ကောလင်းမှာ NUG အစိုးရရဲ့ မြို့နယ်သယံဇာတ ကော်မတီ အတွင်းရေးမှူး ပစ်သတ်ခံရ
().
NUG အစိုးရရဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် သယံဇာတကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးအရိန္ဒမာ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
မနေ့က ဇန်နဝါရီ ၂ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီလောက်မှာ ရှမ်းကလုံးရွာနဲ့ ရွှေတွင်းရွာကြား လမ်းဘေးမှာ ခေါင်းကို သေနတ်နဲ့တေ့ပြီး ပစ်သတ်ခံရတာလို့ ဖြစ်စဉ်သိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“လောလောဆယ် ရထားတဲ့ သတင်းအရ အတိုနဲ့တေ့ပြီး ပစ်သွားတာလို့ သတင်းရထားပါတယ်။ ကနဦး သတင်းထွက်လာတာက ဆိုင်ကယ်တိုက်တာလို့ ထွက်တာ။ ပြီးမှ သေနတ်နဲ့ ပစ်သွားတာသိရတာ။”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ တူးခေါင်ကလည်း ဦးအရိန္ဒမာ သေဆုံးခဲ့ကြောင်း ၎င်းရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ ရေးထားတာကိုတွေ့ရပါတယ်။
“အင်မတန် အလုပ်ကြိုးစားတဲ့ စာအုပ်ကြီးသမား CDM (ECD ဦးစီးအရာရှိ) ဝန်ထမ်းကောင်း တစ်ယောက် ဆုံးရှူံးရလို့ MONREC ရုံးအဖွဲ့သားများနှင့် လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေ အားလုံးလဲ မိသားစုနှင့်အတူ ဝမ်းနည်းရပါကြောင်း ဖေါ်ပြလိုပါတယ်။”လို့ ဒေါက်တာ တူးခေါင်က ဆိုပါတယ်။
သေဆုံးသွားတဲ့ အသက် (၅၀) နှစ်ကျော်အရွယ် မြို့နယ်သယံဇာတ ကော်မတီ အတွင်းရေးမှူး ဦးအရိန္ဒမာ ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်ရိုက် တရားဝင်ခန့်ထားတဲ့ သူဖြစ်ကြောင်း သိရပါတယ်။
“သယံဇာတာကိစ္စက ကောလင်းမှာက ရှုပ်တယ်။ သူ့ကိုက (သေသွားတဲ့သူ) ကောလင်းက သယံဇာတကိစ္စတွေက ရှုပ်ထွေးလို့ ဝန်ကြီးဌာနက တိုက်ရိုက်ခန့်ပြီး ကောလင်းကို ပို့ထားတာပါ။”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ ကောလင်းအနောက်ခြမ်းက တော်လှန်ရေးအင်အားစုတွေ စိုးမိုးတဲ့နေရာမှာ ဖြစ်ခဲ့ကြောင်းသိရပေမဲ့ ဘာကြောင့် အသတ်ခံရတယ်ဆိုတာကို မသိရှိရသေးကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။