မိုးညှင်းမြို့မှာ ဆိုင်ကယ်နှစ်စီး တိုက်မိပြီး သေဆုံးသွားသူသည် မည်သူဖြစ်ကြောင်း မသိရ
().
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ဆီသယ်လာတဲ့ ဆိုင်ကယ်တစ်စီးနဲ့ အခြားဆိုင်ကယ်တစ်စီး တိုက်မိပြီး လူတစ်ဦး မီးလောင်သေဆုံးတဲ့အပြင် နောက်ထပ်တစ်ဦးလည်း အပြင်းအထန် မီးလောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်သေဆုံးသွားတဲ့သူကတော့ အရိုးစုသာ ကျန်ရှိတော့တဲ့အတွက် ဘယ်သူ၊ ဘယ်ဝါဆိုတာကို မသိရှိရပဲ၊ ဒဏ်ရာပြင်းထန် ရရှိသွားတဲ့သူဟာ နန်းမားရွာက အသက် (၄၀) နှစ်ကျော်အရွယ် ဦးနေမျိုးထွန်းဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ၎င်းယာဉ်တိုက်မှုဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ နေ့ခင်းပိုင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ မော်လူးမြို့ကနေ ဓာတ်ဆီအပြည့်သယ်လာတဲ့ ဆိုင်ကယ်သမားနဲ့ နန်မားရွာဘက်ကနေ ထွက်လာတဲ့ ဆိုင်ကယ်တစ်စီး မိုးညှင်းမြို့အထွက်က ညောင်ကိုင်းရွာ (ဗျူဟာလမ်းမကြီးပေါ်) မှာ မျက်နှစ်ချင်းဆိုင် တိုက်ခဲ့မိပြီး၊ ဆီသယ်လာတဲ့ ဆိုင်ကယ်သမားကတော့ ပွဲချင်းပြီး မီးလောင်သေဆုံးကာ ကျန်တစ်ဦးကတော့ မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ မိုးညှင်းဒေသခံတစ်ဦးက ပြောပါတယ်။
“သူ (သေတဲ့သူ) က မော်လူးဘက်ကနေ ဓါတ်ဆီသယ်လာတာ။ နန်းမာရွာက ဆိုင်ကယ်က အလွတ်လို့ ပြောတယ်။ မိုးညှင်းအကျော်နားမှာ တိုက်ကြတာ။ ဆိုင်ကယ်သမားက မီးလောင်တာ အရိုးပဲကျန်တယ်။ နန်းမာကလူက အောက်ပိုင်းတခုလုံး လောင်သွားတယ်၊ မသေဘူး။ အခု မိုးညှင်းဆေးရုံးမှာ”လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နဲ့ ကချင်ပြည်နယ်အစပ်က နန့်စီးအောင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် လလယ်လောက်ကတည်းက ဆီကားတွေကို ဖြတ်ခွင့်မပြုတော့တာကြောင့် ကချင်ပြည်နယ်က ဒေသခံတွေဟာ စက်သုံးဆီတွေကို ဆိုင်ကယ်တွေနဲ့ပဲ သယ်ယူနေကြရတာပဲ ဖြစ်ပါတယ်။