စည်ကားလာတဲ့ KTV၊ Club၊ Bar တွေ၊ K နဲ့ E သုံးစွဲမှုများလာတဲ့ လူငယ်တွေနဲ့ မြစ်ကြီးနားမြို့
ဆောင်းပါး။ 24 November 2022 – Kachinwaves
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က KTV၊ Nightclub နဲ့ Bar ဆိုင်တွေဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ ပိုမိုစည်းကားလာသလို ဆောက်လုပ်နေဆဲ ဆိုင်တွေလည်း ရှိနေပါတယ်။
KTV၊ Nightclub နဲ့ Bar ဆိုင်တွေဟာ အခြားဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေမှာ တရားဥပဒေအရ တရားဝင် စည်းမျဉ်းစည်းကမ်းတွေနဲ့ လိုင်စင်ယူ ဖွင့်လှစ်ရတဲ့ ဖျော်ဖြေရေးနဲ့ အဖျော်ယာမကာတွေ ရရှိနိုင်တဲ့နေရာတွေဖြစ်သလို ကခုန်ပျော်ပါးနိုင်တဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ ချိန်းတွေ့ ပျော်ပါးကြသလို စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းမှုတွေကို လာရောက် အပန်းဖြေ ပျော်ပါးကြတဲ့ နေရာတွေအဖြစ် သတ်မှတ်ထားကြတဲ့ နေရာတွေ ဖြစ်ပါတယ်။
သို့သော် တရားဥပဒေစိုးမိုးမှုကင်းမဲ့ပြီး မိုးယစ်ဆေးဝါးတွေ ပေါများတဲ့ မြန်မာနိုင်ငံက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ KTV၊ Nightclub နဲ့ Bar တွေဟာ လူငယ်တွေကို လမ်းလွဲရောက်စေတဲ့ နေရာတွေ ဖြစ်နေပါတယ်။
အမည်မဖော်လိုတဲ့ မြစ်ကြီးနားအခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ KTV တွေများလာတာက လူငယ်တွေ ပျက်စီးသလို စစ်ကောင်စီကလည်း နိင်ငံရေးအရ အသုံးချနေတာလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“အခုအချိန်မှာ KTV တွေလည်း တအားစည်ကားတယ်။ ပိုက်ဆံရှာရလည်း လွယ်တယ်။ မူးယစ်ဆေးဝါးကအစ ပျော်ဖို့အကုန်ရတယ်ဆိုတော့ ပိုက်ဆံရှာရလွယ်တယ်။ စကစက ဒါကို နိုင်ငံရေးအရ အသုံးချတာလည်း ဖြစ်နိုင်တယ်။ လူငယ်အမျိုးသားတွေလည်း ပျက်သလို မိန်းကလေးတွေကလည်း စိတ်မထိန်းနိုင်ရင် ပြည့်တန်ဆာမတွေ ဖြစ်သွားနိုင်တယ်။ အမျိုးသားတွေကလည်း မူးယစ်ဆေးဝါးတွေ သုံးစွဲသွားနိုင်တယ်။”လို့ ၎င်းက ပြောပါတယ်။
အခုလို ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့မှာ ပေါများလာတဲ့ KTV တွေနဲ့ ပတ်သက်ပြီး အများပြည်သူကြားမှာ ပိုပြီးကျော်စောလာကာ ဝေဖန်မှုတွေများလာတာက နိုဝင်ဘာလ ၁၂ ရက်နေ့ ညသန်းခေါင်ကျော် မနက်ပိုင်းမှာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်က Happy Entertainment (KTV) မှာ ကချင် လွတ်လပ်ရေး အဖွဲ့အစည်း (KIO) အမှုထမ်း ၁၁ ဦးအပါအဝင် ဆယ်ယောက်ကျော် ဖမ်းဆီးခံရတဲ့ နောက်ပိုင်း ဖြစ်ပါတယ်။
အခုလို ဖြစ်ရပ်တွေဟာ စစ်ကောင်စီဘက်က နိုင်ငံရေးအရ အသုံးချနေတာတွေရှိနေပြီလို့ ဒေသခံပြည်သူတွေက ထောက်ပြနေကြတာ ဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက Nightclub၊ KTV နဲ့ Bar တွေကို စစ်ကောင်စီက နိုင်ငံရေးအရ အသုံးချတာ ဖြစ်နိုင်သလို ပြည်သူတွေကိုယ်တိုင်ကလည်း အခုအချိန်ဟာ KTV နဲ့ Bar တွေမှာ ပျော်ပါးနေရမယ့် အချိန်လားဆိုတာကို သတိထားရမယ့် အချိန်ဖြစ်တယ်လို့ ပြောပါတယ်။
“KTV တွေကို နိုင်ငံရေးအရ သုံးတာလည်း ဖြစ်နိုင်သလို ကျနော်တို့ ကိုယ်တိုင်လည်း တစ်ခုစဉ်းစားရမှာက အခုအချိန်မှာ ကျနော်တို့ ကိုယ်တိုင် ပျော်ပွဲရွှင်ပွဲတွေ လုပ်ရမလား၊ KTV တွေမှာ သွားရောက် စိတ်အပန်းဖြေရမယ့် အချိန်လား ဆိုတာကိုတော့ စဉ်းစားရမယ်။ စကစကတော့ သူနည်းလမ်းမျိုးစုံနဲ့ လုပ်မှာပဲ။ ပျော်ပွဲလည်းလုပ်သလို ခက်ခဲအောင်လည်းလုပ်မယ် ပိုက်ဆံနဲ့လည်း လုပ်မယ်။ ဒါကြောင့် ကျနော်တို့ ကိုယ်တိုင်က သတိထားပြီး နေရမယ်”လို့ ထောက်ပြဝေဖန်ပါတယ်။
မြစ်ကြီးနားမြို့ Happy KTV မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကေအိုင်အို အမှုထမ်းတွေရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီက လိုက်လံစစ်ဆေးဖမ်းဆီးမှုတွေရှိသလို နေအိမ်ဖျက်ဆီးတဲ့အထိ လုပ်ဆောင်နေတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“မြစ်ကြီးနားမှာ ကေအိုင်အို ဝန်ထမ်းတော်တော်များများလည်း ဖမ်းခံရတာရှိခဲ့ပါတယ်။ သူတို့ကိုခေါ်ပြီးမှ ဒီကေအိုင်အိုနဲ့ ဆက်စပ်နေတဲ့ဟာတွေ မိသားစုတွေက အစပေါ့ လိုက်ပြပြီးမှ ဖမ်းဆီးတာတွေ အိမ်တွေဘာတွေ ဖျက်ဆီးပေးတာတွေ အနှောက်အယှက်ပေးတာတွေ ရှိတယ်။ ပြည်သူလူထုအတွက်လည်း အခက်အခဲတွေ ရှိတာပေါ့။ အခက်အခဲကြုံတာတွေ ရှိပါတယ်။ စစ်ရေးအခြေအနေလည်း အမြဲတမ်း လှုပ်ရှားနေတဲ့အခါကျတော့ တင်းမာမှုလည်း ရှိတာပေါ့။”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့မှာ မြစ်ကြီးနားမြို့ အူဗျစ်ကျေးရွာက အိမ်တစ်အိမ်ကို ဖမ်းဆီးခံရတဲ့ KIO အမှုထမ်းတွေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီစစ်သား အင်အား ၅၀ လောက်က စစ်ကားသုံးစီး၊ ဘူဒိုဇာတစ်စီးနဲ့ ရောက်လာပြီး ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
- ပိုမိုစည်ကားလာတဲ့ မြစ်ကြီးနားမြို့က KTV၊ Nightclub နဲ့ Bar များ
Kachinwaves စုံစမ်းရသလောက် မြစ်ကြီးနားမြို့တွင်းမှာ KTV ၁၀ ခု၊ Nightclub ၃ ခုနဲ့ Bar ၁၉ ခုထိရှိပြီး KTV ၂ ခု၊ Nightclub ၁ ခုနဲ့ Bar ၆ ခုဟာ အာဏာသိမ်းပြီးနောက်မှာ အသစ်ဖွင့်လှစ်လာတာဖြစ်ကြောင်း သိရပါတယ်။ ၎င်းတို့အထဲမှ Happy Entertainment (KTV) နဲ့ 831 Entertainment (club) ကတော့ ပိုမိုစည်ကားတယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောကြပါတယ်။
အခုဖော်ပြတဲ့ စာရင်းတွေက Kachinwaves လက်လှမ်းမီသလောက် စုံစမ်းကောက်ယူထားတဲ့ စာရင်းသာဖြစ်ပြီး အရေအတွက်အပြောင်းအလဲ ရှိနေနိုင်ပါသေးတယ်။
တချို့ဆိုင်တွေက မြစ်ချောင်းဧရိယာနဲ့ ညှိနေတာတွေရှိသလို ယစ်မျိုးလိုင်စင် တရားဝင်မရဘဲ ပိုင်ရာပိုင်ကြောင်းနဲ့ ဖွင့်နေတဲ့ဆိုင်တွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပေမဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းနိုင်ခြင်းတော့ မရှိခဲ့ပါ။
“Happy (KTV) မှာက အချိန်ပြည့် လူတွေပြည့်တယ်။ ကျနော်က အခုတော့ကြောက်ပြီး Happy တော့ မသွားတော့ဘူး။ ကလပ်တွေ ဘားတွေက လူများတယ်။ ပွဲတွေ ဘာတွေလုပ်ရင် ဝိုင်းတောင် မရှိဘူး။ Happy မှာက အများပိုင်း အသက်ကြီးတဲ့သူတွေ လောပန်းတွေ လာတာများတယ်။ တခြား ဘားတွေ၊ ကလပ်တွေမှာကတော့ လူငယ်တွေ များတယ်။”လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
Club ကနေ ညပြန်တဲ့လမ်းမှာ စစ်ဆေးတာတွေရှိရင် Club နာမည် ပြောလိုက်ရင် ဖမ်းဆီးတာတွေ မလုပ်တဲ့ Club တွေတောင်ရှိတယ်လို့ မြစ်ကြီးနား ဒေသခံတွေ ပြောဆိုပေမဲ့ Kachinwaves အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါ။
- KTV၊ Bar၊ Nightclub တွေနဲ့ ဆက်နွယ်နေတဲ့ ပြဿနာ
“အခုကလေးတွေ ၁၀ နှစ်ကျော်တွေ K တွေ E တွေ အရမ်းရှူတတ်လာပြီ။ ၁၀ နှစ်ကျော်အရွယ် ကချင်မိန်းကလေးတွေ ပျက်စီးနေတာ အရမ်းများနေပြီ။ ၁၀ နှစ်ကျော်အရွယ် ကိုယ်ဝန်ရသွားတဲ့ ကလေးတွေကို စစ်တမ်းကောက်တာတောင် ကချင်တွေက အများဆုံးလို့ သိရတယ်။ တချို့က အမျိုးသားရှိတာလည်း ရှိတယ်။ တချို့က အမျိုးသား မရှိဘူးပေါ့။ E တွေ K တွေ တိုက်မယ်ဆိုရင် ညသန်းခေါင်ခေါ်လည်း သွားကြတာ”လို့ မြစ်ကြီးနားက ဒေသခံတစ်ဦးက ပြောပါတယ်။
လူငယ်တွေကလည်း မူးယစ်ဆေးဝါးသုံးစွဲသူတွေ များလာပြီး အသက်မပြည့်သေးတဲ့ လူငယ်မိန်းကလေးတွေ ကိုယ်ဝန်ရသွားတာတွေ ပိုမိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အတိုကောက် K နဲ့ E လို့ခေါ်တဲ့ Ketamine (ကတ်တမင်း) နဲ့ Ecstasy (အက်တစီ) တွေကို Club တစ်ချို့နဲ့ KTV တွေမှာ လိုက်ရောင်းနေတဲ့ သူတွေရှိသလို လူငယ်တွေအများကလည်း အဲတာတွေ သုံးစွဲကြတယ်လို့ ပြောပါတယ်။
Ketamine နဲ့ Ecstasy ဆိုတာ စိတ်ကိုပြောင်းလဲစေတဲ့ ရူးသွပ်သွားတဲ့အထိ ဖြစ်စေနိုင်တဲ့ မူးယစ်ဆေးဝါး ဖြစ်တယ်လို့ Duwun Specialist Clinic & Diagnostic ဖေ့ဘွတ်ပေ့ဒ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
“အဓိကကတော့ ကတ်တမင်း သုံးစွဲပြီးနောက်မှာ ကိုယ့်ရဲ့ လက်ရှိအခြေအနေ၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ လုံးဝ ကင်းကွာ သွားစေပါတယ်။ ဒီအချိန်မှာ အစစ်အမှန် မဟုတ်တဲ့ ပုံရိပ်တွေကို မြင်ယောင်လာတယ်။ လက်ရှိ ခံစားချက်တွေ ပျောက်သွားပြီး အိပ်မက်ထဲ ရောက်သလို စိတ်မြူးထူးလာမယ်၊ စိတ်ကြွလာမယ် ဒီတော့ ခဏတစ်ဖြုတ်တော့ လူငယ်တွေ သဘောကျကြတယ်ပေါ့.. ဒါပေမယ့် တဖြေးဖြေးချင်း စိတ်တွေ ရှုပ်ထွေးလာမယ်.. စိတ်တိုလာမယ်.. သတိလွတ်လာမယ်… နှလုံးခုန်နှုန်းတွေ မြန်လာပြီး သွေးပေါင်ချိန်တွေ တက်လာပါလိမ့်မယ်။”လို့ ရေးထားပါတယ်။
E ခေါ် Ecstasy ဟာ လှုံ့ဆော်မှုကိုပေးတဲ့ စိတ်ကြွဆေးဖြစ်ပြီး လိင်ပိုင်းဆိုင်ရာနှိုးဆွမှု ဖြစ်စေတဲ့ မူယစ်ဆေးဝါးတစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။
“E ရဲ့ အာနိသင်က ၂ နာရီကနေ ၄ နာရီလောက် ကြာတတ်ပါတယ်။ ဆေးရဲ့ အာနိသင်ကုန်ခါစမှာ စိတ်တွေပြန်ကျလာမယ်၊ ဂဏှာမငြိမ်ဖြစ်နေမယ်။ စိတ်စုစည်းရတာ ခက်လာမယ်၊ ဒီလို လက္ခဏာတွေကို ရက်ပေါင်းအတော်ကြာအောင် ခံစားနေရမှာပါ။ ဒါ့အပြင် E က အသည်း၊ ကျောက်ကပ်နဲ့ နှလုံးကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး မှတ်ဉာဏ်လျော့နည်းလာတာ၊ စိတ်ဓါတ်ကျတာ၊ စိတ်ပူပန်သောကရောက်တာ စတဲ့ ဆိုးကျိုးတွေအထိ ခံစားရနိုင်ပါတယ်။”လို့ Duwun Specialist Clinic & Diagnostic မှာ ရေးသားထားတာကို တွေ့ရပါတယ်။
BBC News မြန်မာက ၁၇ ဇူလိုင် ၂၀၁၅ ရက်စွဲနဲ့ ဖော်ပြထားတဲ့ သတင်းစားမျက်နှာမှာလည်း ကက်တမင်း မူးယစ်ဆေး အကြီးအကျယ် ထုတ်တဲ့ တရုတ်နိုင်ငံ Guangdong ကွမ်တုံး ပြည်နယ်ထဲက ပေါဆယ့်ရွာကို ရဲတွေက ဝင်ရောက်စီးနင်းဖို့ ၆ နှစ်လုံးလုံး စီစဉ်ခဲ့ရတဲ့အကြောင်း ရေးသားထားတဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို တွေ့ရပါတယ်။
“ပေါဆယ့်ရွာက မူးယစ်ရာဇာတွေဟာ နယ်မြေဆိုင်ရာ ကွန်မြူနစ်ပါတီနဲ့ ဒေသခံရဲတွေထဲမှာ သူတို့အတွက် သတင်းပေးတွေကို မွေးထားကြ”လို့ ဝင်ရောက်စီးနင်းဖို့ ၆ နှစ်လုံးလုံးအချိန်ယူခဲ့ရတာ ဖြစ်တယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
အဆိုပါ K ခေါ် ကက်တမင်းနဲ့ E တွေကို မြစ်ကြီးနားမြို့မှာရှိတဲ့ Club နဲ့ KTV တွေက သူတို့ကိုယ်တိုင် မရောင်းပေးပေမဲ့ အလွယ်တကူရရှိနိုင်တာဖြစ်လို့ သုံးစွဲသူလူငယ်တွေများလာပြီး တစ်ချို့ KTV၊ Club တွေမှာ ဟိုင်းခန်းတွေ (E နဲ့ K ရှူတဲ့အခန်း) တောင်ပါတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“မိန်းကလေးတွေဆို ငယ်ငယ်လေးတွေ အများကြီးပဲ (အသက်) ၁၇၊ ၁၈ (နှစ်) အရွယ်တွေ၊ တခါတလေ အဲထက်ငယ်တဲ့ သူတွေတောင် လာတယ်။ လောပန်းတွေ ပိုက်ဆံရှိတဲ့သူတွေနဲ့ သွားတာအများကြီးပဲ။”လို့ ဒေသခံတစ်ဉီးက ပြောပါတယ်။
Club တွေ KTV တွေကနေ ညအချိန်မတော်ပြန်လာလို့ ဖမ်းဆီးခံရတဲ့ လူငယ်တွေလည်း ရှိတယ်လို့ ပြောကြပါတယ်။
အမည်မဖော်လိုတဲ့ လူငယ်တစ်ဦးကတော့ မြစ်ကြီးနားမှာ KTV၊ Bar၊ Club တွေကို လွတ်လွတ်လပ်လပ်ဖွင့်ခိုင်းပြီး လူငယ်တွေကိုလည်း ပျော်ပါးစေကာ နိုင်ငံရေးဘက် စိတ်မပါအောင် လုပ်ဆောင်နေတယ်လို့ သူမြင်တဲ့အကြောင်း ပြောပါတယ်။
“KTV၊ Bar တွေ ဖွင့်တာက တခြားသူတွေ များတယ်။ သွားတာက ကျနော်တို့ လူငယ်တွေကို ပျော်ပါးစေပြီး နိုင်ငံရေးဘက် စိတ်မပါအောင် ဖမ်းချင်တဲ့အချိန် ဖမ်းလို့ရအောင် လုပ်တယ်လို့ပဲ မြင်တယ်။ ဖွင့်ထားတဲ့သူတွေလည်း တခြားလူမျိုးတွေ ဖွင့်တာများတယ်။”လို့ အမည်မဖော်လိုတဲ့ မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။