ပိုမိုဆိုးရွားလာနေသည့် ကချင်ပြည်က သယံဇာတတူးဖော်မှု
ဆောင်းပါး။ 6 June 2023 – Kachinwaves
စစ်ကောင်စီအာဏာသိမ်းပြီး နိုင်ငံအနှံ့ စစ်ရေးပဋိပက္ခ ဖြစ်ပေါ်နေချိန်တွင် ကချင်ပြည်နယ်၌ သယံဇာတတူးဖော်မှုများ နေ့စဉ်နှင့်အမျှ ပိုမိုပွားများလာနေသည့်အကြောင်း စောင့်ကြည့်လေ့လာနေသူများနှင့် သက်ဆိုင်ရာ ဒေသခံများက ပြောဆိုနေကြသည်။
သယံဇာတ တူးဖော်မှုများကို စောင့်ကြည့်နေသည့် ကချင်ပြည်နယ် အခြေစိုက် Kachin State Accountability Resource Governance (K-SAG) အဖွဲ့၏ ၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် တရားမဝင် သယံဇာတတူးဖော်မှု ပိုမိုများပြားလာသည်ဟု ဖော်ပြထားသည်။
ကျောက်စိမ်း၊ မြေရှား၊ ပယင်း၊ ရွှေတူးဖော်မှုများနှင့် တရားမဝင် သစ်ခိုးထုတ်မှုများ သိသိသာသာ များပြားလာပြီး ရွှေတူးဖော်မှုသည် အခြားသယံဇာတ တူးဖော်မှုများထက် (၁၀)ဆအထိ ပိုမိုများလာသည်ဟု အဆိုပါအစီရင်ခံ၌ ပါရှိသည်။
- တရားမဝင်ရွှေတူးဖော်မှု
စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးလုပ်ငန်းရှင်အများစုသည် အခြားစီးပွားရေး လုပ်ကိုင်ရန်ထက် အာဏာပိုင်လူတစ်စုနှင့် ညှိနှိုင်းပြီး အကောင်အထည်ဖော်လို့ရနိုင်သည့် ရွှေတူးဖော်ရေးလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်လာကြပြီး ကချင်ပြည်နယ် မြို့နယ်တော်တော်များများတွင် တရားမဝင် ရွှေတူးဖော်မှုများလာသည်။
K-SAG အဖွဲ့၏ အစီရင်ခံစာကို ဦးစီးလုပ်ဆောင်ခဲ့သူ ဒေါ် Alice က ကချင်ပြည်နယ်တွင် အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှု သိသိသာသာပိုများလာပြီး အဖမ်းအဆီးလည်း လုံးဝ မရှိကြောင်း ပြောသည်။
“ပူတာအို မချမ်းဘော့မြို့နယ်ဆိုရင် အရင်က စက်အသေးလေးတွေနဲ့ပဲ နည်းနည်းပါးပါး တူးတာရှိတယ်။ အခုက ရက်ရက်စက်စက်ကို တူးနေတဲ့အနေအထား ရှိတယ်။ သစ်ထုတ်တာကအစ ဖမ်းဆီးမယ့်လူ မရှိဘူး။ ထိန်းချုပ်မယ့်သူ မရှိဘူး။ အစ နည်းနည်းပါးပါးပဲရှိတဲ့ ပူတာအိုမှာ အခုက တူးဖော်နေတာ ၁၀ ဆအထက်တောင် ဖြစ်သွားပြီ။ ရွှေတူးဖော်တဲ့အတွက် ပူတာအို၊ မချမ်းဘော့၊ ဆွပ်ပရာဘွမ် ရေဝေရေလဲတွေ ပျက်စီးသွားပြီဆိုရင် ရေသောက်မြစ်ဖြစ်တဲ့ မိခင်ဧရာဝတီက လုံးလုံးပျက်စီးသွားမယ်။”ဟု ဆိုသည်။
၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ရွှေတူးဖော်သည့်ဆိုင်း ရေငုတ်ကျင်း ၇၀ ခန့်သာရှိခဲ့သည့် ဧရာဝတီမြစ်ကြောင်းတွင် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်နောက်ပိုင်း ရေငုတ်ကျင်း ၁၀၀ ကျော်နှင့် ကုန်းကျင်း ၅၀၀ ကျော်ထိရှိလာသည့်အတွက် အာဏာမသိမ်းမီကထက် ၁၅ ဆခန့် ပိုများသွားသည်ဟု K-SAG အဖွဲ့၏ အစီရင်ခံ၌ တွေ့ရှိရသည်။ မြေရှား၊ ကျောက်စိမ်း၊ ရွှေတူးဖော်ရန်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ စစ်ကောင်စီတပ်နှင့် နယ်မြေခံ ပြည်သူ့စစ်အဖွဲ့များကို ငွေကြေးပေးဆောင်ရသည့်အကြောင်းလည်း ဖော်ပြထားသည်။
ပူတာအိုခရိုင် မချမ်းဘော့မြို့ ဒေသခံတစ်ဦးကလည်း အာဏာသိမ်းပြီးနောက် ၎င်းတို့၏ဒေသတွင် စက်ယန္တယားကြီးများနှင့် ရွှေတူးဖော်မှု ပိုမိုများပြားလာသည်ဟု ပြောသည်။
“အင်လွယ်ယန်ကျေးရွာရဲ့ ဒီအောက်ဘက်မှာဆို တော်တော်ဆိုးရွားတဲ့အဆင့်မှာ ရှိတယ်။ အရင်ကဆို တပိုင်တနိုင် အဲလိုမျိုးတူးကြတယ်။ အခုနောက်ပိုင်းက စက်ယန္တယားကြီးနဲ့ လုပ်ကြတော့ ကျနော်တို့ စိုက်ခင်းနေရာတွေ ပျက်စီးလာတယ်။ မတူးဖို့ပြောလည်း မရဘူး။ တူးနေကြတာပဲ။”ဟု မချမ်းဘော့ ဒေသခံက ပြောသည်။
ကချင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်၌ အသေးစား၊ လက်လုပ်လက်စား လုပ်ကွက် ၃၀၀ ကျော်ကို ခွင့်ပြုခဲ့သော်လည်း အများပိုင်းက သက်တမ်းကုန်ဆုံးသွားပြီဖြစ်သလို ဥပဒေစည်းမျဉ်းအရလည်း မြစ်ချောင်းအင်းအိုင်များ၌ တူးဖော်ခွင့် ချပေးထားခြင်း မရှိခဲ့ပေ။
ယခုလို ရွှေးတူးဖော်မှုများ ပိုမိုများပြားလာသော်လည်း ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန၏ အခွန်ကောက်ခံရရှိသည့် စာရင်းများအရ အခွန်ငွေတိုးပွားလာမှု မရှိဘဲ အာဏာမသိမ်းမီကာလထက် လျော့ကျနေသည်ကို တွေ့ရသည်။ ၂၀၂၀ ခုနှစ်တွင် ရွှေတူးဖော်မှုမှ ရရှိသည့်အခွန်ငွေသည် ကျပ်သန်း ၅၀၀ ကျော် ရရှိခဲ့သော်လည်း ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၂၃၈ သန်းနှင့် ၂၀၂၂ – ၂၀၂၃ ခုနှစ်တွင် ကျပ်သန်း ၃၂၅ သန်းသာ ရှိခဲ့သည်ဟု ဆိုသည်။
- ရာတနာမြေပေါ်တွင် ဘဝ အသက်ရှူကြပ်လာသည့် ပြည်သူများ
- ကျောမွဲပြည်သူများနှင့်အတူ မြေစာပင်ဖြစ်လာရသော အင်းတော်ကြီးကန်
- ရွှေတူးဖော်မှုတွေကြောင့် ခြိမ်းခြောက်မှုခံနေရတဲ့ ဌာနေတိုင်းရင်းသားလူမျိုးတွေရဲ့ သမိုင်းဝင်ယာဉ်ကျေးမှု အမွေအနှစ် နေရာများ
- ဒေသခံပြည်သူတွေရဲ့ နေထိုင်မှုဘဝနဲ့ သဘာဝပတ်ဝန်းကျင်ကို အဆိပ်ခတ်ပေးနေတဲ့ ကချင်ပြည်နယ်က မြေရှားသတ္တု(Rare Earth) တူးဖော်မှု
- မြေရှားသတ္တု
တရုတ်အစိုးရ၏ အကောက်အခွန်ဌာနဖြစ်သည့် (China Custom) ၏ စာရင်းအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် မြေရှားသတ္တု၏ တန်ဖိုးငွေသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးအထိ ရှိသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် မြေရှားသတ္တု၏တန်းဖိုးသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်၊ ၂၀၂၂ ခုနှစ်တွင် သန်း ၆၀၀ ကျော်၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လအတွင်း သန်း ၅၅၀ ကျော်ရှိသည်ကို တွေ့ရသည်။ ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်တွင် တရုတ်နိုင်ငံသို့ တင်ပို့သည့် မြေရှားသတ္တုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆၃ သန်းကျော်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် သန်း ၃၈၀ ကျော်ရှိခဲ့သည်။
ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့ အနီးပတ်ဝန်းကျင်တွင် မြေရှားသတ္တု တူးဖော်လာသည်မှာ ၂၀၂၃ ခုနှစ်၌ အဆိုးရွားဆုံး အခြေအနေဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“အာဏာသိမ်းပြီးနောက် မြေရှားသတ္တုတူးဖော်တာ ပိုများလာတယ်။ အခု ၂၀၂၃ က အဆိုးဆုံးပဲ နေ့တိုင်းနေ့တိုင်း တက်နေတဲ့သူတွေ အယောက် ၅၀ နဲ့ ၁၀၀ ကြားမှာ ရှိတယ်။ လပေါင်းမနည်းတက်နေတဲ့သူတွေက သတ္တုဆိုဒ်မများဘူးဆိုလို့ရှိရင် အလုပ်ရစရာအကြောင်း မရှိဘူး။ အခုတက်သွားတဲ့သူတွေက ပြန်ဆင်းလာတာ မရှိသလာက်ပဲ။”ဟု ဒေသခံက ဆိုသည်။
ယခုနောက်ပိုင်း ပန်ဝါဒေသတွင် မြေရှားသတ္တုတူးဖော်မည့် နေရာများ ကုန်လာပြီဖြစ်၍ ချီဖွေမြို့နယ် ငေါ့ချန်းခတစ်လျှောက် ချန်းမော်ခုန်းဒေသနှင့် ဆော်လော့်မြို့နယ်များတွင် ဆက်လက် တူးဖော်လာနေပြီဟု ဒေသခံက ဆက်ပြောသည်။ မြေရှားသတ္တု တူးဖော်မှုကြောင့် ပန်ဝါဒေသရှိ အချို့ကျေးရွာများ သောက်သုံးရေ ခက်ခဲသွားသလို နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများလည်း ရှိလာပြီဖြစ်ကြောင်း ပြောသည်။ ထို့အပြင် အမျိုးသမီးလုပ်သားများအပေါ် လိင်အမြတ်ထုတ်မှု၊ သတ္တုတူးကန်ပြိုကျ၍ လူသေဆုံးမှုများလည်း ရှိလာကြောင်း ဒေသခံများက ပြောသည်။
ကချင်ပြည်နယ်မှ မြေရှားသတ္တုတူးဖော်မှုများကို စောင့်ကြည့်နေသည့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူတစ်ဦးကလည်း မြေရှားသတ္တု တူးဖော်မှုများကြောင့် အကျိုးအမြတ်ရရှိသူများမှာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံဘက်မှ အာဏာပိုင်အဖွဲ့များနှင့် ချမ်းသာကြွယ်ဝသူများသာ ဖြစ်သည်ဟု ဆိုသည်။
“မြေရှားသတ္တုတူးဖော်မှုက အမြတ်ကြီးကြီးမားမားရသွားတာကတော့ တရုတ်နိုင်ငံပဲ၊ ဘာကြောင့်လဲဆို မြေရှားသတ္တုတူးဖော်တာကို ချုပ်ကိုင်ထားတာက တရုတ်တွေပဲ ဖြစ်တယ်။ မြန်မာဘက်က အကျိုးခံစားရတဲ့သူတွေလည်း ရှိပါတယ်။ ဆိုးကျိုးတွေကို ခံနေရတာက ဒေသခံတွေပေါ့။”ဟု သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူက ဆိုသည်။