ပိုမိုနက်ရှိုင်းရှုပ်ထွေးလာမည့် ကချင်ပြည်နယ်က ပြည်သူ့စစ် အန္တရာယ်
အထူးဆောင်းပါး။ 31 August 2022 – Kachinwaves
မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မဟာဗျူဟာကို တပ်မတော်လို့ခေါ်သည့် စစ်အာဏာရှင်တပ်အပြင် ၎င်း၏ ဆန့်ကျင်ဘက် နိုင်ငံရေးသမားများနှင့် တော်လှန်ရေးအဖွဲ့အစည်းများကလည်း ကျင့်သုံးကြပါသည်။ ဆန့်ကျင်ဘက် ဘက်နှစ်ဘက်၏ တူညီသော ပြည်သူ့စစ်မဟာဗျူဟာ၏ အဓိကရည်မှန်းချက်မှာ အတိုက်အခံ သို့မဟုတ် ရန်သူကို အနိုင်တိုက်နိုင်ရန် စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်လာရန် စီမံခြင်းဖြစ်သည်။ သို့သော် စစ်အာဏာရှင်တပ်က ရေလောင်းပေါင်းသင်ပေးထားသည့် ပြည်သူ့စစ်အဖွဲ့ များပြားလာခြင်းသည် နိုင်ငံရေးပဋိပက္ခများကို ပိုမိုရှုပ်ထွေးလာစေပြီး ပြဿနာကို မီးမွေးပေးသည့် လုပ်ရပ်များသာ ဖြစ်လာပါသည်။
“ပြည်သူ့စစ်ဆိုသည်မှာ လက်နက်ကိုင်တိုက်ပွဲဝင်သူများ၏ အဖွဲ့ဖြစ်ပြီး များသောအားဖြင့် သီးခြားတိုင်းရင်းသား၊ ကိုးကွယ်မှုဆိုင်ရာ၊ မျိုးနွယ်စုဆိုင်ရာ၊ လူအုပ်စု၊ သို့မဟုတ် အခြားလူမျိုးစုအုပ်စု သို့မဟုတ် နိုင်ငံရေးပါတီများကို ကိုယ်စားပြုပါသည်။”ဟု ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေသည့် ဂျွန်ဗျူခန်နန် (အာရှဖေါင်ဒေးရှင်း)၏ “မြန်မာနိုင်ငံမှ ပြည်သူ့စစ်အဖွဲ့များ” သုတေသန အစီရင်ခံစာတွင် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
၎င်း၏ အစီရင်ခံစာသည် ၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေး ကာလမတိုင်မီ လေးနှစ်ကျော်အလိုက ဖြစ်သည့်အတွက် လက်ရှိကာလ၌ ဖြစ်ပေါ်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီကျောထောက်နောက်ခံဖြင့် လှုပ်ရှားနေသည့် အဖွဲ့များကို ပြန်လည်ထည့်သွင်း လေ့လာသုံးသပ်ရမည်ဖြစ်ပါသည်။ သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ချပြသည့် ပြည်သူ့စစ်မဟာဗျူဟာနှင့် စစ်အာဏာရှင်တပ်ဘက်က ဖွင့်ဆိုထားသည့် ပြည်သူ့စစ်မဟာဗျူဟာများသည် သဘောတရားအရ ကွဲလွဲမှုမရှိသည်ကို ယခုဆောင်းပါး၏ အဖွင့်မှာပြောဆိုထားသည့်အတိုင်း တွေ့ရပါသည်။ ယခုဆောင်းပါးသည် ကချင်ပြည်နယ်တွင် ပြည်သူ့စစ်နှင့် ဆက်နွယ်၍ ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးပြဿနာကို ခြုံငုံမိစေရန် ရည်ရွယ်ပါသည်။
ဂျွန်ဗျူခန်နန်၏ သုတေသန အစီရင်ခံစာတွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များကို “တပ်မတော်အတွင်းသို့ ပေါင်းစည်းထားသော ပြည်သူ့စစ်၊ တပ်မတော်သို့ ပေါင်းစည်းထားခြင်းမရှိသည့် ပြည်သူ့စစ်၊ တပ်မတော်က ထိန်းချုပ်လုပ်ဆောင်သော ရပ်ရွာအခြေပြုပြည်သူ့စစ်”ဟု အမျိုးအစား (၃)မျိုးခွဲခြားထားသည်။
၎င်းအမျိုးအစား (၃)မျိုးမှ တပ်မတော်အတွင်းသို့ ပေါင်းစည်းထားသော ပြည်သူ့စစ် (နယ်ခြားစောင့်တပ် – BGF) နှင့် တပ်မတော်သို့ ပေါင်းစည်းထားခြင်းမရှိသည့် ပြည်သူ့စစ်များသည် အစိုးရ သို့မဟုတ် စစ်တပ်ကို တစ်ချိန်က တော်လှန်တိုက်ခိုက်ခဲ့ကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများအား အသွင်ပြောင်းထားခြင်း ဖြစ်သည်။ နယ်ခြားစောင့်တပ်သည် စစ်တပ်၏ “အမိန့်ပေးစနစ်တည်ဆောက်ပုံတွင် ပေါင်းစည်းထားခြင်း” ဖြစ်သည်။ တပ်မတော်သို့ ပေါင်းစည်းထားခြင်းမရှိသည့် ပြည်သူ့စစ်များသည် စစ်တပ်၏ အမိန့်ပေးမှုအောက်တွင် ရှိနေသော်လည်း ၎င်းတို့၏ အရွယ်အစား၊ အင်အား၊ အမိန့်နာခံမှု အဆင့်ဆင့် တည်ဆောက်ပုံ၊ သမိုင်းကြောင်းနှင့် ဝင်ငွေအရင်းအမြစ်များတွင် သိသိသာသာကွဲပြားခြားနားပြီး စစ်တပ်မှ လစာရိက္ခာများကိုလည်း မရရှိကြောင်း ဂျွန်ဗျူခန်နန်၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထို့အပြင် တပ်မတော်က ထိန်းချုပ်လုပ်ဆောင်သော ရပ်ရွာအခြေပြုပြည်သူ့စစ်သည် “ရပ်ရွာအတွင်းရှိ အရပ်သားများအား စုဆောင်းပြီး တပ်မတော်မှ သင်တန်းပေးကာ လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်”ဟု ဆိုသည်။ ၎င်းပြည်သူ့စစ်များကလည်း မြန်မာနိုင်ငံမှ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများနည်းတူ ပုံစံတကျဖြစ်စေ၊ ပုံစံမကျပဲဖြစ်စေ အခွန်ကောက်သည့်ပုံစံ အမျိုးမျိုးရှိသည်။ အထက်မှာဖေါ်ပြထားသည့် ပြည်သူ့စစ်များအားလုံးသည် စစ်ဆင်ရေးများအပါအဝင် စစ်တပ်ကို နည်းအမျိုးမျိုးဖြင့် ကူညီနေရသည့် အဖွဲ့များဖြစ်သည်။
မြန်မာနိုင်ငံက ပြည်သူ့စစ်အဖွဲ့နှင့် အဖွဲ့ဝင်အရေအတွက်ကို တိတိကျကျ သိရှိနိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်ဟု သုတေသနပြုလုပ်သူများက ဆိုပါသည်။ KIO ၏ သတင်းနှင့် ပြန်ကြားရေးဌာနအတွင်း ထုတ်ဝေထားသည့် မှတ်စုစာအုပ်၌ ဖေါ်ပြထားသော အချက်အလက်တစ်ခုအရဆိုလျှင် ကချင်ဒေသတွင် မြန်မာစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပေါင်း (၃၀)ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၂၅)ဖွဲ့ရှိသည်။ သို့သော်လည်း ၎င်းတို့အားလုံးသည် အမြဲတမ်း တက်ကြွလှုပ်ရှားနေသည့် အဖွဲ့များတော့ မဟုတ်ပေ။ ကချင်ပြည်နယ်အတွင်း ပြည်သူ့စစ်များ၏ လှုပ်ရှားမှုရေရှိန်သည် ၎င်းတို့ဩဇာခံထားသည့် စစ်အာဏာရှင်တပ်နှင့် ကေအိုင်အိုကြား ဖြစ်ပေါ်နေသော စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့် သက်ဆိုင်နေပါသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)နှင့် တပ်မတော်အစိုးရကြား ၁၇ နှစ်ကြာ ထိမ်းထားနိုင်ခဲ့သော အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီမှု ပျက်ပြယ်သွားပြီးနောက် ကချင်ဒေသတွင် တကျော့ပြန်စစ်ပွဲ ဖြစ်ပွားလာသည်။ ယင်း တကျော့ပြန်စစ်ပွဲ ဖြစ်ပွားလာပြီး တစ်နှစ်ခန့်အကြာ ၂၀၁၂ ခုနှစ် မေလတွင် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ၌ (ရှမ်းနီ) ကျေးရွာအခြေပြုပြည်သူ့စစ် ဖွဲ့လာပါသည်။ အချို့သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ပြည်သူ့စစ် သင်တန်းဆင်းအင်အား ၈၀၀ ကျော်ရှိသည်ဟု ဆိုပါသည်။ တာလောကြီးကျေးရွာ ပြည်သူ့စစ်သည် ကေအိုင်အေနှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်တပ်ကိုကူညီပေးခဲ့ကြောင်း ကေအိုင်အေ သတင်းရင်းမြစ်ဘက်က ဆိုပါသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဝူယန်ပြည်သူ့စစ် (လီဆူ)၊ ဝရာဇွပ်ပြည်သူ့စစ် (ရှမ်းနီ) ဦးဒန်ကူးဒန်ဦးဆောင်သည့် ဌာနေပြည်သူ့စစ် (ရဝမ်)နှင့် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တို့သည် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲများတွင် ပူးပေါင်းပါဝင်နေသည့် သတင်းများ တွေ့ရများလာသည်။ ထို့အပြင် ကေအိုင်အေ နှင့် ကချင်ပြည်နယ်မှ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကလည်း ယင်းပြည်သူ့စစ်စခန်းများကို သွားရောက်တိုက်ခိုက်သည့် တိုက်ပွဲများရှိခဲ့သည်။ ၎င်းပြည်သူ့စစ်များသည် စစ်အာဏာမသိမ်းမီကတည်းက ဖွဲ့စည်းထားသည့် ပြည်သူ့စစ်များဖြစ်သည်။ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ကလွဲလျှင် ကျန်သည့်ပြည်သူ့စစ်များသည် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ပေ။
SNA ကို “၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရှမ်းနီလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည်။ ရှမ်းနီအမျိုးသားတပ်မတော် (SNA) သည် ရှမ်းနီပြည်နယ်ရရှိရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖော်ထွန်းရေး၊ ရှမ်းမျိုးနွယ်စုများ အားလုံး စည်းလုံးညီညွတ်မှုရရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် မူ (၅) ချက်ကို ချမှတ်အကောင်အထည်ဖော်လျှက် ရှိသည်။”ဟု တိုင်းလိုင် ရှမ်းနီအသံ သတင်းစာမျက်နှာ၌ ဖော်ပြထားသည်။ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင် လှုပ်ရှားနေသည့် SNA သည် ၎င်းတို့အား ပြည်သူ့စစ်အဖြစ် သတ်မှတ်ခြင်းကို ငြင်းဆန်ပြီး “ရှမ်းနီအမျိုးသားများအတွက် ဖွဲ့စည်းထားတဲ့ ရှမ်းနီအမျိုးသားများ တပ်မတော်ဖြစ်တယ်။”ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက တိုင်းလိုင် ရှမ်းနီအသံကို ဖြေကြားထားသည်။ SNA ကို စစ်ကောင်စီက ဆက်သွယ်လာခြင်း မရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း ကမ်းလှမ်းလာခြင်းမရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆေစိုင်းထွန်း၏ ဖြေကြားချက်ကို တိုင်းလိုင် ရှမ်းနီအသံ၌ ၂၀၂၁ စက်တင်ဘာ ၂၃ ရက်နေ့တွင် ဖော်ပြထားသည်။
အင်အားတောင့်တင်းသည့် လက်နက်ကိုင်အဖွဲ့ မဟုတ်သေးသော်လည်း မြန်မာစစ်တပ်နှင့် ယခင်ကတည်းက ထိတွေ့တိုက်ပွဲများရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်တွင်လည်း စစ်ကောင်စီတပ်နှင့် စစ်ကိုင်းတိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ သို့သော် ၂၀၂၂ ခုနှစ် ဇွန်လကုန်ပိုင်းမှ စတင်က ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာဘက်တွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာ၍ ကေအိုင်အေ အပြင် PDF တို့နှင့် စစ်ရေးတင်းမာမှု ဖြစ်လာသည်။ ဇူလိုင်လ ၁၆ ရက်နေ့မှ ဩဂုတ်လ တစ်ဆယ်ရက်ကျော်အထိ ဆယ်ဇင်းကျေးရွာနှင့် ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် SNA သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် သတင်းများ တွေ့လာသည်။
SNA ၏ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ဇာတိဖြစ်သည့် ဗိုလ်ချုပ် စဝ်ခွန်ကျော် (ခေါ်) ရဲဘော်သံချောင်း (ခ) ဦးမြင့်စိုးသည် ၂၀၂၁ ခုနှစ် မေလ ၂၆ ရက်နေ့တွင် လုပ်ကြံခံရသဖြင့် နောက်တစ်ရက် (၂၇ ရက်နေ့)နံနက်တွင် သေဆုံးသွားပါသည်။ ၎င်းအားလုပ်ကြံသူမှာ မြန်မာစစ်တပ်ဘက်က လုပ်ကြံပစ်သတ်ခြင်းဖြစ်ကြောင်း SNA ဘက်က စွပ်စွဲခဲ့သည်။
စဝ်ခွန်ကျော် (ခေါ်) ရဲဘော်သံချောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း စစ်ရေးတာဝန်ခံအဖြစ်လည်း လူသိများပါသည်။ ၎င်းသည် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကေအိုင်အို ထိန်းချုပ်နယ်မြေ ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သော တောခိုကျောင်းသားများ အချင်းချင်း စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်တွင် အဓိကပါဝင်သူဟု စွပ်စွဲခံထားရသူ ဖြစ်သည်။”
ကေအိုင်အိုနှင့် တပ်မတော်အစိုးရ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက်တွင် စဝ်ခွန်ကျော်သည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် SSPP/SSA မှ နုတ်ထွက်ကာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပူးပေါင်းသွားသည်။ ၂၀ဝ၆ ဇန်နဝါရီ ၁ တွင် စဝ်ခွန်ကျော်အဖွဲ့ကို ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ နမ့်တီးရွာတွင် မြန်မာစစ်တပ်က ပိတ်ဆို့ဖမ်းဆီးခဲ့ပြီး သေဒဏ်ချမှတ်ခဲ့သည်။ ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၂၀၁၈ ခုနှစ် ဧပြီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း SNA ဒုတိယစစ်ဦးစီးချုပ်ဖြစ်နေချိန် လုပ်ကြံပစ်သတ်ခံရသည်။ ကေအိုင်အေနှင့် စစ်ကောင်စီတပ်ကြား ဖြစ်ပွားသည့်တိုက်ပွဲများတွင် ရှမ်းနီအမျိုးသားများ တပ်မတော်က စစ်ကောင်စီတပ်နှင့် ပူးပေါင်းတိုက်ခိုက်လာခြင်းသည် စဝ်ခွန်ကျော် သေဆုံးသွားခြင်းနှင့် သက်ဆိုင်မှုရှိမရှိကိုမူ သုံးသပ်နိုင်ခြင်း မရှိသေးပေ။
ကချင်ပြည်ပြည်နယ်တွင် SNA အပြင် စစ်ကောင်စီ၏ ကျောထောက်နောက်ခံဖြင့် ရှမ်းနီလူမျိုးများ ဦးစီးဖွဲ့စည်းသော ရပ်ရွာအခြေပြု ပြည်သူ့စစ်အဖွဲ့ အင်အားကောင်းလာသည်။ ယင်းပြည်သူ့စစ်များ၏ တရားဝင်အမည်များမှာ အခြားတစ်ခုဖြစ်သော်လည်း ပြည်သူအများက ရှမ်းနီပြည်သူ့စစ်ဟု နားလည်ထားကြသည်။
ရှမ်းနီအမျိုးသားများ တပ်မတော်၏ နိုင်ငံရေးရည်ရွယ်ချက်တွင် ရှမ်းနီပြည်နယ်ရရှိရေးပါရှိသလို တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ရည်ရွယ်ချက်တွင်လည်း အလားတူပါဝင် ပါသည်။ ထို့အပြင် ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် ခရိုင်များအပါအဝင် စစ်ကိုင်းတိုင်းမှ ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာစသည့် ခရိုင်များကိုစုပေါင်းကာ ရှမ်းနီပြည်နယ်သတ်မှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ပါတီဥက္ကဌဦးဌေးအောင်က “ဗမာလူမျိုးကြီးဝါဒကို တော်လှန်ရင်းနဲ့ ကချင်လူမျိုးကြီး ဝါဒကျင့်သုံးတာ”ဟု ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် မဇ္ဈိမမီဒီယာနှင့် တွေ့ဆုံမေးမြန်းသည့်အခါ ပြောဆိုခဲ့ပါသည်။
အလားတူ ကချင်ပြည်နယ်တွင် ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ဒေသရရှိရေးနှင့် လူမျိုးအမည်မှန် ပေါ်ပေါက်ရေးတောင်းဆိုကာ ကေအိုင်အေကို ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချနေသူမှာ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဥက္ကဌ ဦးရွှေမင်း (ခ) ဆီဖာလာလူး ဖြစ်ပါသည်။ ၎င်းသည် အများက လီဆူပြည်သူ့စစ်အဖြစ် သိမှတ်ထားသည့် ရပ်ရွာအခြေပြု ပြည်သူ့စစ်အဖွဲ့များကို အကြံပေးဦးဆောင်ကာ ထောက်ခံနေသူ ဖြစ်သည်။ ဦးရွှေမင်းဦးဆောင်သည်ဟု အများကနားလည်ထားကြသည့် ပြည်သူ့စစ်အဖွဲ့သည် ကေအိုင်အေနှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတိုက်ခိုက်နေသည်။
ဦးရွှေမင်းသည် ဒီမိုကရေစီသစ်တပ်မတော်-ကချင် (New Democratic Army – Kachin) အဖွဲ့တွင် ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏ ဖခင်ဦးဟော်လောဂျီလည်း ကောင်စီဗဟိုကော်မတီဝင် ဖြစ်ခဲ့သည်ဟု ယခင် NDA-K ဌာနချုပ် ပန်ဝါမြို့တွင် နေထိုင်ခဲ့သော သတင်းရင်းမြစ်တစ်ဦးက ပြောပါသည်။ ၂၀၀၅ ခုနှစ်တွင် ၎င်း၏ အထက်အရာရှိ G-1 ဦးမန်ကီးခေါင်လွမ်းသည် ဦးဇခုန်တိန့်ယိန်းအား အာဏာသိမ်းရန်ကြံစီမှုတွင် အရေးနှိမ့်သွားပြီးနောက်ပိုင်းတွင် ဦးရွှေမင်းလည်း ပန်ဝါနယ်ကို စွန့်ခွာသွားပြီး ဖားကန့်တွင် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။
ဦးရွှေမင်းကို လူသိနည်းခဲ့သော်လည်း ဒူးလေးပါတီဥက္ကဌဖြစ်လာပြီး ကေအိုင်အေကို ဝေဖန်ရှုတ်ချမှုများပြုလုပ်ကာ ကေအိုင်အေ ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဦးဆောင်ပြုလုပ်လာသည့် နောက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်း ၎င်းကို သတိထားလာကြသည်။ ၎င်းဦးဆောင်သည့် ပါတီ၏ Facebook စာမျက်နှာတွင်လည်း ကေအိုင်အေကို ဆန့်ကျင်ရှုတ်ချသည့် ပို့စ်များ တင်ထားသည်ကိုလည်း တွေ့ရသည်။ ထို့အပြင် ကချင်ပြည်နယ်မှ ပူတာအို၊ မချမ်းဘော့၊ ဆော့လော်၊ ခေါင်လန်ဖူးနှင့် ချီဖွေမြို့နယ်များကို လီဆူအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးရန်နှင့် “လီဆူ”ဆိုသည့် လူမျိုးအမည်မှန်ကို တရားဝင်သတ်မှတ်ပေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံတွင် တောင်းဆိုခဲ့သူ ဖြစ်ပါသည်။ ထို့အပြင် လူမျိုးအမည်နာမကို အခြေခံပြီး ပြည်နယ်အမည်ပေးခြင်းထက် ပထဝီဒေသန္တရအမည်နာမကို အခြေခံ၍ ပြည်နယ်အမည်ကို သတ်မှတ်ပေးသင့်သည်ဟု တင်ပြခဲ့သူ ဖြစ်သည်။
ဒူးလေးပါတီ၏ အဆိုပါတောင်းဆိုမှုကို ကန့်ကွက်ကြောင်း ပူတာအိုတွင် ဒေသခံပြည်သူ ထောင်ချီပါဝင်သည့် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့၌ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် အထက်တွင် ဖော်ပြခဲ့သည့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ဒူးလေးပါတီ၏ တောင်းဆိုချက်ကို ကချင်နိုင်ငံရေးပါတီများနှင့် စာပေနှင့် ယဉ်ကျေးမှုကော်မတီများက ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။
လက်ရှိ စစ်ကောင်စီကိုင်စွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အထက်ပါအကြောင်းအရာများကို နှပ်ကြောင်းပေးထားသည့် ပုဒ်မများပါရှိပြီး စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း သတင်းစာရှင်းလင်းပွဲများတွင် ပြောကြားခဲ့သည့်အချက်များလည်း မီးလောင်ရာလေပင့် ဖြစ်နေပါသည်။ ပြည်သူ့စစ်ဖွဲ့ရခြင်း၏ ရည်မှန်းချက်မှာ “ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်မှုကို ချေမှုန်းရန်” ဖြစ်သည်ဟု ၂၀၂၂ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်လင်းပွဲ၌ ပြောကြားခဲ့သည်။ ထို့အပြင် ဇူလိုင် ၁ ရက်နေ့တွင် ပြုလုပ်သည့် ၁၇ ကြိမ်မြောက် သတင်းစာရှင်လင်းပွဲ၌ ကေအိုင်အေနှင့် ရှမ်းနီလူမျိုးများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်သည် ကေအိုင်အေ ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ဆန့်ကျင်ဆန္ဒပြသူများမှ ကေအိုင်အေကို ပြစ်တင်ရှုတ်ချသည့် စကားသံများနည်းတူ ပြောကြားခဲ့ပါသည်။ ထိုမျှမက ရှမ်းနီပြည်နယ်တောင်းဆိုမှုနှင့် ပတ်သက်၍လည်း အလားတူ ဖြစ်ပါသည်။
အထက်မှာ ဖော်ပြခဲ့သည့် ပြည်သူ့စစ်များနှင့် အဖွဲ့ဖြစ်ပေါ်လာမှု အသွင်မတူသည့် ကချင်ပြည်နယ်က အခြားပြည်သူ့စစ်များသည် ယခင်က ကေအိုင်အို အဖွဲ့ဝင်များ ဖြစ်ခဲ့ကြပါသည်။ ၁၉၈၉ နောက်ပိုင်းတွင် စစ်အာဏာရှင် အဆက်ဆက်နှင့် ပလဲနံပတ်သင့်ခဲ့ပြီး ယခင် NDA-K ခေါင်းဆောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇခုန်တိန့်ယိန်းသည် ယခင်က ၎င်းတို့၏ ထိန်းချုပ်နယ်မြေ ဖြစ်ခဲ့သော ဝိုင်းမော်၊ ချီဖွေနှင့် ဆော့လော်မြို့နယ်များတွင် ယခုအချိန်ထိ ဩဇာအထိုက်အလျောက် သက်ရောက်နေဆဲ ဖြစ်ပါသည်။ ဦးဇခုန်တိန့်ယိန်းဦးဆောင်ခဲ့သည့် NDA-K သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းသွားသော်လည်း ၎င်း၏ လူများဖြင့် ပြည်သူ့စစ်ကို ပြန်လည်ဖွဲ့စည်းစေသည်။ ယင်းပြည်သူ့စစ်အဖွဲ့နှင့် ကေအိုင်အေတို့ ဆော့လော်မြို့နယ်အတွင်း ထိတွေ့တိုက်ခိုက်မှုဖြစ်သည့် သတင်းများ ယခုနှစ် မေလပိုင်းတွင် ကြားသိရသော်လည်း ပြင်းထန်ပြီး ရက်ဆက်သည့် တိုက်ပွဲသတင်းများကို မတွေ့ရပေ။ ဦးဇခုန်တိန့်ယိန်းသည် ကေအိုင်အိုမှ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)သို့ ပူးပေါင်းသွားသူဖြစ်သည်။ ဗကပ ပြိုကွဲသွားသည့်အခါ NDA-K ကိုဖွဲ့စည်းကာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူလိုက်ပြီး စစ်အာဏာရှင် အဆက်ဆက်နှင့် ပလဲနံပတ်သင့်နေသူ ဖြစ်သည်။
NDA-K ဌာနချုပ် ပန်ဝါမြို့တွင် ခိုလှုံခဲ့ရပြီး ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်လာသူ၊ KIO ၏ ထောက်လှမ်းရေးနှင့် အမျိုးသားလုံခြုံရေးဌာန (Kai Chyan hte Amyusha Shim Lam) အကြီးအကဲဖြစ်ခဲ့ပြီး အဖွဲ့အစည်းအတွင်း အာဏာလွန်ဆွဲမှုပြဿနာကြောင့် ၂၀၀၄ ခုနှစ်တွင် ခွဲထွက်သွားရသော ဗိုလ်မှူးကြီးလဆန်အောင်ဝါ ဦးဆောင်သည့်အဖွဲ့သည် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဌာနေပြည်သူ့စစ်အဖြစ် တရားဝင် အသွင်ပြောင်းသွားကာ ဝိုင်းမော်မြို့နယ် လဝါယန်နှင့် ဂွေထူကျေးရွာဒေသတွင် အခြေချရန် ယခင်တပ်မတော်အစိုးရက သတ်မှတ်ပေးခဲ့သည်။
ကချင်ပြည်နယ်အတွင်းက မဟုတ်သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄)မှ ၁၉၉၁ ခုနှစ်တွင် ခွဲထွက်သွားသော ဦးမထုနော်သည် ကချင်ကာကွယ်ရေးတပ်ဖွဲ့ (Kachin Defense Army – KDA) ကိုဖွဲ့စည်းကာ ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ၌ အခြေစိုက်ခဲ့သည်။ KDA အဖွဲ့သည်လည်း ၂၀၁၀ ခုနှစ်တွင် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းသွားခဲ့ပါသည်။
- ခြုံငုံသုံးသပ်ချက်။
ပြည်သူ့စစ်ခေါင်းဆောင်များသည် ၎င်းတို့၏နယ်မြေဒေသ သို့မဟုတ် လူမျိုးတူ၊ လူအုပ်စုတူများ၏ ထောက်ခံမှုရရှိရန်နှင့် ၎င်းတို့အပေါ် ဩဇာလွမ်းမိုးမှုရှိနိုင်ရန် ဘာသာရေးအပါအဝင် စာပေယဉ်ကျေးမှုအသင်းအဖွဲ့၊ ကော်မတီများမှတစ်ဆင့် ချဉ်းကပ်ဆောင်ရွက်လေ့ရှိသည်။ ထို့အပြင် နိုင်ငံရေးပါတီများနှင့် ရောယှက်မှုရှိနေသည်။ သို့ဖြစ်၍ စစ်အာဏာရှင်စစ်တပ်က ထောက်ပံ့ဖွဲ့စည်းပေးလိုက်သော ပြည်သူ့စစ်များသည် ရပ်ရွာအခြေပြုထက် လူမျိုးကိုအခြေပြုသည့် ပြည်သူ့စစ် အသွင်သဏ္ဍန် ဆောင်လာနေသည်။ ထိုကဲ့သို့သော ကချင်ပြည်နယ်အတွင်း ကေအိုင်အေကို ချေမှုန်းနိုင်ရန် အသုံးချသည့် ပြည်သူ့စစ်ဗျူဟာသည် ခြေလွန်လက်လွန်ဖြစ်လာကာ ပိုမိုရှုပ်ထွေးသည့် နိုင်ငံရေးပြဿနာကို မီးမွေးပေးသလို ဖြစ်လာနေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆက်လက်ရယူသွားလိုသော စစ်အာဏာရှင်များ၏ နိုင်ငံရေး ရည်မှန်းချက်သာ အောင်မြင်သွားမည်ဆိုလျှင် ကချင်ပြည်နယ်တွင် ပဋိပက္ခများ ပိုမိုရှုပ်ထွေးလာဖွယ်ရှိပြီး ပြည်သူ့စစ်အဖွဲ့များလည်း ထပ်တိုးလာနိုင်ပါသည်။ ထို့သို့ ရှုပ်ထွေးသည့် ပြဿနာများကြောင့် ပြည်နယ်တွင်း နယ်မြေပြဿနာ၊ လူမျိုးရေးပြဿနာများနှင့်အတူ အတူနေတိုင်းရင်းသားများ အချင်းချင်း ပိုမိုစိတ်ဝမ်းကွဲစေသည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ ခြုံငုံကြည့်လျှင် အာဏာရှင်တို့ ကျင့်သုံးနေသည့် ပြည်သူ့စစ်မဟာဗျူဟာသည် တော်လှန်ရေးအဖွဲ့အစည်းများကို အကွဲအပြဲဖြစ်စေရန် အားပေးခြင်း၊ တိုင်းရင်းသားပြည်သူအချင်းချင်းကို ပိုမိုစိတ်ဝမ်းကွဲအောင် အားပေးခြင်းဖြစ်ပြီး ၎င်းလုပ်ရပ်များမှ ထွက်ပေါ်လာမည့် အခင်းအကျင်းများကို အာဏာရှင်တို့က ၎င်းတို့၏ အကျိုးအမြတ်အတွက် အသုံးချနိုင်ရန် ရည်ရွယ်ခြင်းသာ ဖြစ်ပါသည်။
- ကိုးကားစာရင်း။
- ဂျွန်ဗျူခန်နန်၊ ဇူလိုင် ၂၀၁၆၊ မြန်မာနိုင်ငံမှ ပြည်သူ့စစ်အဖွဲ့များ။
- Ministry of Defence – National Unity Government of Myanmar 14 March 2022 “ပြည်သူ့ခုခံတွန်းလှန်စစ် (၆)လပြည့် အစီရင်ခံစာ”
- မြန်မာတိုင်းမ်၊ 22 May 2013
- မြန်မာတိုင်းမ် 24 january 2013
- ဧရာဝတီ၊ ချစ်မင်းထွန်း၊ 21 August 2018
- bbc.com/burmese 18 April 2012
- Frontier Myanmar၊ 23 July 2021
- ဧရာဝတီ 30 May 2021
- တိုင်းလိုင် ရှမ်းနီအသံ၊ Friday, September 24, 2021
- တိုင်းလိုင်ရှမ်းနီအသံ။ 23 SEPTEMBER 2021
- Mizzima – News in Burmese၊ 6 August 2020 “၂၀၂၀ ရွေးကောက်ပွဲနှင့်ကချင်ပြည်နယ်မြင်ကွင်း”
- မဇ္ဈိမ ရန်ကုန်၊ စိုင်းဋ္ဌေးအောင်၊ 20 September 2020 “ဗမာလူမျိုးကြီးဝါဒကို တော်လှန်ရင်နဲ့ ကချင်လူမျိုးကြီး ဝါဒကျင့်သုံးတာ
- Kachin News Group၊ 6 May 2022၊ ဆော့လော်တိုက်ပွဲမှာ စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု ရှိသဖြင့် ဒေသခံများ၏ ဖုန်းနှင့် စကားပြောစက် သိမ်းဆည်း။
- CNI News၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၈
- သတင်းနှင့်မီဒီယာကွန်ရက်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်။
- Myanmar Now၊ ငြိမ်းဆွေ၊ Aug 18, 2022
- Myanmar Now၊ May 29, 2021
- DVB 18 April, 2020 ဟုမ္မလင်းတွင် တပ်မတော်နှင့် ရှမ်းနီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်
- Myanmar Now၊ ငြိမ်းဆွေ၊ Jul 20, 2022၊ KIA သည် စစ်ကောင်စီတပ်ကိုသာမက ရှမ်းနီ SNA တပ်ကိုပါ ရင်ဆိုင်နေရသည်။
- Kachinwaves၊ 4 January 2022၊ ဒူးလေးပါတီဥက္ကဌသည် ဂုဏ်ပြုညစာစားပွဲ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေ
- Myanmar Now၊ ကိုချို၊ Aug 8, 2022
- Eleven News၊ 9 APRIL 2022
- ISP Myanmar Peace Desk၊ Nyein Ko Ko Soe၊ April 22, 2020၊ တိုက်ပွဲဖြစ်ပွားမှုများ (ဧပြီ တတိယပတ်)
- Mizzima News in Burmese၊ 19 February 2022၊ ရဝမ်ပြည်သူ့စစ်ခေါင်းဆောင် ဦးဒမ်ကူးတန်။
- RFA၊ 2016.09.08၊ လီဆူနဲ့ တိုင်းလိုင်ပါတီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတောင်းတာကို ကန့်ကွက်
- RFA၊ 2015.01.03 ကေအိုင်အေရဲ့ ဖမ်းဆီးသတ်ဖြတ် ခံရသူတွေအတွက် ဆုတောင်းပွဲပြုလုပ်
- Kachinwaves၊ 19 July 2022၊ ပြည်သူ့စစ်နှင့် KIA တိုက်ပွဲဖြစ်။
- Kachinwaves၊ 28 July 2022 ဝူယန်ပြည်သူ့စစ်စခန်းကို KIA တိုက်ခိုက်
- Frontier Myanmar August 2, 2019 သွေးကစကားပြောခြင်း၊ (ဝါ) လီဆူတို့အသတ်ခံရမှု ကချင်၌ဆန္ဒပြ
- Kachinwaves 3 June 2019 လီဆူလူမျိုးများ ကေအိုင်ကို ဆန္ဒပြ။
- RFA၊ ကျော်လွင်ဦး 2020.10.26 ဝိုင်းမော်မှာ မနောတိုင်ပါဆိုင်းဘုတ် တည်ဆောက်မှု ယာယီရပ်ဆိုင်း
- Kachinwaves၊ 27 December 2021 စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အား ကေအိုင်အေ တိုက်ခိုက်။
- ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ အခန်း (၇) တပ်မတော်