အာဏာရှင်တွေတည်တဲ့ ဘုရားစေတီတွေကြောင့် ရတဲ့ကောင်းကျိုး ဘယ်မှာလဲ။
သုံးသပ်ချက်ဆောင်းပါး။ 2 August 2023 – Kachinwaves
တိုင်းပြည်နဲ့ ပြည်သူတွေ ဆင်းရဲမွဲတေနေပေမဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက သူတို့ရဲ့ ဩဇာအရှိန်အဝါ ကြီးမားနေသယောင်၊ တိုင်းပြည် တည်ငြိမ်အေးချမ်းနေသယောင် ပြည်သူတွေကို လှည့်စားဖို့ ဘုရားစေတီတွေ တည်ဆောက်တာ၊ ဆင်ဖြူတော် ပေါ်ပေါက်တယ်ဆိုပြီး အမွန်းတင်ဝါဒဖြန့်တဲ့ အလုပ်တွေကို လုပ်လေ့ရှိပါတယ်။
လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်ကလည်း အမေရိကန်ဒေါ်လာသန်း ၄၀ လောက်ကုန်ကျမယ့် ဘုရားစေတီတည်ဆောက်နေတဲ့အပြင် “ဆင်ဖြူတော်ပေါ်ပေါက် ထွန်းတောက်တဲ့မြန်မာပြည်” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတဲ့ မြဝတီသတင်းဌာနရဲ့ အယ်ဒီတာ့အာဘော်တွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း သူ့ရှေ့က စစ်ခေါင်းဆောင်တွေအတိုင်း ဆက်လက်ကျင့်သုံးနေတယ်ဆိုတာ သက်သေပြနေပါတယ်။
ဗုဒ္ဓဘာသာကိုးကွယ်တဲ့ မြန်မာပြည်သူတွေ အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ သာမက အရပ်သား နိုင်ငံရေး ခေါင်းဆောင်တစ်ချို့လည်း ဗုဒ္ဓဘာသာကို နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချခဲ့ကြပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ အရပ်သား နိုင်ငံရေး ခေါင်းဆောင်တစ်ချို့ရဲ့ တူညီနေတဲ့ အချက်တစ်ခုမှာ ဗုဒ္ဓဘာသာနဲ့ ဘုရားစေတီတွေကို မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု အမျိုးသား သရုပ်သဏ္ဍာန်အဖြစ် သတ်မှတ်ပုံဖော်လိုတဲ့ ဆန္ဒဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး ပြဿနာ မဖြေရှင်းနိုင်ဘဲ ဆင်းရဲကြပ်တည်း နေတဲ့အချိန်မှာ ဘုရားစေတီတွေကို ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ပြယုဒ်အဖြစ် ပုံဖော်လုပ်ဆောင်မှုတွေကို ဗမာလူမျိုးကြီးဝါဒ သွတ်သွင်းမှုအဖြစ် ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေက ရှုမြင်လာကြတာ ဖြစ်ပါတယ်။
- ကချင်ပြည်နယ်က သာဓကများ
အမှန်တကယ်မှာတော့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ ကချင်လူမျိုးတွေဟာ ခရစ်ယာန်အများစု ဖြစ်ကြပေမဲ့ ကချင်လူမျိုးတွေမှာလည်း ဗုဒ္ဓဘာသာဝင်တွေ ရှိကြပါတယ်။ တောင်တန်းမြေပြန့် အတူတကွ လွတ်လပ်ရေးယူဖို့ ကြိုးပမ်းတဲ့ကာလာနဲ့ လွတ်လပ်ရေးရပြီးတဲ့ ပါလီမန်ဒီမိုကရေစီခေတ်တွေမှာ အထင်ကရရှိခဲ့တဲ့ ဆမားဒူဝါဆင်ဝါးနောင်ဟာလည်း ဗုဒ္ဓဘာသာကို ယုံကြည်သူ ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဗုဒ္ဓဘာသာကို “နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာကြီး”အဖြစ် ပြဌာန်းထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဘာသာရေးကို အထူးပြုထားတဲ့အချက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ပြဌာန်းရန် ဆန္ဒမရှိခဲ့ပေမဲ့လည်း ဦးနု အပါအဝင် ဗြီတီသျှတော်လှန်ရေး ဗမာနိုင်ငံရေးသမားတွေနဲ့ သံဃာတော်တွေက ဗုဒ္ဓဘာသာကို အထူးပြုတဲ့အချက် ထည့်သွင်းလိုကြတယ်လို့ ဦးနု ရေးတဲ့ တာတေစနေသား စာအုပ်မှာ တွေ့ရပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ဘာသာရေး အထူးပြုတဲ့အချက် ထည့်သွင်းရန် ဦးနုက ဗိုလ်ချုပ်အောင်ဆန်းကို စည်းရုံးသိမ်းသွင်းခဲ့တယ်လို့လည်း ပါရှိပါတယ်။
လွတ်လပ်ရေးရပြီးနောက် အာဏာသိမ်းမှု တစ်ခါကြုံရပြီး ဒုတိယအကြိမ် အာဏာသိမ်းမှုမဖြစ်မီ ၁၉၆၁ ခုနှစ်မှာ “ဗုဒ္ဓဘာသာ သာသနာတော်သည်၊ နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာ ဘာသာကြီးဖြစ်သည့်အားလျော်စွာ နိုင်ငံတော်ဘာသာသနာ ဖြစ်စေရမည်။”လို့ ဦးနု အစိုးရလက်ထက်မှာ ပြဌာန်းခဲ့ပါတယ်။ နိုင်ငံတော်ဘာသာသနာ ဥပဒေကြမ်းကို ကချင်လူထုက လူထုဆန္ဒပြ ကန့်ကွက်တဲ့အထိ ဆန့်ကျင်လှုပ်ရှားခဲ့ကြပြီး KIO/KIA ဖွဲ့စည်းတည်ထောင်မှုအတွက် အရှိန်အဟုန်ဖြစ်စေခဲ့တယ်လို့လည်း သုံးသပ်ကြတာ ရှိပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးလုပ်ခဲ့တဲ့ ဦးအောင်မင်းကတော့ ဦးနုရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံရဲ့ အမျိုးသား သရုပ်သဏ္ဍာန်အဖြစ် အကောင်အထည်ဖော်ချင်တဲ့ ဗျူဟာအမှားလို့ ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ကိုအောင်ဇော်နဲ့ (Face to Face) တွေ့ဆုံမေးမြန်းတဲ့ကဏ္ဍမှာ ဝေဖန်ထောက်ပြခဲ့ပါတယ်။
“ဦးနု လက်ထက်မှာ မြန်မာနိုင်ငံဟာ ဗုဒ္ဒဘာသာနိုင်ငံဖြစ်ရမယ်။ မြန်မာနိုင်ငံထဲမှာနေတဲ့ လူအားလုံးဟာ ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတော့ ဒါသူ့ရဲ့ National Identity ပဲဗျ။ ဒါပေမဲ့ အဲဒီ Identity ကို သူဖမ်းတဲ့အခါမှာ မှားသွားတယ်။ မှားသွားတော့ ဒီထဲမှာနေတဲ့ ခရစ်ယာန်တွေ အားလုံးက တောခိုသွားတာပေါ့။ Identity ကို ဖမ်းတတ်ဖို့ လိုတယ်။ အခုလည်းမှန်နေရမယ်။ နောက်ပိုင်း နှစ်တစ်ရာနှစ်ရာသုံးရာမှာလည်း မှန်နေတဲ့ Identity ကို ဖမ်းနိုင်ဖို့ လိုပါတယ်။”လို့ သမ္မတရုံး ဝန်ကြီးဟောင်း ဦးအောင်မင်းက အဆိုပါတွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ဖူးပါတယ်။
ဦးနုဟာ ရွေးကောက်ခံ အရပ်သားနိုင်ငံရေး ခေါင်းဆောင်ဖြစ်လို့ နိုင်ငံရေးလမ်းကြောင်း လွှတ်တော်ကနေတဆင့် ပုံဖော်အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအတွက်က ဥပဒေပြဌာန်းစရာမလိုဘဲ သူတို့ဆန္ဒရှိတဲ့အတိုင်း ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး နိုင်ငံအနှံ့မှာ ဘုရားစေတီတွေ တည်နေကြတာ ဖြစ်ပါတယ်။
ဦးနုရဲ့ လုပ်ရပ်ကို ဗုဒ္ဓဘာသာကို ယုံကြည်ကိုင်းရှိုင်းသူ နိုင်ငံရေးသမားတစ်ဦးရဲ့ လုပ်ရပ်အမှားလို့ ထင်စရာရှိပေမဲ့ သွေးစွန်းတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကိုတော့ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူတွေကလည်း လက်ခံကြတာ မဟုတ်ပါ။
စစ်ခေါင်းဆောင်တွေက ခရစ်ယာန်ဘာသာဆိုတာ နယ်ချဲ့ကိုလိုနီစနစ်ကြောင့် ကျွဲကူးရေပါ ဖြစ်လာတဲ့ ဘာသာလို့သာ ရှုမြင်နေတာ ထင်ရှားပါတယ်။
“ပထမ မြန်မာနိုင်ငံတော်ဖြစ်တဲ့ အေဒီ ၁၁ ရာစု ပုဂံခေတ်ကနေစပြီး ထေရဝါဒ ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ခဲ့ကြတယ်ဆိုတာကို ပုဂံဘုရားများက သက်သေပြနေပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာကို ခေတ်အဆက်ဆက် မြန်မာနိုင်ငံသားအများစုက စဉ်ဆက်မပြတ် ခိုင်ခိုင်မာမာ ကိုးကွယ်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းအထောက်အထားများကိုလည်း ထင်ရှားစွာတွေ့မြင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ကိုလိုနီခေတ်ရောက်တဲ့အခါမှသာ ခရစ်ယာန်ဘာသာနဲ့ အခြားဘာသာ ကိုးကွယ်သူတွေ တိုးပွားလာတာကို တွေ့ရပါတယ်။”လို့ Religions for Peace-Myanmar အဖွဲ့ရဲ့ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းဖွင့်ပွဲ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့ဖူးပါတယ်။
အဲသလိုအတွေးအမြင်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာသိမ်းထားတဲ့ ကာလတွေမှာ ဘုရားစေတီ တည်ဆောက်တဲ့အလုပ်ကို သူတို့ရောက်တဲ့နေရာတိုင်းမှာ တွေ့ရှိရပါတယ်။ အဲဒါကြောင့် ဒေသခံ တိုင်းရင်းသားတွေက စစ်တပ်ရှိရင် ဘုရားစေတီ တည်တော့မယ်ဆိုတာ အတွေ့အကြုံအရ သိမြင်လာကြရတဲ့ အသိဖြစ်ပါတယ်။
- ကချင်ပြည်နယ် ဒေသတွင်းရှိ စိတ်ဝင်စားဖွယ်ရာ နေရာတွေမှာ ဘုရားစေတီ တည်ဆောက်ခဲ့တဲ့ သာဓကများ
အောင်တော်မူအေးစေတီကို ကချင်ပြည်နယ် မချမ်းဘော့မြို့နယ် ကျောက်နဂါးနေရာမှာ တည်ထားပါတယ်။
“ဒေါ်ဆေကဝတီ (ချမ်းမြေ့ဂုဏ်ဝေ)နှင့် နှစ်ဖက်မိဘတို့အား အမှူးထား၍ ဒုတိယဗိုလ်မှူးကြီး အောင်ကိုကိုကျော်၊ ဇနီး Dr. ညိုညိုဝင်း၊ သား – လင်းသန့်လှိုင် (ရန်ကုန်မြို့) နှင့် (၇) ရက်သားသမီးကောင်းမှု”လို့ ၁၅ ရက် ၇ လ ၂၀၁၁ ခုနှစ် ရက်စွဲနဲ့ ကျောက်ပြားပေါ် ကဗ္ဗည်းထိုးထားတာကို တွေ့ရပါတယ်။
ကျောက်နဂါးနားမှာ စေတီတည်သလို ဒေသခံ တိုင်းရင်းသား လူမျိုးတွေရဲ့ ပုံပြင်တွေအရ ကျောက်နဂါးအဖြစ် လူသိများတဲ့ တောင်စောင်းလေးမှာ မြွေကြီးသဏ္ဍာန် တည်ရှိနေတဲ့ သဘာဝအလှ ကျောက်တန်းကိုလည်း လူလုပ်နဂါးပုံအဖြစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပုံပြောင်းပစ်ခဲ့တာကို ဒေသခံတွေက မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။
အလားတူ မချမ်းဘော့မြို့နယ် မလိခမြစ်လယ်က နတ်ကျောင်း (နတ်ကျွန်း) အဖြစ် လူသိများတဲ့ သဘာဝအလှ ကျောက်ဆောင်ပေါ်မှာလည်း စစ်အစိုးရလက်ထက်က နာမည်ကျော် ခရိုနီဦးတေဇက စေတီတည်ထားခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ မြစ်ကြီးနားမြို့အနီးက ကချင်ပြည်နယ်ရဲ့ အထင်ကရ တောင်တစ်ခုဖြစ်တဲ့ အင်ခိုင်ဘွမ်တောင်ခြေမှာ ညဏ်တော်(၂၇)ပေရှိတဲ့ ဗုဒ္ဓစေတီတော်တည်ဆောက်ရန် ပြင်ဆင်ပြုလုပ်လာပေမဲ့ ဒေသခံတိုင်းရင်းသား ပြည်သူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုတွေကြောင့် အဲဒီအချိန်က ပြည်နယ်အစိုးရကနေ တားမြစ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့၊ စစ်အာဏာသိမ်းပြီးတဲ့နောက် ဆက်လက်တည်ဆောက် အကောင်အထည်ဖော်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ စစ်အာဏာရှင်တွေနဲ့ ပုလဲနံပသင့်တဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ တိုင်းရင်းသားဒေသက အထင်ကရ ဖြစ်တဲ့နေရာတွေနဲ့ သဘာဝအလျောက် စိတ်ဝင်စားဖွယ် နေရာတွေမှာ ဘုရားစေတီတည်ရန် လိုလိုလားလား ရှိနေကြတာ ဖြစ်ပါတယ်။
အခုလို စစ်ယူနီဖေါင်းခြုံပြီး နေရာတကာ ဘုရားစေတီတည်တဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်ကို ဒေသခံ တိုင်းရင်းသားပြည်သူတွေက ဘာသာရေးကိုအကြောင်းပြပြီး ဗမာလူမျိုးကြီးဝါဒ သွတ်သွင်းမှုအဖြစ် ရှုမြင်လာကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူပြည်သားတွေ ဆင်းရဲမွဲတေ ဒုက္ခရောက်နေတဲ့အချိန်မှာ စစ်ခေါင်းဆောင်တွေက ၎င်းတို့ရဲ့ အကျိုးအမြတ်အတွက် ရည်စူးပြီး ဘုရားစေတီ တည်ဆောက်နေတဲ့အလုပ်ဟာ တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးရှိစေမယ်လို့ မထင်ပါ။