က NLD ပါတီဝင် အသက် ၄၀ နှစ်အရွယ် ဒေါ်မာမာအေး ဆိုသူဟာ ဖားကန့်မြို့ ဖားပြင်ရပ်ကွက်ရှိ ၎င်းရဲ့ ညီမနေအိမ်မှာ ဈေးရောင်းရင်း တိမ်းရှောင်ခိုလှုံနေစဉ် မတ်လ ၆ ရက်နေ့ည ၇ နာရီလောက်မှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတဲ့ အမှုတစ်ခုကို တွေ့ရှိရပါတယ်။
၄။ စစ်ရေးနဲ့ နိုင်ငံရေး အကြောင်းပြချက် တစ်ခုခုကြောင့် လုပ်ဆောင်ခဲ့တယ်လို့ ကောက်ချက်ဆွဲနိုင်တဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပေါက်ကွဲဖျက်ဆီးမှုများ
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ စစ်ရေးနဲ့ နိုင်ငံရေး အကြောင်းပြချက် တစ်ခုခုကြောင့် လုပ်ဆောင်ခဲ့တယ်လို့ ကောက်ချက်ဆွဲနိုင်တဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပေါက်ကွဲမှု၊ ဖျက်ဆီးမှုတွေကို ခြုံငုံကြည့်တဲ့အခါ ၂၀၂၃ ခုနှစ်၊ ၆ လတာကာလအတွင်း ဖားကန့်မြို့မှာ ၉ ကြိမ်ရှိခဲ့ပြီး ဖြစ်ပွားမှုအများဆုံး ဖြစ်ပါတယ်။ မိုးညှင်းမြို့နယ်တွင် ၆ ကြိမ်ရှိခဲ့ပြီး ဒုတိယ အများဆုံး မြို့ဖြစ်ပါတယ်။ မြစ်ကြီးနားနဲ့ မိုးကောင်းမြို့တွေမှာလည်း ၄ ကြိမ်စီ ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပေါက်ကွဲမှု၊ ဖျက်ဆီးမှုတွေကြောင့် သေဆုံးခဲ့သူ (၁၅) ဦး ရှိခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။
လုပ်ကြံသတ်ဖြတ်မှုနဲ့ ပေါက်ကွဲမှု၊ ဖျက်ဆီးမှုတွေကို ဆန်းစစ်ကြည့်တဲ့အခါ အောက်ပါအတိုင်း တွေ့ရှိရပါတယ်။
- စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ရုံးအဆောက်အဦးနေရာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲဖျက်ဆီးမှု – ၇ ခု
- စာသင်ကျောင်းဝင်းအတွင်း ပေါက်ကွဲမှု – ၁ ခု
- ပြည်ခိုင်ဖြိုး (USDP) ပါတီဝင်များ လုပ်ကြံခံရမှု – ၁ ဦး
- လုပ်ကြံသတ်ဖြတ်ခံရတဲ့ ပျူစောထီးအဖွဲ့ဝင်များ – ၂ ဦး
- လုပ်ကြံသတ်ဖြတ်ခံရတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းများ – ၁ ဦး
- ဒလန်စွပ်စွဲမှုကြောင့် လုပ်ကြံသတ်ဖြတ်ခံရသူ – ၁ ဦး
- လုပ်ကြံသတ်ဖြတ်ခံရတဲ့ စစ်ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ – ၂ ဦး
- လုပ်ကြံသတ်ဖြတ်ခံရတဲ့ စစ်ကောင်စီရဲ့ အရပ်ဘက်ဝန်ထမ်းများ – ၁ ဦး
- လုပ်ကြံသတ်ဖြတ်ခံရတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များ – ၁ ဦး
- လုပ်ကြံသတ်ဖြတ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ – ၄ ဦး
- လုပ်ကြံသတ်ဖြတ်ခံရတဲ့ KIA တပ်ဖွဲ့ဝင်များ – ၂ ဦး
ဒါ့အပြင် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်က Happy KTV မှာ စစ်ကောင်စီဗိုလ်မှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရစဉ် ၎င်းနဲ့အတူ KTV ထဲရောက်ရှိနေတဲ့ လုပ်ငန်းရှင် ၃ ဦးလည်း လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။ အလားတူ ဖားကန့်မြို့ ဆိုင်းတောင်ရပ်ကွက်က ရှင်းရင် ဟိုတယ်မှာ ရောက်ရှိနေတဲ့ KIA အမှုထမ်းတွေ စီးနင်းခံရတဲ့ဖြစ်စဉ်မှာလည်း ဟိုတယ် ဝန်ထမ်း ၂ ဦး ထိခိုက်သေဆုံးခဲ့တာကို တွေ့ရှိရပါတယ်။ ပုံ – ၇ ကိုကြည့်ပါ။
၅။ ဒုစရိုက်မှုများ ဖြစ်ပွားမှု အခြေအနေ
အခုအစီရင်ခံစာမှာ ဒုစရိုက်မှုအဖြစ် ခေါင်းစဉ်တပ် စောင့်ကြည့်လေ့လာခဲ့တဲ့အမှုတွေဟာ သတင်းတွေမှာ ပါရှိတဲ့အချက်အလက်တွေအရ စစ်ရေး၊ နိုင်ငံရေး ရည်ရွယ်ချက်တွေကြောင့် မဟုတ်ဘဲ၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှုဆိုင်ရာ အမှုအခင်းတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အာဏာမသိမ်းမီကာလက ကချင်ပြည်နယ်အတွင်း လမ်းပေါ်လုယက်မှုတွေနဲ့ ခိုးမှုတွေရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက် ဓါးလက်နက်ကိုင်ဆောင်ပြီး ခြိမ်းခြောက် လုယက် သတ်ဖြတ်မှုတွေ သာမက သေနတ်ကိုင်ဆောင်ကာ ခြိမ်းခြောက် လုယက် သတ်ဖြတ်မှုတွေလည်း ဖြစ်ပွားလာတာကို လေ့လာတွေ့ရှိရပါတယ်။
လေ့လာစောင့်ကြည့်မှုအရ ဖားကန့်မြို့ဟာ ဒုစရိုက်မှုအများဆုံး ဖြစ်ပွားခဲ့တဲ့မြို့ဖြစ်ပြီး မြစ်ကြီးနားမြို့ဟာ ဒုတိယအများဆုံး ဖြစ်ပွားခဲ့တဲ့ မြို့ဖြစ်နေတာကို တွေ့ရပါတယ်။ ဖြစ်ပွားခဲ့တဲ့ ဒုစရိုက်မှု အမျိုးအစားတွေကို ပြန်လည် ဆန်းစစ်ကြည့်တဲ့အခါ ဓါးလက်နက်ကိုင်ဆောင်ပြီး ခြိမ်းခြောက် လုယက် သတ်ဖြတ်မှု (၁၁) မှု၊ နေအိမ်ခြံဝင်းအတွင်း ဖောက်ထွင်းခိုးယူမှု (၈) မှု၊ သတ်ဖြတ်ခံရတဲ့ လူသေအလောင်းတွေ့ရှိမှု (၆) မှုနဲ့ သေနတ်နဲ့ ခြိမ်းခြောက် လုယက် သတ်ဖြတ်မှု (၅) မှု စတဲ့ ဒုစရိုက်မှုတွေ အဖြစ်များခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် သက်ငယ်မုဒိန်းမှု၊ လမ်းပေါ်က လုယက်မှုနဲ့ ပြန်ပေးဆွဲ ခြိမ်းခြောက် ငွေညှစ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
သတင်းတွေမှာ ဖော်ပြခဲ့တဲ့ ဒုစရိုက်မှုတွေကို ဆန်းစစ်ကြည့်တဲ့အခါ အောက်ပါအတိုင်း တွေ့ရှိရပါတယ်။ ပုံ – ၈ ကို ကြည့်ပါ။
ဒုစရိုက်မှုအများဆုံးဖြစ်ပျက်ခဲ့တဲ့ ဖားကန့်မြို့ဟာ တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့တဲ့မြို့နယ်လည်းဖြစ်ပြီး အရင်ကတည်းကနေ မြန်မာနိုင်ငံအနှံ့က ပြည်သူတွေ ရေကြည်ရာမျက်နုရာ စီးပွားလာရှာကြတဲ့ ကျောက်စိမ်းမှော် ဒေသဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားသား တရုတ်လူမျိုးတွေလည်း ကျောက်စိမ်းမှော် ဒေသ ဖားကန့်မှာ ကျောက်လာဝယ်ကြတဲ့ သတင်းတွေလည်း တွေ့ရှိရပါတယ်။
သေနတ် လက်နက်ဖြင့် ခြိမ်းခြောက် လုယက် သတ်ဖြတ်မှုဟာ အာဏာမသိမ်းမီကာလက ကချင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့ခြင်း မရှိတဲ့ ဒုစရိုက်မှုမျိုးဖြစ်ပြီး အခုနှစ် ၆ လတာကာလအတွင်း ဖားကန့်မြို့မှာ လက်သေမပေါ်တဲ့ သေနတ်ကိုင်ဆောင် လုယက်သတ်ဖြတ်မှု (၄) ခု ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ အလားတူ မိုးညှင်းမြို့မှာလည်း (၁) ခု ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် ဖားကန့်မြို့မှာ နေအိမ်ခြံဝင်းအတွင်း ဖောက်ထွင်းခိုးယူမှု (၅) ခု ရှိခဲ့ပြီး ဖြစ်ပွားမှုအများဆုံး ဖြစ်ပါတယ်။
လက်သေမပေါ်ဘဲ လက်နက်ဒဏ်ရာတစ်ခုခုနဲ့ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်း အများဆုံးတွေ့ရှိရတဲ့ မြို့လည်း ဖားကန့်မြို့ဖြစ်နေပြီး (၅) ခု တွေ့ရှိရကာ မိုးညှင်းမြို့မှာ (၁) ခု တွေ့ရှိရပါတယ်။
ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒုစရိုက်မှုတွေဟာ ဓါးလက်နက် ကိုင်ဆောင်ပြီး ခြိမ်းခြောက် လုယက် သတ်ဖြတ်မှု အများဆုံးဖြစ်ကာ (၇) ခု ရှိခဲ့ပါတယ်။ ဒါ့အပြင် လမ်းပေါ်က လုယက်မှု၊ နေအိမ်ခြံဝင်းအတွင်း ဖောက်ထွင်းခိုးယူမှုနဲ့ သက်ငယ်မုဒိန်းမှုတွေလည်း ရှိခဲ့ပါတယ်။
မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ဗန်းမော်မြို့များမှာ ဖြစ်ပျက်ခဲ့တဲ့ သက်ငယ်မုဒိန်းမှုများကို ကျူးလွန်ခဲ့သူတွေဟာ အသက် (၃၀)နှစ်အထက် ရှိသူတွေဖြစ်ပြီး ကျူးလွန်ခံရသူကလေးငယ်တွေထဲက အသက်အကြီးဆုံးမှာ (၁၁) နှစ်သာ ရှိပါတယ်။ ဒါ့အပြင် ကျူးလွန်ခဲ့သူတွေဟာ ကလေးငယ်တွေနဲ့ လုံးဝ သူစိမ်းဖြစ်နေသူတွေ မဟုတ်ဘဲ ကလေးတွေနဲ့ ဒါမှမဟုတ် ၎င်းတို့ရဲ့ မိဘတွေနဲ့ ရင်းနှီးသိကျွမ်းနေတဲ့ သူတွေဖြစ်နေတာကို တွေ့ရပါတယ်။
၆။ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် အရပ်သား ထိခိုက်ခံရမှု
မိုးကောင်းမြို့နဲ့ ဆားမှော်ကျေးရွာကြားရှိ အမှတ် (၃၈၃) ခမရ တပ်ရင်းအနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ဖြစ်စဉ်တစ်ခု တွေ့ရှိရပါတယ်။ နောက်တစ်ခုမှာ ဖားကန့်မြို့နယ် လီဒိုလမ်းမ စံပြကျေးရွာက အသက် ၁၈ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးနဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦး ယုဇနကုမ္ပဏီစက်ရုံဟောင်း အနောက်ဘက်ရှိ နမ်ဆန်ချောင်းတစ်ဖက်ကမ်းရှိ လယ်တောသို့ ဆိုင်ကယ်စီးနင်း သွားရောက်နေစဉ် မိုင်းနင်းမိပြီး နှစ်ဦးစလုံး ခြေထောက်ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း တွေ့ရှိပါတယ်။
၇။ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကတည်းက ဖားကန့်မြို့ဟာ အစောဆုံး ဆန္ဒပြခဲ့ကြတဲ့ ကချင်ပြည်နယ်က မြို့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလ နောက်ဆုံးပတ်အထိ ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့တာကို တွေ့ရှိရပါတယ်။ ဖားကန့်က ဆန္ဒပြ ပြည်သူတွေဟာ အောက်မှာ ဖော်ပြထားတဲ့ ကြွေးကြော်သံတွေကို ကိုင်ဆောင်ကာ ကြွေးကြော် ဆန္ဒပြခဲ့ကြတာကို တွေ့ရှိရပါတယ်။
[“စစ်ကောင်စီနှင့် ပူးပေါင်းသောပါတီများ ပြည်သူကို မျက်နှာမူပါ။ ပါဝင်ပတ်သက် သူတိုင်းဟာ သမိုင်းတရားခံများသာ ဖြစ်သည်။” “စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုအတွက် ရဲရဲရင့်ရင့်တိုက်ပွဲဝင်ကြ”၊ “ငါတို့မှာ ငါတို့ရှိတယ် ငါတို့ နိုင်ကိုနိုင်ရမည်။” “တသံတည်းညီ တချီတည်းရုန်း”၊ “ဒီမိုကရေစီ ဖက်ဒရယ်ဘုံပန်းတိုင်သို့ ပြည်သူနဲ့အတူ ချီတက်စို့”၊ “KIA၊ PDF တိုက်ပွဲ တိုင်းမှာ နိုင်ပါစေ”၊ “NUG အစိုးရ ဒို့အစိုးရ”၊ “တရားမဝင်ရွေးကောက်ပွဲ လူထုအားဖြင့် တိုက်ဖျတ်ကြ”၊ “လူထုတိုက်ပွဲ အရှိန်မြင့်ကြ ဘုံရန်သူကို ချေမှုန်းကြ”၊ “ဖက်ဆစ်စစ်တပ် လုံးဝအုပ်ချုပ်ခွင့် မရစေရ”၊ “မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်။” “တော်လှန်ရေးရဲ့ အဆုံးအဖြတ်မှာ လူထုမှတပါး အခြားမရှိ ငါတို့နိုင်ကိုနိုင်ရမည်။” “လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်။”]
၈။ ကချင်ပြည်နယ်က တရားမဝင် သဘာဝသယံဇာတ တူးဖော်မှုများ
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း သယံဇတတူးဖော်မှုတွေ အလျင်အမြန် တိုးများလာကြောင်း ဒေသခံပြည်သူတွေ ပြောကြသလို သတင်းမီဒီယာတွေနဲ့ ဒေသရှိ စောင့်ကြည့် သုတေသနလုပ်ငန်း ပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဖော်ပြမှုတွေမှာလည်း တွေ့မြင်ရပါတယ်။
သယံဇာတ တူးဖော်မှုတွေနဲ့ ပတ်သက်လို့ အရင်အစိုးရလက်ထက်က ချထားပေးခဲ့တဲ့ ခွင့်ပြုမိန့်တွေဟာ သက်တမ်းကုန်ဆုံး သွားပြီဖြစ်ပြီး လက်ရှိလုပ်ကိုင်နေတဲ့ တူးဖော်မှုတွေဟာ တရားမဝင် တူးဖော်မှုတွေများပြီး ဥပဒေပြဌာန်းချက် စည်းမျဉ်းတွေကိုလည်း လိုက်နာခြင်းမရှိတော့သလို စောင့်ကြည့်ထိန်းကြောင်းပေးမဲ့ ယန္တရားတွေလည်း အသက်မရှိတော့တာကို လေ့လာတွေ့ရှိရပါတယ်။
အခုလို တရားမဝင် သယံဇာတ တူးဖော်မှုလုပ်ငန်းတွေ လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ နယ်မြေနဲ့ သက်ဆိုင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ KIO/KIA နဲ့ စစ်ကောင်စီရဲ့ အခြားဌာနဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို အခွန်အခပေးဆောင်ပြီး လုပ်ကိုင်နေရကြောင်း အစီရင်ခံစာတွေမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ အဲသလို များပြားလာတဲ့ သယံဇာတ တူးဖော်မှုတွေကြောင့် ဒေသခံတိုင်းရင်းသားတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုတွေလည်း များပြားလာတာကို တွေ့လာရပါတယ်။
၈ – ၁။ ရွှေတူးဖော်မှု
ရွှေတူးဖော်မှုတွေကို မြို့နယ်ဒေသခံ လုပ်ငန်းရှင်၊ ကချင်ပြည်နယ်အတွင်းမှ လုပ်ငန်းရှင်၊ ပြည်နယ်ပြင်ပမှ လုပ်ငန်းရှင်နဲ့ တရုတ်လုပ်ငန်းရှင် စတဲ့ လုပ်ငန်းရှင်တွေက တူးဖော်နေကြတယ်လို့ ပြည်နယ်တွင်း သယံဇာတ တူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Kachin State Accountability Resource Governance (K-SAG) ရဲ့ ဧပြီလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေ ကင်းမဲ့သွားတဲ့အချက်ကို အခွင့်ကောင်းယူပြီး အခြားလုပ်ငန်းတွေထက်စာရင် အရင်းအနှီးစိုက်ထုတ်ရမှု သက်သာတဲ့ ရွှေတူးဖော်မှုလုပ်ငန်းကို ပိုမိုလုပ်ကိုင်လာကြတယ်လို့ သုံးသပ်ရရှိပါတယ်။
ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး ထင်သာမြင်သာ မြင်တွေ့လာရတဲ့ အချက်များ
ကချင်ပြည်နယ်က မြို့နယ် (၉) မြို့နယ်မှာ ရွှေတူးဖော်မှုပြုလုပ်နေပါတယ်။ (ပူတာအို၊ မချမ်းဘော့၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ရှင်ဗွေယန်၊ မိုးညှင်း၊ ချီဖွေ၊ ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့နယ်တွေမှာ တူးဖော်နေတာ ဖြစ်ပါတယ်။ မိုးညှင်းမြို့နယ်အတွင်း တူးဖော်မှုကို အင်းတော်ကြီးအိုင် တည်ရှိတဲ့ အင်းတော်ကြီးဒေသမှာ အဓိက တွေ့ရှိရပါတယ်။
- စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်အထိ ရွှေတူးဖော်နေတဲ့ ရေငုတ်ကျင်း စုစုပေါင်း (၇၀) ကျော်သာရှိခဲ့ရာကနေ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း ရေငုတ်ကျင်းနဲ့ ကုန်းကျင်း (၁၁၀၀) ကျော်အထိ တိုးများလာပြီး ၂၀၂၂ ခုနှစ်အတွင်း ကျင်းပေါင်း ၇၅၀ ကျော် တူးဖော်နေတာကို K-SAG ရဲ့ သုတေသန အစီရင်ခံစာမှာ တွေ့ရှိရပါတယ်။
- ရွှေတူးဖော်မှုတွေကြောင့် ကချင်ပြည်နယ်ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ ဧရာဝတီမြစ်ဆုံနဲ့ အင်းတော်ကြီးအိုင် ထိခိုက်ပျက်စီးနေတာကို တွေ့ရှိရပါတယ်။ အင်းတော်ကြီးအိုင်ဟာ အာဆီယံ အမွေအနှစ်စာရင်းဝင် ဒေသဖြစ်တဲ့အပြင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ကနေ ဇီဝအဝန်းနယ်မြေအဖြစ် ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
- ကချင်လူမျိုးတွေရဲ့ ရာဇဝင်သမိုင်းဝင် အမွေအနှစ်နေရာတွေ ထိခိုက်ပျက်စီးလာတာကို တွေ့ရပါတယ်။
- အခြားမြစ်ချောင်း အင်းအိုင်တွေလည်း တိမ်ကောလာပြီး မြစ်ချောင်းစီးဆင်းမှု လမ်းကြောင်းတွေလည်း ပျက်စီးထိခိုက်လာတဲ့အတွက် ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ အိမ်ခြံမြေနေရာတွေ ထိခိုက်ပျက်စီးလာပြီး စိုက်ပျိုးလုပ်ကိုင် စားသောက်ရေးအတွက် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာတာကို တွေ့ရပါတယ်။
၈ – ၂။ ကျောက်စိမ်းတူးဖော်မှု
ကျောက်စိမ်းတူးဖော်မှုကို ဖားကန့်နဲ့ မိုးညှင်းမြို့နယ်မှာ အဓိက တူးဖော်နေတာ တွေ့ရပါတယ်။ အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ချပေးခဲ့တဲ့ ကျောက်စိမ်းတူးဖော်မှု ခွင့်ပြုမိန့်လက်မှတ်တွေ အားလုံးဟာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။
တရားဝင်တူးဖော်ခွင့် သက်တမ်းတွေ ကုန်ဆုံးသွားပေမဲ့ ကျောက်စိမ်းတူးဖော်မှုတွေဟာ သွင်သွင်ကျယ်ကျယ် ရှိနေဆဲဖြစ်ပါတယ်။ ကျောက်စီမ်းတူးဖော်မှုတွေကြောင့် ပြောင်းရွှေ့ခံရတဲ့ ကျေးရွာလူနေအိမ်ခြေတွေလည်း ရှိနေတာကို တွေ့ရပါတယ်။
၈ – ၃။ မြေရှားသတ္တု
မြေရှားသတ္တုတူးဖော်မှုကို ချီဖွေ၊ မိုးမောက်နဲ့ မံစီမြို့နယ်တွေမှာ တွေ့ရှိရပါတယ်။ ချီဖွေမြို့နယ်မှာ မြေရှားသတ္တု တူးဖော်နေတဲ့ လုပ်ကွက်အများပိုင်းကို စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (Boarder Guard Force) နဲ့ ပြည်သူ့စစ်တွေ စိုးမိုးထားတဲ့ နယ်မြေအတွင်းမှာ လုပ်ကိုင်နေတာဖြစ်ပြီး တချို့နေရာတွေဟာ KIO/KIA ရဲ့ စိုးမိုးမှုသက်ရောက်နေတဲ့ နေရာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ KIO/KIA စိုးမိုးနယ်မြေအတွင်း တူးဖော်လာတဲ့ လုပ်ကွက်တွေကြောင့် ဒေသခံပြည်သူတွေနဲ့ နယ်မြေခံ KIO/KIA အာဏာပိုင်တွေကြား ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။
အလားတူ KIO/KIA ထိန်းချုပ်နယ်ဖြစ်တဲ့ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါကျေးရွာ ဝန်းကျင် ဒိန်ဆင်းပါကျေးရွာ ဒေသတွေမှာ စမ်းသပ်တူးဖော်လာတဲ့ မြေရှားသတ္တု တူးဖော်မှုလုပ်ငန်းတွေကို ဒေသခံတွေက ကန့်ကွက်လှုပ်ရှားမှု ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ထိုသို့ ဒေသခံပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှု ပြင်းထန်လာပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာတော့ KIO ဥက္ကဌနဲ့ ဒေသခံပြည်သူတွေ မိုင်ဂျာယန်မြို့မှာ တွေ့ဆုံကြပြီး ဒေသခံတွေ ကန့်ကွက်တဲ့ မြေရှားသတ္တု စမ်းသပ်တူးဖော်မှု လုပ်ငန်းတွေကို ရပ်တန့်ပေးမယ်လို့ ပြောကြားပြီးနောက် ကန့်ကွက်လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့ပါတယ်။
မြေရှားသတ္တုတူးဖော်မှုမှာ အဓိက ပါဝင်ပတ်သက်နေတဲ့ လုပ်ငန်းရှင်တွေဟာ တရုတ်လုပ်ငန်းရှင်တွေဖြစ်ပြီး မြန်မာနိုင်ငံမှာ တူးဖော်ရရှိတဲ့ မြေရှားသတ္တုတွေကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြတာ ဖြစ်ပါတယ်။
၈ – ၄။ ပယင်း
ပယင်း တူးဖော်တဲ့လုပ်ငန်းကို တနိုင်းမြို့နယ်အတွင်းမှာ တွေ့ရှိရပါတယ်။ တူးဖော်မှုလုပ်ကွက်အများပိုင်းဟာ KIO/KIA ထိန်းချုပ်နယ်မြေအတွင်းမှာ ရှိခဲ့ပေမဲ့ တူးဖော်လုပ်ကိုင်နိုင်ရန်အတွက် မြန်မာစစ်တပ်ကိုလည်း အခွန်အခပေးဆောင်ပြီး လုပ်ကိုင်ရတာ ဖြစ်ပါတယ်။
၂၀၁၇ – ၂၀၁၈ ခုနှစ် မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုနောက်ပိုင်းမှာ တူးဖော်မှုတွေ ရပ်တန့်သွားခဲ့ပါတယ်။ ထိုအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက တရားဝင်လုပ်ကွက်တွေ ပြန်လည်ချပေးရန် ယာထားခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့တာကို တွေ့ရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာတော့ ပယင်းတူးဖော်မှုတွေကို ၂၀၁၇ – ၂၀၁၈ ခုနှစ် ထိုးစစ်ဆင်းတိုက်ခိုက်မှု မတိုင်မီကာလကလို စည်စည်ကားကား ပြန်လည် တူးဖော်လုပ်ကိုင်နေကြတာကို တွေ့ရတယ်လို့ K-SAG ရဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၈ – ၅။ အားကိုးရာမဲ့နေတဲ့ ဒေသခံများ
စစ်ရှောင်ပြည်သူတွေအပါအဝင် ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေ ၎င်းတို့ရဲ့ ဆန္ဒမပါဘဲ ထိခိုက်ပျက်စီးခံရနေရပါတယ်။ ထိုသို့ နစ်နာမှုတွေအတွက် အရေးဆိုတိုင်ကြားနိုင်မယ့် ပြည်သူ့အစိုးရ ယန္တရားတွေလည်း မရှိတဲ့အတွက် မြေနိမ့်ရာ လှံစိုက် ခံနေရတဲ့ ပြည်သူတွေ ဖြစ်နေကြရပါတယ်။
အရင်က ဒေသခံပြည်သူတွေရဲ့ လူ့အခွင့်အရေး နစ်နာမှုတွေအတွက် အရေးဆိုကာကွယ်ပေးရေး လှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း စစ်ကောင်စီလက်ထက်မှာ ၎င်းတို့ကိုယ်တိုင် ရပ်တည်လှုပ်ရှားရန် ခက်ခဲနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် တရားမဝင်တဲ့ စည်းကမ်းမဲ့ သယံဇာတတူးဖော်မှုတွေကြောင့် သဘာဝအမွေအနှစ်တွေနဲ့ ဒေသခံကချင်လူမျိုးတွေရဲ့ ရာဇဝင်သမိုင်းတွေနဲ့ ဆက်နွယ်နေတဲ့ အမှတ်သင်္ကေတနေရာတွေ ပျက်စီးပျောက်ကွယ်သွားမှာကို သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
၉။ တွေ့ရှိအကြံပြုချက်များ။
- အဖိုးတန်ကျောက်စိမ်းထွက်ရှိခြင်း၊ PDF လှုပ်ရှားမှုအားကောင်းခြင်း၊ ဆန္ဒပြလှုပ်ရှားမှု အားကောင်ခြင်း၊ ပြည်သူ့စစ်အဖွဲ့လှုပ်ရှားမှု အားကောင်းခြင်းနဲ့ လက်နက်ကိုင် တော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ နယ်မြေ ဆက်စပ်မှုရှိနေတဲ့ ဖားကန့်မြို့နယ်မှာ အကြောင်းအရာစုံ ဖြစ်ပွားမှု အများဆုံး မြို့နယ်ဖြစ်ပါတယ်။
- PDF လှုပ်ရှားမှု အားကောင်းခြင်း၊ စစ်ရေးအရ ဗျူဟာကျတဲ့ လမ်းပန်းဆက်သွယ်ရေးရှိနေခြင်းနဲ့ လက်နက်ကိုင် တော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ နယ်မြေဆက်စပ်မှုရှိနေတဲ့ မိုးညှင်းမြို့နယ်က ဖြစ်ပွားမှုအကြောင်းအရာနဲ့ အရေးအတွက် ဒုတိယ အများဆုံးမြို့နယ် ဖြစ်ပါတယ်။
- ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့နယ်ဟာ ဖြစ်ပွားမှု အကြောင်းအရာတွေ မိုးညှင်းမြို့နယ်နဲ့ တူနေပေမဲ့ ဒုစရိုက်မှုနဲ့ ဖမ်းဆီးမှုအရေအတွက် ပိုများနေတာကို တွေ့ရပါတယ်။
- PDF လှုပ်ရှားမှု အားကောင်းခြင်း၊ စစ်ရေးအရ ဗျူဟာကျတဲ့ လမ်းပန်းဆက်သွယ်ရေးရှိနေခြင်းနဲ့ လက်နက်ကိုင် တော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ နယ်မြေဆက်စပ်မှုရှိနေတဲ့ ရွှေကူမြို့နယ်မှာ ဖြစ်ပွားမှုအကြောင်းအရာ သုံးခုကိုသာ တွေ့ရှိရပေမဲ့ ၎င်းဖြစ်ပွားခဲ့တဲ့ အကြောင်းအရာတွေရဲ့ အရေအတွက်တွေဟာ တစ်ပြည်နယ်လုံးရဲ့ ဒုတိယ အများဆုံးဖြစ်နေပါတယ်။
- ကချင်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့စစ်တွေရဲ့ ဇာစ်မြစ်နဲ့ ၎င်းတို့ရဲ့ လှုပ်ရှားမှုတွေကို အထူးပြုစောင့်ကြည့် လေ့လာနေဖို့ လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။
- သေနတ်ကိုင်ဆောင်ပြီး ခြိမ်းခြောက်လုယက်တဲ့ ဒုစရိုက်မှုတွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်း အထူးစောင့်ကြည့်လေ့လာသင့်တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။
- လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲနေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ အဓိက လိုအပ်ချက်တစ်ခုဟာ ဘဏ္ဍာငွေကြေးဖြစ်နေပြီး ထိုသို့လိုအပ်ချက်အကြောင်းပြချက်နဲ့ သယံဇာတတူးဖော်နေမှုတွေဟာ လက်နက်ကိုင်တော်လှန်ရေး အမြန်အဆုံးမတတ်နိုင်ရင် ထိရောက်တဲ့ သယံဇာတ စီမံခန့်ခွဲမှုလုပ်ငန်းကို လက်တွေ့ အကြောင်အထည်ဖော်နိုင်ဖွယ် မရှိပါ။
- နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီဘဲ သဘာဝ အရင်းအမြစ်တွေကို ပျက်စီးပြုန်းတီးစေတဲ့ တရားမဝင် သယံဇာတတူးဖော်မှုတွေကြောင့် လူ့အခွင့်အရေး နစ်နာဆုံးရှုံးမှု ပြဿနာတွေ ပိုမိုများပြားလာနိုင်ဖွယ်ရှိပြီး ကာလကြာလာရင် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကိုလည်း ဆိုးရွားထိခိုက်စေနိုင်မယ့် အလားအလာ တွေ့ရှိရပါတယ်။
…
သတင်းဆောင်းပါး links တချို့။
သယံဇာတ
https://kachinwaves.com/archives/4086
https://kachinwaves.com/archives/3844
https://kachinwaves.com/archives/3762
https://kachinwaves.com/archives/2237
တိုက်ပွဲ
https://kachinwaves.com/archives/4096
https://kachinwaves.com/archives/3798
https://kachinwaves.com/archives/3999
လူ့အခွင့်အရေး
https://kachinwaves.com/archives/4073
https://kachinwaves.com/archives/4026
https://kachinwaves.com/archives/4058
ဒုစရိုက်မှု