ဘေးကျပ်နံကျပ်ဖြစ်နေရတဲ့ ကချင်လူငယ်တွေနဲ့ ပူပင်စရာ အနာဂတ်လား
–
စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား ထိခိုက်ခံစား ဒုက္ခရောက်စေတယ်လို့ လူငယ်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။ ထို့အတူ ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်း ဖြတ်တောက်မှုကြောင့်လည်း လူငယ်တွေဟာ ပညာရေး၊ အလုပ်အကိုင်နဲ့ စီးပွားရေး အခွင့်အလမ်းတွေကို လက်လွတ်ဆုံးရှုံးခဲ့ရသူတွေ များလာတာကို ကာယကံရှင် လူငယ်တွေနဲ့ မိဘတွေက ပြောဆိုခဲ့ကြပါတယ်။
▪︎ လူငယ်တွေကို ကျုံးသွင်းလိုက်တဲ့ ဥပဒေ
စစ်မှုထမ်းဥပဒေ အသက်သွင်းကြောင်း ထုတ်ပြန်ပြီးနောက် ရက်အနည်းငယ်အကြာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး၊ ကချင်ပြည်နယ် နေရာအချို့မှာ ခရီးသွားလူငယ်တွေကို ရှောင်သခင် စစ်ဆေးဖမ်းဆီးတာတွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကတစ်ဆင့် နေအိမ်တွေကို စစ်မှုထမ်းဆင့်ခေါ်စာ ပို့တာတွေ ပြုလုပ်လာတယ်လို့ လူငယ်အရေး တက်ကြွလှုပ်ရှားသူ ကချင်လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသလို သတင်းမီဒီယာတွေကလည်း ဖော်ပြခဲ့ကြပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီအုပ်ချုပ်တဲ့ မြို့နဲ့ကျေးရွာတွေမှာနေထိုင်ပြီး ပညာသင်ယူလေ့လာနေတဲ့ လူငယ်တွေ၊ NGOs၊ CSOs တွေမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေ၊ မိသားစုစားဝတ်နေရေး အခက်အခဲ ဖြေရှင်းရန် ဝင်ငွေရရှိဖို့ အလုပ်လုပ်နေတဲ့ လူငယ်တွေဟာ အရင်လို ကိုယ့်မြို့ကိုယ့်ကျေးရွာမှာ နေထိုင်ပြီး အလုပ်လုပ်ဖို့အတွက် စိုးရိမ်မှုများစွာနဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ အဆိုပါ ကချင်လူငယ်ခေါင်းဆောင်ကပဲ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်သလို တစ်ဖက်မှာလည်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ မိန့်ခွန်းတွေမှာလည်း လူငယ်တွေ တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ လာရောက်ပူးပေါင်းပါဝင် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်တဲ့အချက်တွေ ပါရှိခဲ့ပါတယ်။ ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော် ကလည်း “စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်သည်မှာ ရက်ပေါင်း (၄၀) ရှိပြီဖြစ်သည်။ အိမ်အပြင်မထွက်ဘဲနေနေလျှင် လုံခြုံမည်ဟု ယူဆသူ အများအပြားရှိသည်ကို သုံးသပ်ရသည်။ ယခုဆိုလျှင် အိမ်တိုင်ရာရောက် ဆင့်ခေါ်စာပို့ပြီး ခေါ်ဆောင်သည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ဆုံးဖြတ်ချက်ချရမည့်အချိန် ကျော်လွန်သွားပါက ပြင်ဆင်ခွင့်မရနိုင်သော ခရီးကြမ်းတွင် လျှောက်လှမ်းကြရမည်ကို သတိပေးလိုပါသည်။”လို့ မတ်လ ၂၀ ရက်နေ့က ၎င်းရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ သတိပေးခဲ့ပါတယ်။
အဲ့ဒါကြောင့် လူငယ်တွေဟာ တော်လှန်ရေးဘက် သွားရမလား၊ မိမိပညာရေးနဲ့ အလုပ်တွေကို ဆက်လုပ်ရမလား၊ စိတ်ဆုံးဖြတ်ချက် ချရန်အတွက် အလွန်ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ အသင်းတော်လူငယ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းမှာကို စိုးရိမ်နေရတာကြောင့် လူငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေများလာရပြီး၊ ရုပ်ပိုင်းဆိုင်ရာအထိ ကျန်းမာရေး ထိခိုက်မှုတွေကို တွေ့ကြုံနေရတယ်လို့ အသင်းတော် လူငယ်ခေါင်းဆောင်က ဆက်ပြောပါတယ်။
စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထဲ ဝင်ရောက်လာတဲ့ လူငယ်တစ်ဦးက အခုလို ပြောပါတယ်။
“အရင်ကတော့ စစ်မတိုက်ချင်လို့ တော်လှန်ရေးဘက် မသွားခဲ့ဘူး။ စစ်မှုထမ်းဥပဒေထုတ်လိုက်တော့ တော်လှန်ရေးဘက်သွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီမှာ စစ်မှုထမ်းဖို့ထက် ကိုယ့်လူမျိုးလွတ်လပ်ဖို့အတွက် တော်လှန်နေတဲ့ဘက်သွားပြီး စစ်မှုထမ်းတာက ပိုကောင်းတယ်လို့ ခံယူလို့လေ။”လို့ အဆိုပါလူငယ်က သူ့ရဲ့ရွေးချယ်ဆုံးဖြတ်ချက်ကို ပြောပြပါတယ်။
စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ၂၀၁၀ ခုနှစ်က နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က ရေးဆွဲခဲ့တဲ့ဥပဒေ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ တောက်လျှောက် တိုက်ပွဲတွေရှိခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး (USDP) ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်နဲ့ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်တွေမှာ အတည်ပြုခြင်း မရှိခဲ့ပါ။ ဒါပေမဲ့ စစ်ကောင်စီက အာဏာသိမ်း (၃) နှစ်ပြည့်ပြီးတဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အတည်ပြု အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။
▪︎ လူငယ်တွေကို ကမ္ဘာ့ရွာအပြင်သို့ တွန်းပို့နေတဲ့ ဖြစ်ရပ်များ
၂၀၁၉ နှစ်မှာ ပြန့်နှံ့ကူးစက်ခဲ့တဲ့ ကိုဗစ်ရောဂါကပ်ဘေးကြောင့် လူငယ်တွေဟာ လအနည်းငယ်ခန့်ကြာ ပညာရေး လေ့လာသင်ယူခွင့် ရပ်တန့်သွားခဲ့ရပါတယ်။ ထိုအချိန်ကစပြီး လူငယ်တွေဟာ အင်တာနက်ကနေ မိမိတို့ရဲ့ အနာဂတ်အတွက် အွန်လိုင်းပညာရေးနဲ့ အွန်လိုင်း စီးပွားရေးဘက်သို့ အစပြု ခြေဆန့်လာနိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂၀၂၀ ကနေ ၂၀၂၄ အင်တာနက်လိုင်း မပြတ်သေးတဲ့အချိန်ထိ အချို့လူငယ်တွေဟာ အွန်လိုင်းကနေ နိုင်ငံတကာ ကျောင်းတွေတက်ပြီး၊ ဘွဲ့ဒီဂရီရရှိသူတွေရှိလာကြသလို၊ အချို့လည်း အွန်လိုင်းအခြေခံတဲ့ တစ်နိုင်တစ်ပိုင် ဝင်ငွေရတဲ့ အလုပ်အကိုင်တွေစတင်လာပြီး အထိုက်အလျောက် ဝင်ငွေရတဲ့ အသေးစားစီးပွားရေး လုပ်ငန်းတွေ ဖြစ်လာကြတာတောင် ရှိနေကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပါတယ်။
ဒီလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတာကြောင့် လုပ်ငန်းအပေါ်ထိခိုက်လာပုံကို မြစ်ကြီးနားမှာ Delivery ဝန်ဆောင်မှု လုပ်ငန်းတစ်ခုကို ဦးဆောင်နေတဲ့ လူငယ်တစ်ဦးက အခုလိုပြောပါတယ်။
“ဒီ Delivery အလုပ်ကို ၂၀၂၀ နှစ် ကိုဗစ်အချိန်က တစ်ယောက်တည်း လုပ်ခဲ့ဖြစ်တယ်။ ဒါပေမဲ့ အာဏာသိမ်းမှုဖြစ်ချိန်မှာ ခဏရပ်ထားခဲ့ရတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ကမှ ဝန်ထမ်း ၁၀ ကျော်ကို အလုပ်ပေးပြီးတော့ အကောင်ထည်ဖော်လာတာ၊ အခု ၅၀ ကျော်လောက်ရှိပြီ။ အခုလို ဖုန်းလိုင်း၊ အင်တာက်နက်လိုင်း မရှိတော့ သူတို့ကို ဘယ်လိုလုပ်မလဲ မသိတော့ဘူး။”လို့ လုပ်ငန်းကို ဦးဆောင်သူ လူငယ်က ပြောပါတယ်။
ဒီလို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရတာကြောင့် လူငယ်တွေဟာ ၎င်းတို့အွန်လိုင်းကနေ တက်ရောက်သင်ယူနေတဲ့ ပညာရပ်တွေကို ဆက်ပြီးလေ့လာဆည်းပူးသင်ယူနိုင်ဖို့ အခက်အခဲကြုံတွေ့ လာရပါတယ်။ လူငယ်တစ်ချို့က ၎င်းတို့ရဲ့ ပညာရေးကို ဆက်မသင်ယူနိုင်တော့ဘဲ လက်လွတ်ဆုံးရှုံးရတဲ့ အထိဖြစ်လာတယ်လို့ ဝိုင်းမော် စစ်ရှောင်စခန်းတစ်ခုမှာ ခိုလှုံနေတဲ့ အသက် (၂၀) နှစ်ကျော် လူငယ်တစ်ဦးက ပြောပါတယ်။ အဆိုပါ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်သွားတာကြောင့် ကိုယ်တိုင်အွန်လိုင်းကနေ ဒီပလိုမာအတန်းတစ်ခု တက်ရောက်သင်ယူနေတာ ရပ်တန့်လိုက်ရသလို၊ စစ်ရှောင်စခန်းမှာ အတူတူခိုလှုံနေတဲ့ သူငယ်ချင်းလည်း ဒေသအခြေပြုကျောင်းတစ်ခုမှာ ဆရာမလုပ်ရင်းနဲ့ သင်ကြားရေးဆိုင်ရာ ဘွဲ့ဒီဂရီအတွက် တက်ရောက်နေတဲ့ အွန်လိုင်းအတန်းကို ရပ်နားလိုက်ရတယ်လို့ အဆိုပါစစ်ရှောင်လူငယ်က ပြောပါတယ်။
ထို့အတူ မြစ်ကြီးနားမြို့အတွင်း KPAY ငွေထုတ်ငွေသွင်းလုပ်တဲ့အပြင် အွန်လိုင်း လူမှုကွန်ရက်တွေမှာ ကြေညာစာရေးပေးခြင်း (Content Writer)၊ We chat အကောင့်ဖွင့်ပေးခြင်းနဲ့ Delivery ပို့တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ လူငယ်တွေကလည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်သွားတာကြောင့် သူတို့ရဲ့ တစ်နိုင်တစ်ပိုင် ဝင်ငွေရတဲ့အလုပ်တွေ ရပ်နားခဲ့ရတယ်လို့ ကိုယ်တိုင်လုပ်ကိုင်ခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ အလားတူ အွန်လိုင်းကနေ ဈေးရောင်းပြီး ကိုယ်ပိုင်စီးပွားရေး လုပ်နေတဲ့ လူငယ်တွေလည်း ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တောက်မှုကြောင့် စီးပွားပျက်ဆုံးရှုံးမှုတွေ ကြုံခဲ့ရတယ်လို့ မြစ်ကြီးနားမြို့က ကချင်အထည်တွေကို တရုတ်ပြည် အွန်လိုင်းလူမှုကွန်ရက် We chat ကနေ ချိတ်ဆက် ဝယ်ရောင်းလုပ်နေတဲ့ အသက် (၂၀) နှစ်ကျော် အမျိုးသမီးလူငယ်က ပြောပါတယ်။
▪︎ ဒုက္ခတွေကို ကျော်ဖြတ်နေကြတဲ့ လူငယ်များ
လူငယ်တွေဟာ စစ်မှုထမ်းဥပဒေကနေ လွတ်မြောက်ဖို့ နိုင်ငံခြားကိုထွက်တာ၊ စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေကို ပြန်တက်တာ၊ တော်လှန်ရေးဘက်သွားတာ၊ ကချင်အထူးဒသ (၁) နယ်မြေဖြစ်တဲ့ ပန်ဝါမြို့ဘက် အလုပ်သွားလုပ်တာ (အခုတော့ KIA သိမ်းပိုက်ပြီး မြေရှားသတ္တုလုပ်ကွက်တွေလည်း ရပ်နားထားရပြီ ဖြစ်ပါတယ်။) စတဲ့နည်းလမ်းမျိုးစုံနဲ့ ရှောင်တိမ်းဖို့ ကြိုးစားဖြေရှင်းခဲ့ကြတယ်လို့ သိရပါတယ်။ အထူးသဖြင့် စစ်မှုထမ်းဥပဒေကြောင့် ကချင်ပြည်နယ်မှာ နိုင်ငံခြားထွက်ဖို့ ဆုံးဖြတ်တဲ့လူငယ်တွေ ပိုပြီးသိသာထင်ရှား များလာတယ်လို့ ကိုယ်တိုင်သားဖြစ်သူကို နိုင်ငံခြားပို့ခဲ့တဲ့ မိခင်တစ်ဦးက ပြောပါတယ်။ မိဘတွေကလည်း သားသမီးတွေ လက်ရှိ အခြေအနေမှာ လုံခြုံမှုမရှိပဲ ပညာရေး၊ အလုပ်အကိုင် စတဲ့ အခွင့်အလမ်းတွေ မရှိတာကြောင့် နိုင်ငံခြားထွက်သွားတာက အကောင်းဆုံး ဖြေရှင်းနည်းလို့ ခံယူလာကြတယ်လို့ အဆိုပါမိခင်ကပဲ ဆက်ပြောပါတယ်။
“ဒီအခြေအနေမှာ ကျွန်မတို့ မိဘတွေ အနေနဲ့ကတော့ ပိုက်ဆံရှိလည်းမရှိလည်း ကိုယ့်ကလေးတွေကို နိုင်ငံခြားပဲ ပို့လိုက်ချင်တယ်။ ပိုက်ဆံဘယ်လောက်ကုန်ရင် ကုန်ပါစေ၊ အိမ်က စည်းစိမ်တွေ ကုန်ရင်ကုန်ပါစေ၊ ဒီလို နိုင်ငံမှာကိုယ့်ရဲ့ ကလေးတွေ ဒုက္ခေရောက်နေတာကို မကြည့်ရက်ဘူး။ ဒီလိုဖြေရှင်းတာက ကောင်းတယ်လို့ မြင်တယ်။”လို့ သားကို နိုင်ငံခြားပို့ခဲ့တဲ့ မိခင်က ပြောပါတယ်။
ဒါ့အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်သွားပြီးနောက် တစ်ချို့လူငယ်တွေက ပညာရေးကို ဆက်လက်သင်ယူနိုင်ဖို့ (သို့မဟုတ်) မိမိရဲ့ အလုပ်အကိုင်စီးပွားရေး ဆက်လုပ်နိုင်ဖို့ ငွေကြေးအများအပြား ကုန်ကျခံပြီး ရန်ကုန်၊ မန္တလေးသို့ ပြောင်းရွှေနေထိုင်လာကြသူတွေလည်း ရှိကြပါတယ်။ ထိုသို့ ပြောင်းရွှေနေထိုင်ရန်အထိ ငွေကြေးမတတ်နိုင်တဲ့ တစ်ချို့လူငယ်တွေကတော့ တစ်နာရီ ၂၅၀၀၀ ကျပ်ပေးပြီး သုံးစွဲရတဲ့ အင်တာနက်ဆိုင်တွေမှာသွားပြီး ၎င်းတို့ရဲ့ ပညာရေးနဲ့ စီးပွားရေးအတွက် ရုန်းကန်နေရကြောင်းလည်း သိရပါတယ်။
▪︎ အနာဂတ်ခေါင်းဆောင်တွေရဲ့ ပူပင်စရာ အနာဂတ်လား
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် စစ်အာဏာရှင်အဆင့်ဆင့်ရဲ့ အာဏာသိမ်းမှုတွေကြောင့် ပညာရေး၊ စီးပွားရေးတွေမှာ အလွန်နောက်ကျခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းလောက်ကျမှ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ လူတိုင်းအလွယ်တကူ သုံးစွဲလာနိုင်ပြီး၊ လူငယ်တွေလည်း ကမ္ဘာကြီးနဲ့ ထိတွေ့ မှုရရှိလာသလို ကိုယ်ဝါသနာပါ၊ စိတ်ဝင်စားတဲ့ နယ်ပယ်တွေကို လေ့လာလိုက်စားသင်ယူဖို့ အခွင့်အလမ်းတွေ ပိုမိုရရှိလာကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး ဖုန်းလိုင်း အင်တာနက်လိုင်းတွေလည်း ပိတ်ပင်ခံထားရတာကြောင့် လူငယ်တွေရဲ့ အနာဂတ် ရည်မှန်းချက် ပန်းတိုင်တွေ ပျောက်ကွယ် ပျက်စီးသွားရတယ်လို့ လူငယ်တွေက ရင်ဖွင့်ခဲ့ကြပါတယ်။
“အခုလက်တွေ့မှာ ကျွန်မသူငယ်ချင်း တစ်ယောက်ကလည်း ဂီတပညာကို အရူးအမူး စိတ်ဝင်စားတာ၊ ဒါပေမဲ့ အခုလို စစ်မှုထမ်းဥပဒေတွေ ထုတ်လာတာကြောင့် ဝါသနာကို မလိုက်နိုင်တော့ဘူး။ ဒီနိုင်ငံခြားကို ထွက်လာပြီး ရတဲ့အလုပ်လုပ်ဖို့ ပြောလာတယ်။”လို့ နိုင်ငံခြားရောက် လူငယ်တစ်ဦးက ပြောပြပါတယ်။
ဒါ့အပြင် ဒီလို နိုင်ငံခြားကို အလုပ်လုပ်ဖို့ ထွက်သွားတဲ့ လူငယ်တွေများလာရင် ကချင်ပြည်နယ်မှာ လူငယ် အရင်းအမြစ် ဆုံးရှုံးလာရသလို၊ အနာဂတ်မှာ ကချင်ပြည်နယ်ကို လက်ဆင့်ကမ်းယူမယ့် ခေါင်းဆောင်တွေလည်း ပျောက်ကွယ်သွားမှာကို စိုးရိမ်တယ်လို့ သူမကပဲ ဆက်ပြောပါတယ်။