အာဏာရှင်ကို ပြိုင်မြင်းအဖြစ် မွေးထားချင်တဲ့ ပေါက်ဖော်ကြီးလား (သို့) ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံနဲ့ အိမ်နီးနားချင်း မဖြစ်ချင်တာလား
နိုင်ငံရေးဆောင်းပါး။
–
အာဏာသိမ်းစစ်ကောင်စီဘက် သိသိသာသာ ရပ်တည်ပေးခြင်းကြောင့် နိုင်ငံတကာ မျက်နှာစာမှာရော၊ မြန်မာပြည်သူတွေရဲ့ အမြင်မှာရော ဗီလိန်အဖြစ် အမြင်မခံလိုတဲ့ တရုတ်အစိုးရဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ချင့်ချင့်ချိန်ချိန်နေခဲ့တယ်လို့ အစောပိုင်းမှာ လေ့လာသူတွေက သုံးသပ်ခဲ့ကြတာ ရှိပါတယ်။ ထင်ရှားတဲ့ သာဓကကို ပြောပါဆိုရင် စစ်ကောင်စီကိုဆန့်ကျင်ပြီး တော်လှန်ရေးဘက် ရပ်တည်သွားတဲ့ သံအမတ်ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိနေဖို့အရေး အပါအဝင် မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်မှာ ကြားနေခဲ့တဲ့အချက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဒီလို ချင့်ချိန်နေတာဟာ ဖက်ဒရယ်ဒီမိုကရေစီ ကြွေးကြော်နေတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီ ဘယ်သူနိုင်မြင်းဖြစ်မလဲ စောင့်ကြည့်နေခြင်း မဟုတ်ပဲ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် အလုပ်ဖြစ်လာပါ့မလားလို့ သတိနဲ့စောင့်ကြည့်နေခဲ့တဲ့ သဘောပိုသက်ရောက်ပါတယ်။ အခြေအနေပေးရင် အရင်စစ်အစိုးရတွေနဲ့လို အသိအမှတ်ပြု ဆက်ဆံသွားဖို့ ဖြစ်ဟန်တူပါတယ်။
အကြောင်းပြချက်ကောင်း မဖန်တီးပေးနိုင်တဲ့ စစ်ကောင်စီကြောင့် တရုတ် အခက်ကြုံနေရ
စစ်ကောင်စီအာဏာသိမ်းလိမ့်မယ်လို့ တရုတ်ဟာ ကြိုတင်သိရှိထားခြင်း မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကနေ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ သတင်းမီဒီယာတွေကို ဖြေကြားခဲ့တဲ့အချက်မှာ တွေ့ရှိရပါတယ်။ အာဏာသိမ်းမယ့်ကိစ္စကို ကြိုတင်မသိထားဘူးလို့ပြောခဲ့တဲ့ တရုတ်ဟာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ရှေ့လုပ်ငန်းတွေအတွက် စစ်ကောင်စီရဲ့ ရှုမြင်သုံးသပ်မှုတွေကို သီလိုတဲ့စိတ် ပြင်းပြခဲ့ပုံရှိပါတယ်။ အာဏာသိမ်းပြီး သုံးလကျော်အကြာ ၂၀၂၁ ခုနှစ် မေ ၂၀ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Phoenix ရုပ်သံမီဒီယာအနေနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မေးမြန်းခဲ့တဲ့ မေးခွန်းတွေက တရုတ်သိချင်တဲ့အချက်တွေကို ပြသနေပါတယ်။
ဒီတွေ့ဆုံမေးမြန်းမှုမှာ အာဏာသိမ်းမှု ဘယ်လောက်ထိကြာမြင့်နိုင်မယ်လို့ မှန်းဆသလဲ၊ အာဏာသိမ်းမှု နှစ်နှစ် ပြီးမြောက်သွားမယ်ဆိုရင် ဘယ်လိုစဉ်းစားထားသလဲ၊ Constitution ပြောင်းဖို့/ပြင်ဆင်ဖို့ စဉ်းစားထားတာမျိုး ရှိမရှိ၊ လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေအရ နိုင်ငံတော်ကာကွယ်ရေးက နံပါတ် (၁) လား၊ အခြေခံဉပဒေကို ကာကွယ်ဖို့က နံပါတ် (၁) လား၊ ဘယ်ဟာက ပိုပြီးအရေးကြီးတယ်လို့ ယူဆပါသလဲ စတဲ့ မေးခွန်းတွေ မေးခဲ့ပါတယ်။ အဲ့ဒီမေးခွန်းတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းလိုက်ခြင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းလာမယ့်အပေါ် ဘယ်လိုမြင်သလဲနဲ့ ပြည်တွင်းစစ်ပုံစံမျိုး ဖြစ်ပေါ်လာနိုင်လားအထိ မေးမြန်းခဲ့တာကို တွေ့ရပါတယ်။
ဒီ Phoenix ရုပ်သံမီဒီယာနဲ့ တွေ့ဆုံမေးမြန်းခြင်းကို မှတ်တမ်းစာအုပ်အဖြစ်ထုတ်ဝေပြီး တိုင်းနဲ့ပြည်နယ် အသီးသီးသို့ ဖြန့်ဝေကာ ဖတ်ရှုကြရန် မြန်မာ့အသံကနေ ထုတ်လွှင့်နှိုးဆော်မှု ပြုလုပ်ခဲ့သလို စစ်ကောင်စီ အစည်းအဝေးမှာလည်း စစ်ခေါင်းဆောင်က အရေးတကြီး ပြန်လည်ရှင်းပြခဲ့တဲ့အထိ အလေးထားခဲ့တဲ့ အင်တာဗျူး ဖြစ်ပါတယ်။
ဒါပေမဲ့ အာဏာသိမ်း နှစ်နှစ်ကျော်လာတဲ့အထိ စစ်ကောင်စီက သူတို့မျှော်လင့်ခဲ့တဲ့ မိတ်ဆွေနိုင်တွေအနေနဲ့ အသိအမှတ်ပြုဆက်လာဖို့ အကြောင်းပြကောင်းမယ့် လက်တွေ့ကျတဲ့ လုပ်ဆောင်ချက် တစ်စုံတစ်ရာ မဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
မဲမသမာမှုကိုအကြောင်းပြ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေ မလိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာပဲ အမည်ခံရွေးကောက်ပွဲ တစ်ခုလုပ်ပြပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရာထူးကနေစွန့်ခွာကာ သမ္မတတက်လုပ်တဲ့ အပြောင်းအလဲမျိုး ဆိုရင်တောင် တရုတ်က လက်ခံအသိအမှတ်ပြုချင်တဲ့ သဘောဖြစ်ပါတယ်။
ဒါပေမဲ့ မဲစာရင်းတိကျရေးကို တဖွဖွပြောနေခဲ့သလို အကြားအလပ်မရှိ ရွေးကောက်ပွဲကို ကျင်းပသွားမယ်လို့ကြွေးကြော်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဂါထာကလည်း အစွမ်းမပြနိုင်သေးတာကို တွေ့ရပါတယ်။ ရွေးကောက်ပွဲ ဂါထာ တဖွဖွရွတ်ဆိုနေတဲ့အချိန်မှာပဲ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးတွေကြောင့် နယ်မြေတွေ တစ်နေ့ထက်တစ်နေ့ လက်လွှတ်ဆုံးရှုံးနေရပြီး၊ တိုင်းပြည်ရဲ့ လူမှုစီးပွားရေး အခြေအနေတွေကလည်း တရိပ်ရိပ်ဆိုးရွား လာနေတဲ့ကြားမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့ ကိစ္စတွေကြောင့် ပြည်သူတွေရဲ့အမြင်မှာ စစ်ကောင်စီဟာ ဘီလူးသရဲလို ကြောက်စရာကောင်းလာနေတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ စစ်ကောင်စီဟာ ရုန်းလေနစ်လေ ဖြစ်နေရတဲ့ ကံခေသူဖြစ်နေပါတယ်။
နိုင်မြင်းကိုလောင်းဖို့စောင့်နေတာ မဟုတ်ပဲ ငါလောင်းတဲ့မြင်း နိုင်ရမယ်ဆိုတဲ့ သဘောလား
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း တရုတ်အစိုးရ ချင့်ချိန်နေတာဟာ ဖက်ဒရယ်ဒီမိုကရေစီ ကြွေးကြော်နေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေး၊ နိုင်ငံရေး အားသာချက် အလားအလာကို စောင့်နေတာ မဟုတ်ပဲ စစ်ကောင်စီကို စင်တင်ပေးနိုင်မယ့် လက်တွေ့ကျတဲ့ အကြောင်းအချက်ကို စောင့်မျှော်နေတဲ့သဘောအဖြစ် ပိုပြီးသိသာလာတာကို တွေ့လာရပါတယ်။
မြို့တွေလက်လွှတ်နေရတဲ့အပြင် စစ်တိုင်းဌာနချုပ်ကိုပါ လက်လွှတ်ခဲ့ရသလို သမိုင်းအစဉ်အလာကြီးပြီး နိုင်ငံရဲ့အလယ်ဗဟိုကျတဲ့ မန္တလေးမြို့တောင် ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေဖြစ်လာတဲ့အခါ တရုတ်အစိုးရဲ့ ကြားနေရပ်တည်ချက်ဟာ သိသိသာသာ ဘက်ယိုင်လာတာကို တွေ့လာရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လက နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi မြန်မာနိုင်ငံကို ရောက်ရှိစဉ်က ပြောကြားခဲ့တဲ့စကားတွေနဲ့ ခရီးစဉ်နောက်ပိုင်း ထွက်လာတဲ့သတင်းတွေက အဲ့သလိုထောက်ပြချင်စရာ ပိုဖြစ်လာပါတယ်။
တရုတ်ဟာ စစ်ကောင်စီကျရှုံးမသွားအောင် ကျားကန်ပေးလိုတာဟာ အတွေးအခေါ်အယူဝါဒ ထောက်ခံမှု မဟုတ်ပေမဲ့ မြန်မာပြည်သူတွေ ကြွေးကြော်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီဟာ သူစွဲကိုင်ထားတဲ့ တရုတ်နည်းတရုတ်ဟန် ဆိုရှယ်လစ်စနစ် ဒီမိုကရေစီ စံနှုန်းစနစ်တွေနဲ့ မနီးစပ်ခြင်းက တော်လှန်ရေး အင်အားစုတွေကို နိုင်မြင်းအဖြစ် မသတ်မှတ်လိုတဲ့ အကြောင်းဖြစ်ပါလိမ့်မယ်။
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်နဲ့ အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်တို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ထုတ်ပြန်ခဲ့တဲ့အချက်တွေမှာ အောက်ပါအတိုင်း တွေ့ရှိရပါတယ်။
“တရုတ်နိုင်ငံသည် တရုတ်ပုံစံခေတ်မီမှုဖြင့် တရုတ်အမျိုးသား မွန်မြန်သောပြန်လည်နှိုးထမှုကို ဘက်စုံဖော်ဆောင်နေသည်။ တရုတ်နိုင်ငံသည် ကိုလိုနီနယ်ချဲ့သော လမ်းကြောင်းဟောင်းကို လျှောက်လှမ်းမည် မဟုတ်သကဲ့သို့ အင်အားကြီးသောနိုင်ငံသည် ဗိုလ်ကျသည်ဟူသော လမ်းကြောင်းအမှားကိုလည်း လျှောက်လှမ်းမည် မဟုတ်ပါ။ အတွေးအခေါ်ပိုင်းဆိုင်ရာပို့ချမှု မလုပ်ဆောင်သကဲ့သို့ မည်သည့်နိုင်ငံနှင့်မဆို အတွေးအခေါ်ပိုင်းဆိုင်ရာ အတိုက်အခံပြုလုပ်မှုလည်း လုပ်ဆောင်မည် မဟုတ်ပေ။”လို့ ဖော်ပြထားပါတယ်။
အတွေးအခေါ်ပိုင်းဆိုင်ရာပို့ချမှု မလုပ်ဆောင်ပေမဲ့ တရုတ်ဟာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လာရင် နိုင်မြင်းကိုလောင်းမယ့် အိမ်နီးချင်းနိုင်ငံတစ်နိုင် မဟုတ်ပဲ စစ်ကောင်စီကို ပြိုင်မြင်းအဖြစ် မွေးမြူထားချင်တဲ့ နိုင်ငံကြီးတစ်နိုင်ငံအဖြစ် ပိုပြီးမြင်တွေ့လာရတာ ဖြစ်ပါတယ်။ ဒါဟာ အတွေးအခေါ်စနစ်တွေအရ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေကို အလေးထားတဲ့ ပြည်သူ့အစိုးရဖြစ်သွားရင် ၎င်းလိုလားတဲ့ စီမံကိန်းတွေကို မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နိုင်ဖို့ ထင်သလော လိုရာခရီးရောက်နိုင်ပါ့မလားလို့ စိုးရိမ်နေတာလား၊ ဒါမှမဟုတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံနဲ့ အိမ်နီးနားချင်း မဖြစ်ချင်တာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဒီလိုအနေအထားမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သာမက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့တောင် တရုတ်အစိုးရက နီးလျက်နဲ့ဝေးဖြစ်နေရတယ်လို့ ထင်ပါတယ်။ NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က စက်တင်ဘာလ ၂၈ ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလိုပြောခဲ့ပါတယ်။
“ကျမတို့ မြန်မာပြည်အရေးဟာ အမေရိကန်နဲ့ တရုတ်ကြားမှာ ကြားညှပ်ပြီးတော့ sandwich ကြားက cheese လိုတော့ အဖြစ်မခံနိုင်ဘူးဆိုတာ ကျမနှစ်နိုင်ငံလုံးကို ပြောတယ်။ အခုလည်းထပ်ပြောရလိမ့်ဦးမယ် ပေါ့နော်။ ဆိုတော့ ဘယ်သူဘယ်သူ့ကိုမှ Please ဖြစ်အောင် ကျမတို့ လုပ်နေတာမဟုတ်ဘူး။ ကျမတို့ နိုင်ငံခြားရေးမူဝါဒဆိုတာ နိုင်ငံတိုင်းမှာ ကိုယ့်အမျိုးသား အကျိုးစီးပွားအတွက်ပဲ အဓိကထားပြီး လုပ်ကြတယ်။ အဲ့တော့ ကိုယ့်အမျိုးသား အကျိုးစီးပွားကို ဖော်ဆောင်တဲ့နေရာမှာ ဒေသတွင်းမှာပဲဖြစ်ဖြစ်၊ ကမ္ဘာ့တစ်ခြားနိုင်ငံတွေကိုပဲဖြစ်ဖြစ်၊ Negative Impact မဖြစ်အောင် လုပ်ရတယ်။ ဆိုတော့ ကျမတို့တာကို အာမခံနိုင်တယ်။ ကျမတို့နိုင်ငံရဲ့ အကျိုးစီးပွားကို ဖော်ဆောင်တဲ့နေရာမှာ ကျမတို့အိမ်နီးနားချင်း နိုင်ငံတွေအတွက်ကော အိမ်နီးနားချင်းကောင်း ပီသအောင် ကျမတို့နေမယ်။ လုပ်မယ်၊ ကိုင်မယ်။ အနာဂါတ်အတွက်လည်း အာမခံတယ်ဆိုတာ ပြောထားပြီးသား ဖြစ်တယ်ပေါ့နော်။ အဲ့တော့ ယုံကြည်စိတ်ချနိုင်ဖို့ဆိုလို့ရှိရင်တော့ ပြည်သူလူထုကိုသာ အနိုင်ပေးလိုက်၊ ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးစနစ် မြန်မာပြည်မှာ ပေါ်လာတဲ့အခါကျရင် အဲ့ဒီစနစ်ဟာ ကျမတို့အိမ်နီးနားချင်းနိုင်ငံတွေ အထူးသဖြင့် တရုတ်စိုးရိမ်နေတဲ့ဟာကို ကျမတို့ ဘယ်လောက်လျှော့ချနိုင်မလဲ၊ ဘယ်လောက်ထိ တရုတ်ရဲ့ အကျိုးစီးပွားကို မြင့်တင်နိုင်မလဲဆိုတာကို လက်တွေ့သိရပါလိမ့်မယ်လို့ပဲ ကျမပြောချင်ပါတယ်။”
ပြည်သူအား ဗဟိုပြုမှုကို လိုက်နာရမည်ဆိုရင်
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး ထုတ်ပြန်ခဲ့တဲ့ “တရုတ်နိုင်ငံ၏ ဒီမိုကရေစီ” စက္ကူဖြူစာတမ်းထဲက အဓိကအကြောင်းအရာတွေဆိုပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ပြန်လည်ဖော်ပြခဲ့တဲ့အချက် (၂) မှာ အခုလိုပါရှိပါတယ်။
“ပြည်သူလူထု၏ သဘောဆန္ဒဖြင့် ဆောင်ရွက်ခြင်းသည် တရုတ်ဒီမိုကရေစီ၏ အနှစ်သာရနှင့် အဓိကအချက်အချာ ဖြစ်သည်။”လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ နေ့ညက ကျင်းပခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲမှာ သမ္မတရှီကျင့်ဖျင် ပြောခဲ့တဲ့ စကားထဲမှာလည်း “ပြည်သူအား ဗဟိုပြုမှုကို လိုက်နာရမည်”ဆိုတဲ့အချက် ပါနေတာကို တရုတ်သံရုံးရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့အချက်တွေကနေ သိရပါတယ်။
အမှန်တကယ်တော့ မြန်မာပြည်သူတစ်ရပ်လုံးဟာ စစ်အာဏာရှင်စနစ်ကို နစ်ပေါင်းများစွာ တော်လှန်နေခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီအာဏာရှင်ကို တော်လှန်လာခဲ့တဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းလှည့်ကြည့်တဲ့အခါမှာလည်း လက်နက်ကိုင်တော်လှန်ရေးကို အလွယ်တကူ ဦးစားပေးရွေးချယ်ခဲ့ကြတာ မဟုတ်ပဲ အကြမ်းမဖက်ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့တောင်းဆိုလို့ မရတဲ့အဆုံးမှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တစ်ညီတစ်ညွတ်တည်း မလွဲမရှောင်သာ ရွေးချယ်ခဲ့ရတဲ့ လက်နက်ကိုင် တော်လှန်ရေးဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကို လက်ရှိတော်လှန်ရေးထဲ ပါဝင်နေတဲ့ ခေါင်းဆောင်တွေရော လူငယ်တွေရော အများသိအောင် ပြောဆိုကြပြီးသား ဖြစ်ပါတယ်။
၁၉၈၈ အရေးအခင်းမှာ ကျောင်းသားလူငယ်တွေ လက်နက်ကိုင်တော်လှန်တဲ့ ကျောင်းသားတပ်မတော် ပေါက်ပေါက်ခဲ့ပေမဲ့ မြန်မာပြည်သူအများစုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အကြမ်းမဖက်လမ်းစဉ်ကို ထောက်ခံခဲ့ကြပြီး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ နိုင်ငံရေးအအဖြေရှာရေးကို အတိုက်အခံတွေဘက်က အစဉ်တစိုက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း နှစ်ပေါင်းများစွာကြာပြီးနောက်မှ စစ်တပ်က ၎င်းအသာစီးအုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အမည်ခံဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကို ခင်းပြခဲ့ပါတယ်။ လမ်းမှန်မဟုတ်မှန်း အတိုက်အခံတွေဘက်က သိခဲ့ကြပေမယ့် အခြားပိုကောင်းတဲ့ ရွေးချယ်စရာလမ်းမရှိတော့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးချယ်ခဲ့ရတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို လိုလားမှု၊ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းလိုမှုကို စိုးရိမ်းအားကြီးလာတဲ့ စစ်တပ်ကြောင့် အာဏာသိမ်းမှု ထပ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီအာဏာသိမ်းမှုကိုလည်း လူပင်လယ်တွေဖြစ်တဲ့အထိ ပြည်သူတွေက မိမိတို့ရဲ့ဆန္ဒကို အကြမ်းမဖက်တဲ့နည်းနဲ့ ပြသတောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေရဲ့ ရက်စက်တဲ့နှိမ်နှင်ဖြိုခွင်းမှုတွေကြောင့် နောက်ဆုံးလက်နက်ကိုင် တော်လှန်ရတဲ့ အခြေအနေသို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီဥက္ကဌကတော့ ပြည်သူတွေထောက်ခံနေတဲ့ တော်လှန်ရေးကို လေထဲကအလုပ်လို့ ၂၀၂၁ ခုနှစ် မေ ၂၀ ရက်နေ့မှာ Phoenix သတင်းမီဒီနဲ့ တွေ့ဆုံမေးမြန်ခဲ့စဉ်က ဖြေကြားခဲ့ပါတယ်။
နိဂုံးချုပ်ရရင် နောက်ဆုံးဖြစ်ပေါ်လာတဲ့ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ အရင်ကတည်းကရှိနေပြီးသား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ တော်လှန်ရေးတိုက်ပွဲ အရှိန်အဟုန်အားကောင်းပြီး ခရီးရောက်လာခြင်းဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ထောက်ခံမှုရရှိထားလို့ ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးကို ပြည်သူလူထု ရွေးချယ်ခဲ့ရတာကလည်း သမိုင်းထဲကသင်ခန်းစာယူပြီး စစ်အာဏာရှင်စနစ်ကို အနိုင်ရဖို့ အဖြစ်နိုင်ဆုံးနည်းလမ်းကို ရွေးချယ်ရခြင်းလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံကြီး တရုတ်အနေနဲ့ အာဏာရှင်ကို နိုင်ငံရေးပြိုင်မြင်းအဖြစ် မွေးနေတာကိုရပ်ပြီး၊ ပြည်သူထောက်ခံပြီး ပြည်သူဗဟိုပြုတဲ့ တော်လှန်ရေးကို မကူညီချင်နေ မနှောင့်ယှက်ရင်တောင် မြန်မာပြည်သူတွေက ပေါက်ဖော်ကြီးကို နားလည်ပေးနိုင်မယ်လို့ ထောက်ပြချင်ပါတယ်။