ရာတနာမြေပေါ်တွင် ဘဝ အသက်ရှူကြပ်လာသည့် ပြည်သူများ
ဆောင်းပါး။ 8 August 2022 – Kachinwaves
စစ်တပ်အာဏာသိမ်းပြီးနောက် သံယံဇာတများကို အဆင်အခြင်မဲ့ အလွန်အကျွံတူးဖော်လာခြင်းက သံယံဇာတပေါကြွယ်ဝသော ကချင်ပြည်နယ်အတွက် စိုးရိမ်စရာဖြစ်လာသည်။
တရားဥပဒေစိုးမိုးမှု လုံးဝမရှိတော့သည့်အတွက် တရားမဝင် ကျောက်စိမ်း၊ ရွှေ၊ မြေရှားသတ္တု စသည့် သံယံဇာတတူးဖော်မှုများသည် ကျေးရွာနယ်မြေများအထိ ကျူးကျော်တူးဖော်မှုများ ပြုလာသည်။
- ရွှေတူးဖော်မှု
တရားမဝင်စည်းကမ်းမဲ့ ရွှေတူးဖော်မှုများသည် အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် နေရာအနှံ့တွင် အထိန်းအကွပ်မဲ့ တရားလက်လွတ် တူးဖော်လာကြခြင်း ဖြစ်သည်။ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသသည် ကချင်ပြည်နယ်တွင် တရားမဝင် ရွှေတူးဖော်မှုအများဆုံးရှိနေသည့် ဒေသဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ပြောကြသည်။
အင်းတော်ကြီးဒေသ မိုင်းနောင်၊ လုံးတုံ၊ မမုန်ကိုင်စသည့် ကျေးရွာများ၏ ကျေးရွာနယ်မြေများတွင် ဘက်ဖိုး (Backhoes) စသည့် စက်ယန္တယားကြီးများဖြင့် တူးဖော်နေသလို မိုးညှင်း – ဖားကန့် ကားလမ်းမနှင့် ပေ ၂၀ ခန့်အကွာအဝေးသာရှိသည့် နေရာများတွင်လည်း ရွှေတူးဖော်နေကြသည်ဟု အင်းတော်ကြီးဒေသခံတစ်ဦးက ပြောသည်။
“အဓိကတော့ နန့်ရင်းခကြိုးဝိုင်းဆိုတဲ့ ဘေးမဲ့ကြိုးဝိုင်းထဲမှာ များတာပေါ့လေ၊ အာဏာသိမ်းပြီးတဲ့နောက်မှာ အစိုးရရဲ့ စိုက်ခင်းတွေပါ မကျန်၊ အကုန်တူးလိုက်ကြတာပေါ့။ ဘယ်အဖွဲ့အစည်းမှ တာဝန်ယူမယ့် အဖွဲ့အစည်းမရှိ၊ အဲလိုမျိုးဖြစ်လာတာပေါ့လေ။”ဟု အင်းတော်ကြီးဒေသခံက ဆက်ပြောပြပါသည်။
အာဏာမသိမ်းမီကာလတွင် စိုက်ပျိုးရေး လုပ်ငန်းသုံးအတွက် ဘက်ဖိုး ၄၈ ပဲရှိခဲ့သည့် ၎င်းတို့၏ ဒေသ၌ ယခုဆိုလျှင် ရွှေတူးဖော်ရေးအတွက် ဘက်ဖိုး အစီးရေ ၃၀၀ နီးပါးရှိလာကြောင်း အဆိုပါဒေသခံကပဲ ဆိုပါသည်။
“စိုက်ပျိုးရေးအတွက် အဓိက မှီခိုနေရတဲ့ ချောင်းရေလည်း အခုဆိုရင် နွံတွေပဲဖြစ်နေပြီ။ လယ်ယာတွေလည်း လုပ်ကိုင်စားသောက်လို့ မရလာတော့၊ လယ်တွေရောင်းလာတာတွေအများကြီး ရှိလာတယ်”ဟု ဒေသခံတစ်ဦးဖြစ်သော ဦးဇော်ဦး (အမည်လွဲ)ကလည်း ဆိုပါသည်။
ဒေသခံများ၏ GPS တိုင်းတာချက်အရ အင်းတော်ကြီးဒေသတွင် ရွှေးတူးဖော်နေသည့် မြေဧရိယာသည် ဧက ၆၀၀၀ ခန့်ထိရှိနေပြီ ဖြစ်ကြောင်းလည်း ဆိုသည်။
“အခုက လယ်ယာတွေ ပျက်စီးတယ်၊ အင်းတော်ကြီးအိုင် ပျက်စီးမယ်၊ ချောင်းတွေပျက်စီးတယ်၊ လယ်ယာတွေလည်း လုပ်စားလို့ မရတော့ဘူး။ ပြဒါးရေတွေ သောက်နေရတော့ ကျန်းမာရေးတွေ မကောင်းလာဘူး။ အဆိုးဆုံးတစ်ခုက မူးယစ်ဆေးဝါးလည်း တအားပေါလာတယ်။ လောပန်းတွေက ကျင်းသား (အလုပ်သမား)တွေကို ပိုက်ဆံတောင် မပေးဘူး။ မူးယစ်ဆေးဝါးပေးပြီး ခိုင်းတာတွေ အများကြီးပဲ”ဟု မိုင်းနောင်ကျေးရွာက ကချင်အမျိုးသားတစ်ဦးက ဆိုသည်။
တရားမဝင် ရွှေတူးဖော်လုပ်ကွက်များမှ ရွှံ့နွံများသည် UNESCO မှ သတ်မှတ်ထားသော ဇီဝအဝန်းနယ်မြေ (Biosphere Reserve)၏ အစိတ်အပိုင်းဖြစ်သည့် အင်းတော်ကြီးအိုင်ထဲသို့ စီးဝင်၍ အိုင်သည် ယခင်လို မနက်တော့ပဲ ရေအိုင်အကျယ်အဝန်းလည်း ကျဉ်းလာသည်ဟု ဒေသခံများက ၎င်းတို့မြင်တွေ့နေရသည့် အင်းတော်ကြီးအိုင်၏ အခြေအနေကို ပြောပြကြသည်။
ယခင်က ဝါးလုံးရှည် ၁၈ ပြန်ကျယ်သည့်ရေမျက်နှာပြင်သည် ယခု ၁၂ ပြန်သာရှိတော့ပြီး ယခင်က အတောင် ၆၀ ကျော်နက်သည့် ရေအိုင်သည် ယခု အတောင် ၄၀ ကျော်သာနက်လာတော့ကြောင်း ပြောဆိုသည်။ အင်းတော်ကြီး ဘေးမဲ့တောနှင့် ပတ်ဝန်းကျင်ဒေသကို UNESCO ၏ ဇီဝအဝန်းနယ်မြေ (UNESCO Biosphere Reserve)အဖြစ် ၂၀၁၇ ခုနှစ်တွင် စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။ အင်းတော်ကြီးဒေသ၌ သာမက ကချင်ပြည်နယ် ဆွမ်ပရာဘွမ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ ပူတာအို၊ ရွှေကူ၊ ဗန်းမော်၊ ချီဖွေ စသည့်မြို့နယ်များ၏ နေရာတော်တော်များများတွင်လည်း ရွှေတူးဖော်နေကြသည်။
ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်လယ်များတွင် စက်ကြီးပိုက်အကြီးများဖြင့် နေ့ရောညပါ ရွှေတူးဖော်နေသည့် ရေမော်တော်ယာဉ်များကိုလည်း ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့၌ ဒေသခံပြည်သူများနှင့် ရဟန်းသံဃာများက သွားရောက်မောင်းထုတ်ခဲ့ရသည်ဟု ဆိုသည်။
“သံခွံတွေနဲ့ မော်တော်အကြီးတွေ စက်အားအကြီးတွေ ပိုက်အကြီးတွေနဲ့ နေ့ည မောင်းကြတာ၊ ဆရာတော်သံဃာတော်တွေနဲ့ မြို့လူထုက မခံရပ်နိုင်ကြတော့လို့ သွားကန့်ကွက်တားဆီးကြတာ”ဟု ရွှေကူမြို့ခံတစ်ဦးက ဆိုသည်။
ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်များတွင်လည်း နေရပ်စွန့်ခွာ စစ်ဘေးဒုက္ခသည်များ၏ နေရပ်ဒေသများပါမရှောင် အကြီးအကျယ် တူးဖော်နေကြကြောင်း အမည်မဖော်လိုသည့် ဒေသခံများက ဆိုသည်။ ဧရာဝတီမြစ်၌ တူးဖော်သလို ချောင်းရေများတွင်လည်း တူးဖော်နေကြသည်။
“အခု မိုးတွင်းမို့လို့ နည်းနည်းနားနေကြတာ နွေ၊ ဆောင်းဆိုရင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သာမက မြစ်ကမ်းတလျှောက်လည်း ရွှေတူးတဲ့နေရာတွေပဲ မြစ်ကမ်းအလှတွေတောင် အကုန်ပျက်စီးလာပြီ။”ဟု မြစ်ကြီးနားဒေသခံ ဦးဂမ်အောင် (အမည်လွဲ)က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့်အစိုးရ လက်ထက် ၂၀၂၀ ခုနှစ် မေလအထိ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန၏ စာရင်းအရ ကချင်ပြည်နယ်၏ မြို့နယ် ၁၁ ခုတွင် အသေးစားရွှေလုပ်ကွက် (၂၂၃)ကွက်နှင့် လက်လုပ်လက်စားရွှေလုပ်ကွက် (၂၆၂)ကွက်ကို တရားဝင်ချပေးခဲ့သော်လည်း မြစ်ရေနှင့် ချောင်းရေထဲတူးဖော်ခွင့် မပေးထားသည့်အပြင် အင်းတော်ကြီးဒေသသည် ရွှေတူးခွင့်ပေးထားသည့် စာရင်းထဲ မပါရှိသည်ကို တွေ့ရသည်။
ယခင်အစိုးရ လက်ထက်တွင် ကချင်ပြည်နယ် သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းဥပဒေ၌ ပါရှိသည့်အတိုင်း မြစ်ချောင်းမှ ပေ ၃၀၀ အကွာအဝေးရှိသည့် နေရာများတွင်သာ တူးဖော်ခွင့်ရှိပြီး၊ တူးဖော်ချိန်နှင့် လုပ်ငန်းရုပ်သိမ်းသည့် အချိန်များတွင်လည်း စည်းကမ်းချက်များအတိုင်း ဖြစ်မဖြစ် အရပ်ဖက်၊ လုပ်ငန်းရှင်နှင့် အစိုးရတို့၏ စောင့်ကြည့်ထိန်းကွပ်မှုများ ရှိခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် ချောင်းများကို ပိတ်၍တူးဖော်သည်အထိ ဖြစ်လာသော်လည်း စောင့်ကြည့်ထိန်းကွပ်ပေးမည့်သူ မရှိတော့ကြောင်း ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါသည်။
စစ်ကောင်စီထိန်းချုပ်နယ်မြေများတွင် သာမက ကေအိုင်အို နယ်မြေများတွင်လည်း ရွှေတူးဖော်မှုများ ရှိနေသည်။ ကေအိုင်အို၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီအုပ်ချုပ်သည့် နယ်မြေများတွင် ကေအိုင်အို၏ စည်းမျဉ်းစည်းကမ်းများအတိုင်း အကောင်အထည်ဖော်ရန်ခက်ခဲပြီး၊ အာဏာသိမ်းသည့်နောက်ပိုင်းတွင် အဖွဲ့အစည်းတစ်ခုခုထံမှ တရားဝင် ခွင့်ပြုချက်မတောင်းဘဲ တူးဖော်နေကြသည့် စီးပွားရေးသမားများလည်း များလာသည်ဟု ဆိုသည်။ ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် စစ်ရှောင်ပြည်သူလူထု၏ မြေနေရာများကို အတတ်နိုင်ဆုံး ကာကွယ်ထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
စစ်ကောင်စီခန့် ကချင်ပြည်နယ်၏ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက ရွှေတူးဖော်မှုနှင့် ပတ်သက်၍ အသေးစိတ်မသိရှိကြောင်း ပြောပါသည်။
- ဖားကန့် ကျောက်စိမ်းတူးဖော်မှုနှင့် ပြည်သူများ
ယခင်ကတည်းကနေ ကျောက်စိမ်းတူးဖော်မှုများကြောင့် ကျေးရွာများပြောင်းရွှေ့ခံရမှုများရှိနေသည့် ဖားကန့်တွင် အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အတွင်း တရားမဝင် ကျောက်စိမ်းတူးဖော်မှုများကြောင့် အနည်းဆုံးကျေးရွာ ၁၀ ရွာထက်မနည်း ပြောင်းရွှေ့သွားရမည့် အလားအလာရှိနေသည်ဟု ဖားကန့်ဒေသခံများက ဆိုသည်။
၂၀၁၉ ခုနှစ် Covid-19 ရောဂါဖြစ်လာကတည်းက ရပ်နားထားသည့် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများသည် တူးဖော်ခွင့် သက်တမ်းပြန်တိုးပေးခြင်း မရှိသော်လည်း အာဏာသိမ်းပြီးနောက်တွင် နေ့ရောညပါ မရပ်မနား တရားမဝင် ပြန်လည်တူးဖော်လာကြသည်။
“အာဏာသိမ်းပြီးကတည်းက ပြန်တူးဖော်လာတာ ဖားကန့် နေရာတကာပါပဲ။ အခုချိန်တော့ မိုးတွင်းမို့ တချို့က နားနေကြတယ်။ အရင်ကထက်တော့ ပိုတိုးဖော်လာကြတယ်။ ဘာစည်းကမ်းမှ လိုက်နာစရာမလိုတော့ အကုန်အေးအေးဆေးဆေးပဲ လွတ်လွတ်လပ်လပ်ကို တူးဖော်လာတာ”ဟု ဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။
ကျောက်စိမ်းတူးဖော်မှုကြောင့် မှော်မုံ၊ ဖားပြင်၊ ဆဘော့၊ နမ့်မှော်၊ မှော်ဆီဇာ၊ ကုဋေရွာ၊ ဆွတ်အောင်၊ တောမှော်၊ ဝှေခါနှင့် သာယာကုန်း စသည့် ကျေးရွာများမှ အချို့ကျေးရွာများ ပြောင်းရွှေ့လိုက်ရပြီ ဖြစ်သည်။ ထို့အပြင် ကျန်နေသည့် ကျေးရွာများလည်း ပြောင်းရွှေ့သွားရမည့် အရေးဆိုက်နေကြောင်း အမည်မဖော်လိုသူ ကုဋေရွာဒေသခံတစ်ဦးက ဆိုသည်။
“ကုဋေရွာက အရင်ကတော့ ရေမီးအစုံ အေးအေးချမ်းချမ်း နေရတာပေါ့။ အခုကုမ္ပဏီတွေ စဝင်လာတော့ ကျနော်တို့ရွာက ပျက်သွားပြီ။ အရင်ကလိုမျိုး ပျော်ရွှင်စရာ မကောင်းတော့ဘူး။ ပတ်ဝန်းကျင်လည်း အကုန်ခွဲခွာသွားကြပြီ။ မပြောင်းချင်လည်း ပြောင်းလိုက်ရတော့ ဝမ်းနည်းရတယ်ပေါ့”ဟု ပြောင်းရွှေ့ရတော့မည့် အဆိုပါကုဋေရွာဒေသခံက ဆိုသည်။
ကုဋေရွာသည် အိမ်ထောင်ဦးရေ တစ်ထောင်ခန့်ရှိသည့် ရွာဖြစ်ပြီး ယခုဆိုလျှင် အိမ်ခြေ ၃၀၀ ခန့်က ရွှေ့ပြောင်းသွားရပြီဖြစ်ပြီး မိုးကုန်လို့ ကျောက်စိမ်း ပြန်တူးလျှင် အကုန်ပြောင်းရမည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။
ကုမ္ပဏီများနှင့် အာဏာပိုင်များက ဖိအားပေးသည့်အတွက် မပြောင်းပေး၍လည်း မရသည့်အခြေအနေကြောင့် မိမိနေအိမ်များကို ရောင်းပြီးပြောင်းသွား လိုက်ရခြင်းဖြစ်ကြောင်း ဆိုသည်။
အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွာလာသည်မှာ အာဏာပိုင်များနှင့် နီးစပ်သူများသာ လုပ်ကိုင်စားသောက်၍ အဆင်ပြေပြီး သာမန် ဖားကန့်ဒေသခံပြည်သူများက ယခင်က ကျောက်ဝင်ရှာခွင့်ရသည့် လုပ်ကွက်များ မှာတောင် ယခုဆိုလျှင် ဝင်ရှာခွင့်မရှိတော့ကြောင်း ဒေသခံတစ်ဦးက စိတ်ပျက်လက်ပျက် ပြောသည်။
“အရင်က ဝင်လို့ရတဲ့နေရာတွေတောင် အခုကဝင်လို့ မရဘူး။ ဒေသခံတွေက လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာတယ်။ ဘာလုပ်စားရမလဲတောင် မသိတော့ဘူး။ ကျေးရွာတွေပြောင်းဖို့ ဖိအားပေးလာတော့လည်း ကျနော်တို့က ပြောင်းပေးရတာပဲ ဘာမှမတတ်နိုင်ဘူး။ ဘယ်သူ့ကိုမှ သွားပြောလို့ မရဘူး။”ဟု ဖားကန့် ဒေသခံက ဆိုသည်။
ယခင်ကာလတွင် ကုမ္ပဏီများ မတရားလုပ်ကိုင်လာလျှင် ပြည်သူများက ဆန္ဒပြတောင်းဆိုနိုင်ခဲ့သော်လည်း ယခုအချိန်တွင် အကုန်လုံးကို ကြောက်နေရသည့်အတွက် ငြိမ်သက်ပြီး နေထိုင်နေရသည်ဟု ပြောသည်။ မိုးတွင်းကုန်လို့ ပြန်တူးလာချိန်ရောက်ရင် ဖားကန့်က နေရာတော်တော်များများ ကုန်သွားတော့မည်ဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
ဖားကန့်မြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းကလည်း မငြိမ်းချမ်း သေးသည့်အချိန် ကျောက်တူးဖော်မှုကို ရပ်တန့်ထားပြီး တိကျသော သံယံဇာတမူဝါဒများ ရှိလာသည့်အချိန်ကျမှ တူးဖော်မှုကို လုပ်ဆောင်လျှင် အကောင်းဆုံးဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကျောက်စိမ်း၊ ရွှေတွေ သာမက မြေရှားသတ္တူ တူးဖော်မှုများလည်း ပိုမိုများပြားလာပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလည်း တဖြေးဖြေး ပိုမိုဆိုးရွားလာသည်။
“ကချင်ပြည်နယ်က သံယံဇာတဟာ အခုအတိုင်းဆိုရင် သိပ်မကြာဘူး အကုန်ကုန်သွားမယ့် အခြေအနေကို ဖြစ်နေတယ်”ဟု အမည်မဖော်လိုသူ ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။