ကျောမွဲပြည်သူများနှင့်အတူ မြေစာပင်ဖြစ်လာရသော အင်းတော်ကြီးကန်
ဆောင်းပါး။ 7 October 2022 – Kachinwaves
အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသအဖြစ် သတ်မှတ်ခံထားရပြီး ကချင်ပြည်နယ်အတွင်းတည်ရှိသည့် အင်းတော်ကြီးကန်သည် အညစ်အကြေးများ စုပြုံစီးဝင်လာခြင်းကြောင့် တိမ်ကောစ ပြုလာပြီဖြစ်သည်။
အင်းတော်ကြီးကန်အတွင်း အညစ်အကြေးများ စုပြုံစီးဝင်လာခြင်းမှာ သဘာဝ ဘေးအန္တရာယ်တခုခုကြောင့် မတော်တဆ ဝင်ရောက်လာခြင်း မဟုတ်ဘဲ ကန်၏အနီးပတ်ဝန်းကျင်ရှိ ရွှေတူးဖော်မှုလုပ်ငန်းများမှ စွန့်ထုတ်လိုက်သော ရေဆိုးများနှင့် အညစ်အကြေးများကြောင့် ဖြစ်သည်။ တရားမဝင် ရွှေတူးဖော်မှုများကြောင့် ဒေသခံများ၏ လယ်ယာမြေများ ပျက်စီးလာသလို ရာသီဥတုပြောင်းလဲမှုများလည်း ရှိလာကြောင်း ဒေသခံများက ဆိုသည်။
- အင်းတော်ကြီးကန် တိမ်ကောလာမှု
အင်းတော်ကြီးကန်အနီးရှိ မမုံကိုင်ကျေးရွာမှ ဒေသခံဦးအောင်ကို (အမည်လွဲ) က “နွံဆင်းပြီး အရင်တုန်းက ၁၈ ပြန်ရှိတဲ့ရေဟာ အခု ၁၂ ပြန်ပဲရှိတော့တယ်။ အတောင် ၆၀ ကျော်နက်တာ အခုက အတောင် ၄၀ လောက်ပဲနက်လာတာပေါ့လေ။ နွံဆင်းတယ် မဆင်းဘူး ဆိုတော့။ အဆိုးဆုံးက ဒီအာဏာသိမ်းပြီး နောက်ပဲ၊ အရင်က ဒီလောက် မဆိုဘူး။”ဟု ပြောသည်။
အင်းတော်ကြီး ဘေးမဲ့တောကို မြန်မာအစိုးရက ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ အင်းတော်ကြီးကန်သည် အလျား (၁၄) မိုင် အနံ (၇) မိုင်ရှိပြီး အာဆီယံ အမွေအနှစ်စာရင်းဝင် ဒေသဖြစ်သည့်အပြင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO ၏ ဇီဝအဝန်းနယ်မြေအဖြစ် ၂၀၁၇ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ ဘေးမဲ့ ဧရိယာ ၇၃၆၀၀ ဟက်တာ (ဧက ၁၈၂၀၀၀ ခန့်) တွင် အင်းတော်ကြီးကန်က ဟက်တာ ၁၂၀၀၀ (ဧက ၃၀၀၀၀ ခန့်) ဖုံးလွှမ်းထားသည်။ အင်းတော်ကြီးကန် ဘေးမဲ့တောအတွင်းတွင် မျိုးသုဉ်းမည့် အန္တရာယ်ရှိနေသော ငှက်မျိုးစိတ် ၁၀ ခုအပါအဝင် နှစ်စဉ်ဆောင်းခိုငှက် ၂၀၀၀၀ ကျော် ဝင်ရောက်သော နေရာလည်းဖြစ်ကြောင်း သိရသည်။
ရွှေတူးဖော်မှုများကြောင့် စီးဆင်းလာသည့်နွံများသည် ကန်ရေပြင်ကို တစ်ဧကကျော်အထိကို ဖုံးလွမ်းသွားပြီ ဖြစ်သည်ဟု အင်းချစ်သူအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ခန့်မှန်းခြေပြောရမယ်ဆိုရင် အင်းကောတဲ့ဟာက တစ်နှစ်ကိုအနည်းဆုံး တစ်မိုင်ဝန်းကျင်လောက် ရှိမယ်။ မြင်ရတဲ့အပိုင်းက တစ်မိုင်လောက် ရှိမယ်။ အောက်က ဝင်လာတဲ့ နွံတွေက မြင်တော့အပေါ်ကနေတော့ မမြင်ရသေးဘူး။ အဲတာ ၃ မိုင်လောက်တော့ ရှိလာပြီ။ ကျနော် ငှက်ဆင်းကောက်ရင်း သွားလေ့လာရင်း သိရတယ်။ ဝါးနဲ့ထိုးကြည့်တဲ့အချိန်မှာ သိရတယ်။”ဟု အထက်ပါ အင်ချစ်သူအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Brandernburg University of Technology (BTU)၏ ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ရွှေတူးဖော်မှုများမှ ထွက်ရှိလာသော နွံများသည် ချောင်းများမှတစ်ဆင့် အင်းတော်ကြီးကန်အတွင်း ရောက်ရှိသွားသည်မှာ တစ်နှစ်လျှင် တန်ချိန် ၁၃၃၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
အင်းထဲကို စီးဝင်သည့်နွံ အညစ်အကြေများကြောင့် အင်းတော်ကြီးကန်၏ ရေထုသည် တစ်နှစ်လျှင် ၀.၂၆ မှ ၀.၄ သန်း ကုဗမီတာခန့် ဆုံးရှုံးနေကြောင်းလည်း အစီရင်ခံစာမှာပါရှိသည်။
- ပြည်သူလူထုအပေါ်တက်ရောက်လာသည့် ဆိုးကျိုးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုများ
တရားမဝင် ရွှေတူးဖော်မှုများကြောင့် ကျေးရွာ ၁၆ ရွာမှ လူဦးရေ ၃၅၀၀၀ ကျော်၏ နေထိုင်မှုနှင့် လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများပျက်စီးလာမှုများ ရှိလာသည်။
ရွှေတူးဖော်မှုမှ စီးဝင်လာသည့် နွံများသည် အင်းတော်ကြီးကန် အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကိုပါ ထိခိုက်လာစေသည်ဟု မိုင်းနောင်ဒေသခံ ဦးခေါင်ဒေါင် (အမည်လွဲ)က ပြောသည်။
“ကျနော်တို့ ဒေသခံ ငါးစားသုံးသူတွေအတွက် ထိခိုက်နိုင်တဲ့အခြေအနေ ဥပမာ ပြဒါးအဆိပ်သင့်ထားတဲ့ငါးတွေ စားမိတယ်ဆိုရင်တော့ ကျနော်တို့ ကျန်းမာရေးထိခိုက်တယ်၊ ကင်ဆာတို့ ကျောက်ကပ်တို့ဖြစ်လာနိုင်တယ်။ စိုက်ပျိုးရေးလည်း လယ်မြေဆီတွေ ပျက်စီးသွားတဲ့အတွက် တောင်သူတွေ အနေနဲ့လည်း သွင်းအားစုတွေ ပိုပြီးများလာနိုင်တယ်။”ဟု ဦးခေါင်ဒေါင်က ဆိုသည်။
ရွှေတူးဖော်မှုများကြောင့် နွံများစီးဝင်ပြီး လယ်များလုပ်မရဖြစ်လာသလို လမ်းများလည်း ပျက်စီးလာကာ သွားလာရန် ခက်ခဲမှုများရှိလာ၍ လုပ်ငန်းရှင်များကို ရောင်းလိုက်ရသည့် တောင်ယာလယ်ယာမြေများလည်း ဧက ၅၀ ကျော်ရှိပြီ၊ ဆက်လက် ရောင်းရမည့်အရေး ကြုံနေသူများလည်းရှိနေကြောင်း စစ်တမ်းကောက်သည့် အဖွဲ့အစည်းများထံမှ သိရသည်။
Google Earth ကောင်းကင်မြေပုံမှ တိုင်းထွာခန့်မှန်းချက်အရ ယခုဆိုလျှင် အင်းတော်ကြီးဒေသမှာ မြေဧက ခြောက်ထောင်ကျော်ခန့်သည် မြေစာပုံများအဖြစ် ပျက်စီးနေပြီဖြစ်ကြောင်း အင်းတော်ကြီးဒေသ ရွှေတူးဖော်မှုကို စစ်တမ်းကောက်သည့် အဖွဲ့တစ်ဖွဲ့က ပြောသည်။
Global Forest Watch ၏ အစီရင်ခံစာအရ ၂၀၀၁ – ၂၀၂၁ ခုနှစ်အတွင်း ကချင်ပြည်နယ်၏ သစ်တောပြုန်းတီးမှု (သစ်ပင်ဖုံးလွမ်းနယ်မြေဆုံးရှုံးမှု Tree cover lost) ဧရိယာ ဟက်တာ ၄၆၂၀၀၀ ရှိကြောင်း သိရသည်။
ချောင်းရေလမ်းကြောင်းများက ၁၅ ပေခန့်သာနက်ပြီး ရွှေတွင်းများကပေ ၆၀ ခန့်နက်သည့်အတွက် ဒေသခံများ အဓိက မှီခိုနေသည့်ချောင်းများသည် နွံပြည့်နေ၍ ယခင်လို ရေစီဆင်းမှု မများတော့ကြောင်း မမုံကိုင်ဒေသခံ ဦးအောင်ကိုက ပြောသည်။
ရွှေတူးဖော်မှုများသည် မိုးညှင်း-ဖားကန့်လမ်းမှ ၁၀ ပေခန့်အကွာအဝေးအတွင်းမှာပဲ တူးဖော်နေကြသည့်အတွက် ကားလမ်းများလည်း ပျက်စီးလာသလို သောက်သုံးရေ ရှားပါးမှုများလည်းရှိနေကြောင်း ၂၀၂၂ ခုနှစ်အတွင်း အင်းတော်ကြီး ဒေသရွှေတူးမှုများကို စစ်တမ်းကောက်ယူနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“အခုလောလောဆယ်ဆယ် စွန့်ပစ်မြေစာ နွံကန်တွေကိုလည်း ဖြစ်သလိုပဲလုပ်ထားတာ အဲနွံကန်က ရွာရဲ့ကုန်းပေါ်မှာ ရှိတဲ့အတွက် နွံကန်ပေါက်လို့ကတော့ အောက်က ရွာတွေတော့ မချောင်ဘူးပေါ့နော်။ တူးပြီးသာတွေကိုလည်း ဒီတိုင်းခေါင်းလောင်း ပြန်ထားတယ်။ သောက်သုံးရေတွေကလည်း တော်တော်ကိုရှားနေကြပြီ။”ဟု စစ်တမ်းကောက်ယူနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
နောက်တစ်ခုက တူးဖော်သည့် အလုပ်သမားများကို လုပ်ငန်းရှင်များက မူးယစ်ဆေးဝါးပေးသည့် ပြသနာကလည်း တော်တော်ဆိုးရွာနေပြီဟု ပြောသည်။
အင်းတော်ကြီးကန်ကိုအမှီပြုပြီး တံငါးလုပ်ငန်းလုပ်နေကြသည့် ဒေသခံများလည်း ယခုနောက်ပိုင်း ငါးမရတော့ကြောင်း မမုံကိုင်ဒေသခံ ဦးခေါင်ဒေါင်က ပြောသည်။
“အခုကတော့ ငါးကရောင်းစားဖို့ မဟုတ်ဘူး။ တံငါးမိသားစုတွေရဲ့ ဟင်းစားတောင်မှ ရှာဖို့ ခက်လာတယ်။ ဒီ ၂၀၂၁ ဒီဘက်ပိုင်းမှာပေါ့။”ဟု ၎င်းက ပြောသည်.။
ရေသည် ယခင်လို သန့်ရှင်းမှုမရှိတော့သဖြင့် ရေချိုးသည့်အခါလည်း အနာများ ဖြစ်လာသည်ဟု လေ့လာသူတစ်ဦးက ပြောသည်။
- တာဝန်ယူ တာဝန်ခံမှု
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးကန်အနီးရှိ မိုင်းနောင်၊ လုံးတုံ၊ မမုံကိုင် စသည့် ကျေးရွာများတွင် စက်ကန္တယားကြီးများနှင့် မြေတူးဘက်ဖိုး ၁၉၁ စီးခန့်ဖြင့် တရားမဝင်ရွှေတူးဖော်နေကြကြောင်း ရွှေတူးဖော်မှုကို စစ်တမ်းကောက်ယူနေသည့် အဖွဲ့များထံမှ သိရသည်။
ယခင်အစိုးရလက်ထက်က ကချင်ပြည်နယ် သတ္တုအသေးစားနှင့် လက်လုပ်လက်စား ဥပဒေ၌ ပါရှိသည့်အတိုင်း မြစ်ချောင်းများမှ ပေ ၃၀၀ အကွာအဝေးတွင် တူးရမည်၊ တူးပြီးလျှင် ရွှေတွင်းများကို မြေပြန်ဖို့ထားရမည်ဟု ပါရှိသော်လည်း ယခုအချိန်တွင် ထိန်းကွပ်မည့်သူ မရှိတော့သဖြင့် စည်းကမ်းမဲ့စွာ တူးဖော်နေကြခြင်း ဖြစ်သည်။
အာဏာသိမ်းပြီးကတည်းက တိုင်တန်းရန်လည်း လုံခြုံမှုမရှိတော့သည့်အတွက် တိုင်တန်းမှုများလည်း မရှိတော့ကြောင်း မမုံကိုင် ဒေသခံနောက်တစ်ဦးက ပြောသည်။
“တားလို့လည်း သူက အကျိုးမှ မရှိတော့ဘူးလေ။ အခုက အဘက်ဘက်ကို ကြောက်နေရတော့။ လုံခြုံရေးက ကြောက်နေတယ်ဆိုတော့ မိဘမဲ့နေတဲ့အခြေအနေပေါ့။”ဟု အဆိုပါမမုံကိုင်ဒေသခံက ပြောသည်။
NUG အစိုးရ၏ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း ကချင်ပြည်နယ်၏သံယံဇာတ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်၍ KPICT နှင့် CRPH တို့ နှစ်ဖက် (Bilateral) သဘောတူထားသော်လည်း လက်ရှိအခြေအနေတွင် စစ်ကောင်စီဘက်ကလည်း မထိန်းချုပ်နိုင်သလို NUG ကလည်း မြေပြင်အနေအထား၌ အုပ်ချုပ်စီမံရန် မတတ်နိုင်သေးသည့် အနေအထားဖြစ်ပြီး KIO လည်း အပြည့်အဝ ထိန်းချုပ်ရန် မဖြစ်နိုင်သဖြင့် ကြားလွတ်နေသည့်သဘောဖြစ်သည်ဟု ဆိုသည်။
ပွင့်လင်းမြင်သာမှု နှင့် တာဝန်ခံမှု ရှိစေအောင် လုပ်ဆောင်သော EITI အဖွဲ့၏ လုပ်ငန်းများလည်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက်တွင်
ရပ်ဆိုင်းသွားခဲ့သည်။ အာဏာမသိမ်းမီကာလတွင် ကချင်ပြည်နယ်မှ ရွှေတူးဖော်မှုများကို အစိုးရ၊ လုပ်ငန်းရှင်နှင့် အရပ်ဖက်အဖွဲ့အစည်းများဖြင့် သုံးပွင့်ဆိုင်ဖွဲ့စည်းထားသော Sub-National Coordination Unit အဖွဲ့က သွားရောက်ကွင်းဆင်း စစ်ဆေးမှုများရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် ၎င်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများလည်း ရပ်ဆိုင်းသွားခဲ့သည်။
စစ်ကောင်စီ၏ ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အင်းတော်ကြီးဒေသမှ ရွှေးတူးဖော်မှုများသည် တရားမဝင် ခိုးတူးနေမှုဖြစ်ပြီး စစ်ကောင်စီက တရားဝင်ရွှေလုပ်ကွက် ချပေးခြင်းလည်းမရှိကြောင်း ပြောသည်။
“ကျနော်တို့က နှစ်စဉ်အင်းတော်ကြီးအိုင်ကို ပြန်ထိန်းသိမ်းဖို့ လုပ်ပါတယ်။ အခုကို အင်းတော်ကြီးအိုင်ကို ရေဝင်ရေထွက် ဒိုက်တွေ ရှင်းပြီးပါပြီ။ တရားဝင်ခွင့်ပြုထားတာတွေလည်း မရှိဘူး။ တရားမဝင်တူးတာတွေကို တွေ့ရင်လည်း ကျနော်တို့ ဖမ်းပါတယ်။”ဟု ဦးဝင်းရဲထွန်းက ပြောသည်။
ဒေသခံများက အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်သည်မှာ စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ကို အခွန်ပေးပြီး တူးဖော်နေကြသည်ဟု ဆိုသည်။
ကေအိုင်အို သတင်းနှင့်ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ရွှေတူးဖော်မှုကို ကေအိုင်အို ဗဟိုကော်မတီမှ ပိတ်ပင်ထားပြီး အထူးသဖြင့် ပြည်သူလူထု၏ ခြံမြေ၊ လယ်ယာမြေများနှင့် အများနှင့်သက်ဆိုင်သော မြေနေရာများကို လုံးဝ ရွှေတူးဖော်မှု မပြုလုပ်ရန် တားမြစ်ထားသည်ဟု ဆိုသည်။
ရွှေလုပ်ငန်းရှင်တစ်ဦးက ရွှေးတူးနေသည်မှာ တရားဝင်တူးဖော်နေခြင်း မဟုတ်ကြောင်းနှင့် ရွှေတူးဖော်နိုင်ရန် ဘယ်သူ့ကိုပေးရသည်ကိုတော့ ပြောဆိုရန် ငြင်းဆိုပါသည်။ ရွှေတူးဖော်မှုကြောင့် ဖြစ်ထွန်းလာသည့် နွံကန်များပေါက်ကြပြီး လယ်တောပျက်စီးလာမှုများကို လုပ်ငန်းရှင်များနှင့် လယ်ပိုင်ရှင်များပဲ တိုက်ရိုက် ဖြေရှင်းကြသည်ဟု ၎င်းလုပ်ငန်းရှင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက် ၂၀၂၀ မေလအထိ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန၏ စာရင်းအရ ကချင်ပြည်နယ်တွင် မြို့နယ် ၁၁ ခုတွင် အသေးစားရွှေလုပ်ကွက် (၂၂၃)ကွက်နှင့် လက်လုပ်လက်စား ရွှေလုပ်လုပ်ကွက် (၂၆၂)ကွက်ကို ချပေးခဲ့သော်လည်း အင်းတော်ကြီးဒေသတွင် ချပေးခဲ့သည့် လုပ်ကွက်မရှိကြောင်း သိရသည်။
- ပြောင်းလဲလာသော ရာသီဥတု
အင်းချစ်သူအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက အဓိကတော့ ရာသီဥတုပြောင်းလဲမှု ရှေ့လျှောက် ပိုဆိုးလာနိုင်ကြောင်း ပြောသည်။
“အဓိက ကတော့ climate change (ရာသီဥတုပြောင်းလဲမှု) ရှေ့လျှောက် ပိုဆိုးလာမယ်။ ရာသီဥတုပြောင်းလဲမှုရဲ့ ဖြစ်စဉ်တွေမှာ ရွှေလုပ်ငန်းကြောင့်ကတော့ ရေရှည်၊ ကျနော်ထင်တယ် နောက်လာမဲ့လူငယ်တွေက အဲဒဏ်ကို ခံရလိမ့်မယ်။ အဲတာကတော့ ဒေသရဲ့ climate change တစ်ခုပေါ့။ ပြည်သူလူထုအတွက် မြေအောက်ရေတွေရှားလာမယ်။ ခေါင်တုံချောင်းက ညစ်ညမ်းရေက အင်းတော်ကြီးအိုင်ထဲ ဝင်တယ်ဆိုတော့ ရေထဲမှာရှိတဲ့ အကောင်တွေ၊ ငါးတွေ စားတတ်တဲ့ ရေမှော်ပင်တို့ ရှိမယ်၊ အဲတာတွေက တိုက်ရိုက်သွား ထိခိုက်တာ။”ဟု ဆိုသည်။
ယခုနှစ်တစ်နှစ်အတွင်းမှာပဲ အင်းတော်ကြီးဒေသတွင် ချောင်းရေကြီးသည်မှာ (၃) ကြိမ်ရှိပြီဖြစ်ပြီး၊ ဒေသခံများ၏ နေအိမ်များနှင့် စပါးခင်းများ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဆိုသည်။
ရာသီဥတုပြောင်းလဲမှုများကို အဓိက စောင့်ကြည့်နေသည့် GermanWatch အဖွဲ့၏ Global Climate Risk Index ၂၀၂၁ ခုနှစ် အစီရင်ခံစာရ ၂၀၀၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပြင်းထန်သည့် ရာသီဥတုဒဏ်ကို ခံခဲ့ရသည့်နိုင်ငံ ၁၀ နိုင်စာရင်းတွင် မြန်မာနိုင်ငံသည် ဒုတိယ နိုင်ငံဖြစ်သည်။
- စည်းလုံးအားကိုသာ အားကိုးရမည့် ပြည်သူများ
လက်ရှိအချိန်တွင် ရွှေတူးဖော်မှု၏ နောက်ဆက်တွဲဆိုးကျိုးများကို ပြည်သူများက ခံရမည်ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုများကို ထိန်းသိမ်းနိုင်ရန် ဒေသခံပြည်သူများကသာ အဓိကဖြစ်ပြီး စည်းစည်းလုံးလုံး တွန်းလှန်ရမည်ဖြစ်သည်ဟု ဒေသခံ ဦးယိန်းခေါ်က ဆိုသည်။
ကချင်ပြည်နယ် သဘာဝပတ်ဝန်ကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း အင်းတော်ကြီးဒေသက ရွှေတူးဖော်နေမှု သာမက ကချင်ပြည်နယ်မှ ရွှေတူးဖော်များကို အမြန်ဆုံးထိန်းသိမ်းကြပ်မတ် အရေးယူသွားရန် လိုအပ်သည်ဟု ဆိုသည်။
“ရွှေတူးဖော်တာကို အမြန်ဆုံးရပ်ဆိုင်းဖို့ လိုအပ်တယ်။ မဟုတ်ရင် ယူနက်စကိုကနေ အသိအမှတ်ပြုထားတဲ့ အင်းတော်ကြီးအိုင်ဟာ နာမည်ပဲ ကျန်တော့မယ့် အခြေအနေရောက်နေတယ်။ ဒေသခံပြည်သူတွေလည်း ဒါကို စုပါင်းပြီး တွန်းလှန်ရမယ်”ဟု ဆိုသည်။