နှစ်သစ်တွင် ကျေးဇူးတော် ဆက်ပြီးခံစားစေရန် KIO ဥက္ကဌ ဆုတောင်းပြီး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ရန် မျှော်လင့်
.
၂၀၂၄ ခုနှစ်သည် ကျေးဇူးတော်ကို ခံစားရရှိသောနှစ်ဖြစ်ပြီး၊ နှစ်သစ် ၂၀၂၅ ခုနှစ်တွင်လည်း ဘုရားသခင်ထံမှ ကျေးဇူးတော်များကို ဆက်လက်ခံစားရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်သည်ဟု KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နှစ်သစ်ကူးမိန့်ခွန်း၌ တွေ့ရသည်။
နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာတည်ဆောက် အခြေချတပ်စွဲခဲ့သည့် မြန်မာစစ်အစိုးရတပ်၏ တပ်စခန်းအမြောက်အများကို KIA နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တို့၏ ပူးပေါင်းအားထုတ် ဆောင်ရွက်မှုကြောင့် ပြန်လည်သိမ်းပိုက်ရရှိနိုင်ကြောင်းလည်း ပါရှိသည်။
စစ်ဆင်ရေးလုပ်ငန်းစဉ်များ၌ လက်တွေ့ပါဝင်ခဲ့ကြသော တော်လှန်ရေး ရဲဘော်များအား ဂုဏ်ပြုချီးမွမ်းကြောင်းနှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းကူညီခဲ့ကြသူများကိုလည်း ကျေးဇူးတင်ကြောင်း၊ ကချင်တော်လှန်ရေးသမိုင်းတွင် မေ့ပျောက်၍မရနိုင်သော သမိုင်းမှတ်တမ်းဖြစ်သည်ဟု KIO ဥက္ကဌက ပြောကြားခဲ့သည်။
အောင်မြင်မှု ရလဒ်များနှင့်အတူ KIA တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်တော်လှန်ရေး ရဲဘော်များ အသက်ပေးစတေးခဲ့ရသည့်အပြင် အရပ်သားပြည်သူများလည်း စစ်ကောင်စီ၏ ကျင့်ဝတ်မဲ့သော စစ်ဆင်ရေးများကြောင့် ကျဆုံးခဲ့ရသည်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောကြားခဲ့သည်။
ထို့အပြင် တော်လှန်ရေးတိုက်ပွဲများတွင် မိမိတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို စတေးခဲ့ရသူများ၏ ပေးဆပ်မှုများကိုလည်း တန်ဖိုးထားကြောင်း စိတ်အားငယ်နေခြင်း အလျဉ်မရှိပဲ အချင်းချင်း ဖေးမကူညီကြရန် မိန့်ခွန်း၌ တွေ့ရသည်။ အလားတူ အိုးအိမ်စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူများလည်း ပိုမိုကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်လင့်ကာ ကြိုးစားအားထုတ်သွားကြစေလိုကြောင်း KIO ဥက္ကဌက နှစ်သစ်ကူးမိန့်ခွန်းမှတဆင့် တိုက်တွန်းလိုက်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ကချင်ပြည်အတွင်းရှိ တရုတ် – မြန်မာနယ်စပ်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းများ အားလုံးနီးပါးကို သိမ်းပိုက်ထားနိုင်သည်ကို တွေ့မြင်ခဲ့ရပြီး၊ KIO သည် အဆိုပါ သိမ်းပိုက်ထားသည့် နယ်မြေဒေသများကို အခြေပြု၍ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်ရန် မျှော်လင့်ကာ အစီအစဉ်ချမှတ်နေကြောင်း မိန့်ခွန်း၌ တွေ့ရသည်။ ယခုလို အရေးကြီးသည့် အခန်းကက္ဍတွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်သည်ဟု ဆိုသည်။
ဒေသပြန်လည်ထူထောင်ရေး၊ ခိုင်မာသော ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အရွယ်ကောင်းပြီး ကျန်းမာသန်စွမ်းသူများ၊ အတတ်ပညာကျွမ်းကျင်သူများ၊ မိမိတိုင်းပြည်နှင့် ဒေသကို ချစ်မြတ်နိုးသောပြည်သူများ အားလုံးလည်း စဉ်းစားတွေဝေနေခြင်း မရှိပဲ၊ ပူးပေါင်းပါဝင်ကြရန် ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က နှစ်သစ်ကူးမိန့်ခွန်းမှတဆင့် တိုက်တွန်းလိုက်သည်။ KIO ၏ အမှုထမ်းအရာထမ်းများအားလုံးလည်း ပြည်သူ့အကျိုးဆောင်ရွက်မည်ဆိုသည့် ကျင့်စဉ်ကို လက်မလွတ်ပဲ ဦးဆောင်ဦးရွက်ပြုသွားကြရန် မှာကြားလိုက်သည်ကို တွေ့ရသည်။
နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ်အဖွဲ့များကို စစ်ကောင်စီတည်မြဲရေးအတွက် အခိုင်းစေခံများ မဖြစ်စေရန်အတွက် ကြားခံကိုယ်စားလှယ်များစေလွှတ်ပြီး၊ အမှန်တရားနှင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးအတွက် အတူတကွရပ်တည်ရန်၊ ပြည်သူလူထုအား ကာကွယ်နိုင်ရေးအတွက် အတူတကွ ရပ်တည်ရန် KIO က အကြိမ်ကြိမ် စည်းရုံးခဲ့သော်လည်း အချို့သောအဖွဲ့ခေါင်းဆောင်များသည် လက်မခံခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် တမျိုးသားလုံး၏ ရန်သူအဖြစ် သတ်မှတ်၍ ဆောင်ရွက်နေသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင်လည်း ဆက်လက်ပူးပေါင်းပါဝင်ကြရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌ၏ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးနေ့မိန့်ခွန်း၌ ပါရှိသည်။