မျှော်မှန်းထားသမျှ သဲထဲရေသွန်ဖြစ်သွားမည့် အရွေ့မျိုး ဖြစ်လာမည်မထင်
နိုင်ငံရေးဆောင်းပါး။
ကချင်လွတ်လပ်ရေးအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လသည် နေ့ထူးနေမြတ်နေ့များ၌ မိန့်ခွန်းများ ပြောကြားလေ့ရှိသည့်အတွက် တစ်နှစ်လျှင် အနည်းဆုံးမိန့်ခွန်းလေးကြိမ် ပြောကြားခဲ့ပြီး၊ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လေးနှစ်နီးပါးအတွင်း မိန့်ခွန်းပေါင်း (၁၅) ခုပြောကြားခဲ့ပြီး ဖြစ်သည်။ အဆိုပါ အာဏာသိမ်းပြီးနောက် ပြောကြားခဲ့သော ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization – KIO) ဥက္ကဌ၏ မိန့်ခွန်းများကို ခြေရာခံကြည့်လျှင် တော်လှန်ရေးအတွက် အရေးပါသည့် အချက်များကိုလည်း တွေ့ရှိရသည်
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော နိုင်ငံရေးအခင်းအကျင်းသည် စစ်အာဏာရှင်စနစ်ကို ချေမှုန်းပစ်ရန်အကောင်းဆုံး အခွင့်အခါကောင်း ဖြစ်သည်ဟု ၂၀၂၁ အောက်တိုဘာ ၂၅ ရက်နေ့၊ KIO ဖွဲ့စည်းတည်ထောင်ခြင်း (၆၁) နှစ်ပြည့်မိန့်ခွန်း၌ ပြောကြားခဲ့သည်။ KIO ဥက္ကဌက ကချင်ဘာသာဖြင့် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ရန်အတွက် ယခုလို အလွန် လျော်ကန်သင့်မြတ်သော အခွင့်အခါကောင်းသည် ယခင်က မရရှိခဲ့ဖူးသည့် အခွင့်အရေးဖြစ်ကြောင်း၊ ယခုတစ်ကြိမ်ပဲရရှိသော အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားမည်ဆိုလျှင် နောင်တစ်ချိန် ပြန်လည်ရရှိဖို့ဆိုသည်မှာ မသေချာနိုင်ကြောင်း ပြောကြားခဲ့သည်။ ယခုလို KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ ပြောကြားချက်သည် သာမန်ကာလျှံကာ ပြောကြားခြင်း မဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည်။ အကြောင်းအကျိုးကို ပြောမည်ဆိုလျှင် KIO သည် အိမ်နီးချင်းနိုင်ငံကြီးများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် အနောက်နိုင်ငံများဖြစ်ကြသည့် အမေရိကန်နိုင်ငံကြီး အပါအဝင် အနောက်ဥရောပနိုင်ငံများနှင့်လည်း ထိတွေ့ဆက်ဆံခဲ့ဖူးသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ဖြစ်သည်။ ထို့အပြင် ပြည်တွင်းနိုင်ငံရေး လှိုင်းဂယက်အမျိုးမျိုးကိုလည်း နှစ်ပေါင်း (၆၀) ကျော်ဖြတ်သန်းခဲ့သည့် အတွေ့အကြုံကို အခြေခံ၍ ခိုင်ခိုင်မာမာ သုံးသပ်နားလည်ခြင်း ဖြစ်လိမ့်မည်ဟု ယုံကြည့်သောကြောင့် ဖြစ်သည်။
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် ပြောကြားခဲ့သော (၆၁) နှစ်ပြည့် တော်လှန်ရေးနေ့ မိန့်ခွန်းတွင်လည်း စစ်အာဏာရှင်စနစ်ကို (Pawt hte nawng ru hte brawng) အမြစ်ဖြတ်ချေမှုန်းပစ်ရန်အတွက် တော်လှန်ရေးအဖွဲ့များကို ဖိတ်ခေါ်တိုက်တွန်းခဲ့သည်။ လွတ်လပ်ရေး ပန်းတိုင်ဖြစ်စေ၊ ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ဖြစ်စေ အကြမ်းဖက်အာဏာရှင်စနစ်ကို ဦးစွာတိုက်ထုတ်နိုင်ခြင်း မရှိလျှင် မည်သည့်အဖွဲ့အစည်းမှ အောင်မြင်မှုရရှိနိုင်မည် မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် စစ်အာဏာရှင်၏ ပေးကမ်းမှုကြောင့်ရရှိနေသည့် အခွင့်အရေးများသည် ရေရှည်မခံနိုင်ကြောင်း၊ နောက်နောင်ကျမှ နောင်တရမည်ဆိုလျှင် အချိန်နှောင်းသွားမည်ဖြစ်ကြောင်းလည်း မိန့်ခွန်း၌ ပါရှိခဲ့သည်။
အလားတူ KIO တည်ထောင်ဖွဲ့စည်းခြင်း (၆၂) နှစ်ပြည့်မိန့်ခွန်းတွင် KIO ဗဟိုကော်မတီသည် နိုင်ငံရေးအရွေ့တစ်ခုသို့ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့သည်။ ယခုလို ပြောကြားခဲ့ပြီး နောက်နှစ် ၂၀၂၃ နှစ်ကုန်ပိုင်းမှစပြီး ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်ဒေသများတွင် KIA နှင့် မဟာမိတ်တပ်ဖွဲ့များ၏ ထိုးစစ်များကို ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်လာရသလို၊ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကိုလည်း စတင်မြင်တွေ့ခဲ့ရသည်။ အဆိုပါထိုးစစ်ဆင် စစ်ဆင်ရေးများကြောင့် စစ်ကောင်စီသည် တစ်နေ့ထက်တစ်နေ့ တပ်စခန်း၊ တပ်ရင်းဌာနများအပြင် စစ်တိုင်းဌာနချုပ်တစ်ခု လက်လွတ်ခဲ့ရပြီး၊ မြို့ရွာများကိုလည်း လက်လွှတ်ခဲ့ရသည်။
ထိုသို့ တော်လှန်ရေးအဖွဲ့များ အရှိန်အဟုန်နှင့် စစ်ရေးအောင်ပွဲများ ရရှိနေချိန်တွင် KIO ဥက္ကဌက ထူးခြားသောအပြောင်းအလဲ ဖြစ်လာနိုင်သည့်နှစ်ဟု ၂၀၂၄ နှစ်သစ်ကူးမိန့်ခွန်း၌ ပြောကြားခဲ့သည်။ ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် ပြောကြားခဲ့သော မိန့်ခွန်း၌လည်း မြန်မာ့နွေဦးတော်လှန်ရေးသည် ဖြစ်ပေါ်ခဲ့သမျှ တော်လှန်ရေးလှိုင်းများထဲမှ အင်အားအကြီးဆုံးဖြစ်၍ စစ်ကောင်စီအလွန်နိုင်ငံကို ငြိမ်းချမ်းစွာ အမြန်ပြန်လည် တည်ဆောက်နိုင်ရေးသည် နိုင်ငံသားအားလုံး၏ အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီကို တော်လှန်နေကြသည့် အဖွဲ့အစည်းများသည် အမြင်သဘောထားများအား ဆွေးနွေးညှိနှိုင်း သဘောတူညီမှုရရှိထားကြရန် မဖြစ်မနေလိုအပ်ချက်ဖြစ်၍ ထိုသို့ သဘောတူညီမှု မရရှိထားနိုင်လျှင် အချင်းချင်းကြား ပြဿနာများ ပေါ်ပေါက်လာနိုင်သည်ကို သတိထားကြရန် လိုအပ်ကြောင်းကိုလည်း KIO ဥက္ကဌက သတိပေးခဲ့သည်။
ယခုလို မိန့်ခွန်းများပြောကြားခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှစပြီး KIA ၏ စစ်ဆင်ရေးသည် အရှိန်အဟုန်မြင့် ဖော်ဆောင်လာသည်ကို တွေ့ရသည်။ စစ်ဆင်ရေးကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေသော်လည်း KIO က အထူးစစ်ဆင်ရေးဆောင်ရွက်နေသည်ဟုသာ ဩဂုတ်လ ၁၀ ရက်နေ့၊ ကချင်အာဇာနည်နေ့မိန့်ခွန်း၌ ပြောကြားခဲ့သည်။ အောက်တိုဘာ ၂၅ ရက်နေ့၊ KIO ဖွဲ့စည်းခြင်း (၆၄) နှစ်ပြည့်မိန့်ခွန်းကျမှ အထူးစစ်ဆင်ရေး၏ အမည်မှာ အာဏာရှင်စနစ် ပင်မအမြစ်ဖြတ်စစ်ဆင်ရေး (Ru Nu Dan Majan Masing) ဖြစ်ကြောင်း၊ KIO ဗဟိုကော်မတီက ဦးဆောင်ကော်မတီဖွဲ့စည်းကာ ဖော်ဆောင်နေသည့် စစ်ဆင်ရေးဖြစ်ကြောင်း ပြည်သူလူထုကို တရားဝင်အသိပေးခဲ့သည်။ KIO ဥက္ကဌက စစ်အာဏာရှင် ဧကန်မုချကျရှုံးမည်ဟုလည်း အဆိုပါမိန့်ခွန်း၌ ပြောကြားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော နိုင်ငံရေးအခင်းအကျင်းတွင် စစ်ရေးအရှိန်ကို တစ်ဖြည်းဖြည်း အရှိန်မြင့်မောင်းနင်းလာသော KIO သည် ကချင်ပြည်နယ်၏ အရှေ့ဘက် တရုတ်-မြန်မာနယ်စပ်ဒေသ အားလုံးကို သိမ်းပိုက်ပြီးချိန်မှာတော့ စစ်ကောင်စီကို လက်မလွတ်လိုသော တရုတ်အစိုးရ၏ ဖိအားနှင့်လည်း သိသိသာသာ ရင်ဆိုင်လာရသည်။ လက်ရှိ ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန်မှာပဲ ဥက္ကဌကိုယ်တိုင်ဦးဆောင်ပြီး၊ KIO ၏ ထိပ်ပိုင်းခေါင်းဆောင်းများပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို တရုတ်အစိုးရက ဖိတ်ခေါ်တွေ့ဆုံမှု ပေါ်ပေါက်လာသည်။ တရုတ်သည် KIO သာမက အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ခေါ်ယူတွေ့ဆုံနေကြောင်း သတင်းများအရ သိရှိရသည်။
ယခုလို တရုတ်အစိုးရ၏ ခေါ်ယူတွေ့ဆုံမှုများကြောင့် လက်ရှိတော်လှန်ရေးအဖွဲ့များ ဖော်ဆောင်နေသော စစ်ဆင်ရေးများ ရပ်တန့်သွားမည်လောဆိုသည်မှာ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်လိုသည့် ပြည်သူများက စိုးရိမ်မှုကြီးစွာဖြင့် စောင့်ကြည့်နေခြင်း ဖြစ်သည်။
အခြားတဖက်တွင်လည်း မဟာမိတ်အဖွဲ့ဖြစ်သည့် AA က ရရိုင်ပြည်နယ် လွတ်မြောက်ရေးအတွက် စစ်ဆင်ရေးဖော်ဆောင်နေဆဲ ဖြစ်သည်။ AA ၏ ထိုးစစ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာချုပ်ဝင်းအနီးသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ မြို့နယ်ပေါင်း (၁၇) မြို့နယ်ထဲက မြို့နယ် (၁၂) မြို့ကို သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း သိရသည်။
အထက်တွင် ဖော်ပြခဲ့သော KIO ဥက္ကဌ၏ မိန့်ခွန်းများသည် လက်ရှိ KIO/KIA ဖော်ဆောင်နေသော နိုင်ငံရေး၊ စစ်ရေးများကို ပဲ့ကိုင်ထိန်းကြောင်းနေသည့် အချက်များဖြစ်ကြောင်း ခြေရာခံတွေ့ရှိရသည်။ သို့ဖြစ်ပါ၍ KIO သာမက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များသည် တရုတ်၏ဖိအားကြောင့် ၎င်းတို့ မျှော်မှန်းထားသမျှ သဲထဲရေသွန်ဖြစ်သွားမည့် အရွေ့မျိုးကို ရွေးချယ်ဆုံးဖြတ်ကြမည် မဟုတ်ကြောင်း ယုံကြည်ရပါသည်။ လက်ရှိ တရုတ်ခရီးစဉ်၏ နောက်ဆက်တွဲ ဂယက်များလည်း ရှိလာနိုင်သော်လည်း နှစ်သစ်ကူးမိန့်ခွန်း၌ ထူးခြားသည့်အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည့် KIO သည် ၂၀၂၅ ခုနှစ်တွင် မည်သို့သော အရွေ့ခြေလှမ်းများကို ဆက်လက်ဖော်ဆောင်သွားမလဲ ဆိုသည်မှာ နောက်ထပ်ပြောကြားလာမည့် မိန့်ခွန်းများမှတဆင့်သာ မှန်းဆနိုင်မည်ဟု မျှော်လင့်ရပါသည်။