ကချင်ပြည်နယ်တွင် တစ်လအတွင်း ဘာဖြစ်ခဲ့သလဲ
ကချင်သတင်း မြင်ကွင်းများ။ 7 February 2023 – Kachinwaves
ကချင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလအတွင်း တိုက်ပွဲ (၁၃) ကြိမ်၊ မြေမြုပ်မိုင်းနှင့် စစ်ကြွင်းကျန် လက်နက်များကြောင့် အရပ်သားထိခိုက်မှု (၂) ခု၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း ပေါက်ကွဲမှု၊ ပစ်ခတ်မှုနှင့် လုပ်ကြံသတ်ဖြတ်မှု (၇)ခု ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခနှင့် ဆက်စပ်နေသော လူ့အခွင့်အရေး ထိခိုက်မှု (၁၄)ခု ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့အပြင် KIA နှင့် ပြည်သူ့ကာကွယ်ရေး (PDF)တပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၁) ကြိမ်၊ ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်းအတွင်း (၁) ကြိမ် တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။
ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် ဆန္ဒပြလှုပ်ရှားမှုများလည်း ဆက်ရှိနေဆဲ ဖြစ်ပါသည်။ ဆန္ဒပြလှုပ်ရှားမှု အများဆုံးတွေ့ရသည့်မြို့မှာ ဖားကန့်မြို့ဖြစ်ပြီး ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့တွင်လည်း နိုင်ငံရေးနှင့် သက်ဆိုင်သည့် နေ့ရက်များတွင် လုံခြုံရေးတင်းကြပ်နေသည့်ကြားမှ ပြောက်ကျား ဆန္ဒပြလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။ ယခုနှစ် ဇန်နဝါရီလအတွင်း ဖားကန့်မြို့တွင် လူထုဆန္ဒပြမှု (၆) ကြိမ်ရှိခဲ့ပြီး ကချင်ပြည်နယ်နေ့တွင် မြစ်ကြီးနားမြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်း၏ အလံတိုင်၌ ကချင်အမျိုးသားအလံလွှင့်တင်သည့် ဆန္ဒပြလှုပ်ရှားမှု တစ်ခုရှိခဲ့သည်။
- ကချင်ပြည်နယ် သတင်းများကို Kachinwaves မှ လက်လှမ်းမီသမျှ စောင့်ကြည့်လေ့လာပြီး တွေ့ရှိရသည့် သတင်းအချက်အလက်များကို အများပြည်သူ ခြုံငုံသိရှိနိုင်ရန် အစီရင်ခံဖော်ပြခြင်း ဖြစ်ပါသည်။
- တိုက်ပွဲ အခြေအနေ။
ဇန်နဝါရီလအတွင်း ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲပေါင်း (၅)ကြိမ်၊ မိုးညှင်းနှင့် မိုးမောက်မြို့နယ်များတွင် (၂) ကြိမ်စီနှင့် ဆွမ်ပရာဘွမ်၊ မြစ်ကြီးနားနှင့် ရွှေကူမြို့နယ်များတွင် (၁)ကြိမ်စီ ဖြစ်ပွားခဲ့သည်ကို စောင့်ကြည့်တွေ့ရှိရသည်။ တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့သည့် ဖားကန့်တွင် စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု တစ်ကြိမ်ရှိခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုများတွင် စစ်ကောင်စီစစ်ကြောင်းများကို KIA နှင့် PDF တို့က ကြားဖြတ်တိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တစ်ဖက်သတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပါသည်။ ကချင်ပြည်နယ်တွင် ဇန်နဝါရီလအတွင်း ရက်ဆက်ပြီး ပြင်းထန်သည့် တိုက်ပွဲများတော့ မရှိခဲ့ပေ။
- မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း ပေါက်ကွဲမှု၊ ပစ်ခတ်မှုနှင့် လုပ်ကြံသတ်ဖြတ်မှု။
ဖားကန့်၊ မိုးညှင်း၊ မိုးကောင်းနှင့် မြစ်ကြီးနားမြို့များတွင် ဗုံးပေါက်ကွဲမှု (၅) ကြိမ်နှင့် လုပ်ကြံသတ်ဖြတ်မှု (၂) မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။ ဗုံးပေါက်ကွဲမှုများမှာ စစ်တပ်ပိုင် မြဝတီဘဏ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ စုပေါင်းရုံးနှင့် ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ် စည့်နေရာများတွင် ဖြစ်ပွားခဲ့သည်။ လုပ်ကြံသတ်ဖြတ်မှုများတွင် မိုးညှင်းမြို့နယ် နန်းမားမြို့၏ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဖားကန့်မြို့တွင် ပျူစောထီအဖွဲ့ဝင် (၂) ဦးတို့ သတ်ဖြတ်ခံရသည့် သတင်းများကို တွေ့ရသည်။
အထက်ပါကဲ့သို့ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် ပေါက်ကွဲမှု၊ ပစ်ခတ်မှုများကိုတွေ့ရသည့်အပြင် စစ်လက်နက် အသုံးပြုပြီး ဒုစရိုက်မှုကျူးလွန်သည့် မှုခင်းသတင်းများကိုလည်း တွေ့ရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဂိမ်းဆိုင်တစ်ခု၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို သေနတ်ဖြင့် အပြန်အလှန် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည့် သတင်းကိုလည်း တွေ့ရသည်။
- မြေမြုပ်မိုင်းနှင့် စစ်ကြွင်းကျန် လက်နက်များကြောင့် အရပ်သား ထိခိုက်မှု
ဖားကန့်မြို့နယ် လီဒိုလမ်း ရှဒူဇွပ်ကျေးရွာမှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် ၎င်း၏မိခင်သည် ဒေသတွင်းရှိ ရွှေမှော်သွားသည့်လမ်းတွင် မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှု ရှိခဲ့သည်။ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ပွဲချင်းပြီးသေဆုံးပြီး မိခင်ဖြစ်သူသည် ထိခိုက်ဒဏ်ရာရရှိ၍ တနိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ထို့အပြင် ရှဒူဇွပ်ကျေးရွာမှ အခြားအမျိုးသားတစ်ဦးလည်း မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။ ၎င်းမြေမြုပ်မိုင်းများကို မည်သည့်လက်နက်ကိုင်အဖွဲ့က ထောင်ထားသည့် မြေမြုပ်မိုင်းဖြစ်သည်ကိုတော့ စိစစ်သိရှိနိုင်ခြင်း မရှိခဲ့ပေ။ စစ်ရေးတင်းမာမှုကြောင့် KIA နှင့် စစ်ကောင်စီတပ် နှစ်ဖက်စလုံးက မှော်သွားလမ်းများကို ပိတ်ထားသည်ဟု ဒေသခံ၏ ပြောပြချက်အရ သိရသည်။ ၎င်းဒေသသည် KIA၊ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ လှုပ်ရှားမှုအားကောင်းနေသည့် ဒေသဖြစ်သည်။
ဝိုင်းမော်မြို့ ဝူယန်ကျေးရွာမှ ကလေး ၃ ဦးသည် စစ်ကြွင်းကျန် လက်နက်ကောက်ရပြီး ဆော့ကစားရာမှ လက်နက်ပေါက်ကွဲလာကာ ကလေးတစ်ဦး သေဆုံးခဲ့ရပြီး ကျန်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသွားသည့် ကလေးမှာ အသက် ၈ နှစ်အရွယ် မောင်ခေါ်ဒါယူဆီ (ခ) ခေါ်ဆီးဆိုသူဖြစ်ပြီး မောင်လာလူးသီးနှင့် မောင်ဗျာဆာတို့မှာ ခြေထောက်နှင့် ကျောများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ဝူယန်ကျေးရွာရှိ ပြည်သူ့စစ်စခန်း၌ KIA နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
- လက်နက်ကိုင် ပဋိပက္ခနှင့် ဆက်စပ်နေသည့် လူ့အခွင့်အရေး ထိခိုက်မှု
အရပ်သားလူနေအိမ်၊ ရပ်ကွက်ကျေးရွာများနှင့် ပြည်သူများသွားလာ လုပ်ကိုင်စားသောက်နေသည့် မြေယာများသို့ လက်နက်များ လက်လွတ်စပယ် ရမ်းသမ်းပစ်ခတ်မှု အများဆုံးဖြစ်ခဲ့ပြီး ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းဥစ္စာများကို ဥပဒေမဲ့ ဖျက်ဆီးသိမ်းယူမှုသည် ဒုတိယအများဆုံးဖြစ်သည်။ လက်လွတ်စပယ် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဟိုပင်မြို့မှ အသက် ၁၉ နှစ်အရွယ် မောင်စိုင်းစိုင်းဆိုသူ သေဆုံးပြီး ၎င်း၏မိခင်ဖြစ်သူ အသက် ၅၀ နှစ်အရွယ် ဒေါ်မိကြည်သည် ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့ သားအမိနှစ်ဦးသည် စိုက်ခင်းသို့သွားနေစဉ် နန်းရင်းချောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကြောင့် သေဆုံးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။ ထို့အပြင် ဖားကန့်မြို့ လုံးခင်းရပ်ကွက်တွင် အမျိုးသား ၂ ဦးပစ်သတ်ခံခဲ့ရသည်။ ပြည်သူများ၏ အိုးအိမ်ပစ္စည်းဥစ္စာများအား ဖျက်ဆီးသိမ်းယူမှုတွင် မိုးမောက်မြို့နယ် လော့ဒန်ကျေးရွာမှ နေအိမ်တစ်လုံး မီးရှို့ခံရမှု၊ ဖားကန့်တွင် KTV ဆိုင်မှ အလုပ်သမားများ၏ ဖုန်းနှင့် ငွေကြေးများကို အဓမ္မသိမ်းယူမှုများပါဝင်ပြီး လိုင်စင်မဲ့အကြောင်းပြကာ ပြည်သူလူထု၏ ကားနှင့် ဆိုင်ကယ်များအား ဥပဒေမဲ့ ဖမ်းဆီးသိမ်းယူနေမှုများ ပါဝင်သည်။
တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်သည့် ဖားကန့်မြို့နယ်တွင် လက်နက်ကိုင် ပဋိပက္ခနှင့် ဆက်စပ်နေသည့် လူ့အခွင့်အရေး ထိခိုက်မှုများလည်း အများဆုံး ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။ လူ့အခွင့်အရေး ထိခိုက်မှုကျူးလွန်သူများမှာ စစ်ကောင်စီဘက်က ကျူးလွန်မှုများဖြစ်ကြောင်း သတင်းရင်းမြစ်များက ဖော်ပြထားသည်ကို တွေ့ရသည်။
အခြားလူ့အခွင့်အရေး သတင်းတစ်ခုမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများကို လာမည့် မတ်လတွင် နောက်ဆုံးထားပြီး စစ်ရှောင်စခန်းများအား အပြီးဖျက်သိမ်းရန် စစ်ကောင်စီဘက်က ညွှန်ကြားဆောင်ရွက်လာသည့် သတင်းဖြစ်ပါသည်။ စစ်ရှောင်ပြည်သူများကတော့ မူလနေရပ်ကျေးရွာများသို့ ပြန်လိုကြသော်လည်း လုပ်ကိုင်စားသောက်ရန် လုံခြုံမှုမရှိခြင်းနှင့် နေစရာအိမ်ရရှိရန်အတွက်လည်း အခက်အခဲများရှိနေသည်ဟု ပြောဆိုကြပါသည်။