ဒုစရိုက်မှုများလာတဲ့ မြစ်ကြီးနားမြို့
25 May 2022 – Kachinwaves
ဆိုင်ကယ်၊ ကားနဲ့ ဖုန်းများ လုယက်ခံရတဲ့သတင်းများနဲ့ ပျောက်ဆုံးခိုးယူခံရတဲ့ သတင်းကို လူမှုကွန်ယက် Facebook စာမျက်ပေါ်မှာ နေ့တိုင်းလိုလို မြင်တွေ့လာရပါတယ်။
ပိုမိုဆိုးရွာလာတာတစ်ခုက မြစ်ကြီးနားမြို့မှာ ကားဓါးမြတိုက်တာတွေ နေအိမ်ခြံဝင်းထဲက ကားခိုးခံရတာတွေကိုပါ တွေ့မြင်လာရတာ ဖြစ်ပါတယ်။
အာဏာမသိမ်းခင်ကတည်းက လမ်းသွားလမ်းလာတွေ လုယက်ခံရမှု မကြာခကြာ ဖြစ်နေခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အဏာသိမ်းပြီးနောက်တွင် ပိုမိုဆိုးရွားတဲ့အခြေအနေသို့ ရောက်ရှိသွားတာပဲ ဖြစ်ပါတယ်။
Kachinwaves က စုံစမ်းရရှိထားတဲ့ စားရင်းတွေအရ ၂၀၂၂ မတ်လနဲ့ ဧပြီလ အတွင်းမှာပဲ မြစ်ကြီးနားမြို့ပေါ်မှာ ကားဓါးမြတိုက်မှု ၂မှုနဲ့ ကားခိုးမှု ၂မှုရှိခဲ့တာကိုတွေ့ရပါတယ်။ ဆိုင်ကယ်စီးရင်း လုယက်ခံရမှုတွေနဲ့ နေအိမ်တွင်း ခိုးယူခံရမှုတွေကိုလည်း မကြာခဏကြားနေရတာ ဖြစ်ပါတယ်။
“အခုရက်ပိုင်းက လုတာ ဓါးထိုးတာ သတ်သွားတာတွေပဲ ကြားနေရမြင်နေရတော့ နေ့လည် ဆိုင်ကယ်မောင်းတာတောင် ဘယ်ညာရှေ့နောက် ခဏခဏကြည့်ပြီး မောင်းနေရတယ်။ ညက လုံးဝ အပြင်မထွက်ရဲဘူး။ ညအိမ်မှာနေရင်လည်း ဘယ်အချိန်သူခိုးလာမလဲပဲ စိုးရိမ်ပြီး ကောင်းကောင်းတောင် အိပ်မရဘူး”လို့ မြစ်ကြီးနားမြို့က ကိုနော်နော်(အမည်လွဲ)က ပြောပါတယ်။
ဧပြီ ၂၀ ရက်နေ့ ညကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းလမ်းမပေါ်မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ ဝန်ထမ်းတစ်ဦး ဆိုင်ကနေ အိမ်ပြန်ဖို့ ကားပေါ်အတက်မှာ လူတစ်စုက ဓါးထောက်ပြီး ကားဓါးမြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
မတ်လ၂၄ရက်နေ့ နေ့လယ်ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ သံတိုသံစနဲ့ ဘီယာပုလင်းခွံရောင်းဝယ်သူ ဒေါ်ချိုကို လူငယ် ၃ယောက်က ဓါးနဲ့တိုက်ခိုက် လုယက်ခဲ့တာကြောင့် သေဆုံးသွားပါတယ်။
မတ်လ ၂၇ နေ့ည ၇နာရီခန့်အချိန်တွင်လည်း မြစ်ကြီးနားမြို့ ဂျပန်လမ်း နွားသတ်ရုံအနီးမှာ သေနတ်ထောက်ပြီး ကားတစ်စီးကို လုယက်သွားတဲ့အမှု ဖြစ်ခဲ့ပါတယ်။
“ကျွန်တော်က ဆင်းပေးလိုက်တာ ဆင်းပေးတာနဲ့ တစ်ယောက်က ကားပေါ်ချက်ချင်း တက်လိုက်တော့ ရှာစရာရှိတယ်ဆိုလို့ ကျွန်တော်က မဟုတ်တော့ဘူးဆိုတာ သိတယ်။ သူတို့က သေနတ်နဲ့ ချိန်ထားတော့ မလှုပ်နဲ့ လှုပ်ရင် ပစ်မယ်ဆိုပြီး ကားကိုစက်နိုးပြီး မောင်းသွားကြတာ”လို့ ကားလုယက်ခံရသူက ပြောပါတယ်။
စစ်ကောင်စီရဲတွေကလည်း ဥပဒေအရ ဖမ်းဆီးမှုတွေ အရေးယူမှုတွေမလုပ်ပဲ လုယက်မှုကြောင့် ဖမ်းမိတဲ့သူတွေကိုတောင် ငွေတောင်းပြီး ပြန်လွတ်ပေးနေတာတွေ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
“ဓားထောက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းလုယူတာကြောင့် အဖမ်းခံရတဲ့ လူငယ်တွေ ၁လ လောက်နဲ့ပြန်လွတ်လာတာ၊ တယောက်ကို ၅သိန်းစီလောက်ကုန်တယ်တဲ့”လို့ လုံခြုံရေးအရအမည်မဖော်လိုသူ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောပါတယ်။
ပြန်လွှတ်လာတဲ့လူငယ် ၇ဦးမှာ မတ်လ ၆ရက်နေ့က ဖမ်းဆီးခံရတာဖြစ်ပြီး ဧပြီလ ၄ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့လည်း ဆိုပါတယ်။ အဲဒီလူငယ် ၇ ယောက်မှ ၅ ယောက်က မူးယစ်ဆေးစွဲနေတဲ့သူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။
အလားတူ မြစ်ကြီးနားမြို့ရှိ အခြားရပ်ကွက်များတွင် ဖြစ်ပွားခဲ့တဲ့ လုယက်မှုများတွင် ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ လူငယ်တွေလည်း ရှိတယ်လို့ ပြောပါတယ်။
ရာဇာသတ်ကြီးအရ လုယက်မှု ကျူးလွန်ရင် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀နှစ်ထိ ခမှတ်နိုင်တာဖြစ်ပြီး နေ့ဝင်နေထွက် အချိန်တွင်ကျူးလွန်တဲ့အမှုဖြစ်ရင် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခံရနိုင်တာဖြစ်ပါတယ်။
လုယက်ကျူးလွန်ရာတွင် တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာအောင်(သို့) ထိခိုက်နာကျင်အောင် ပြုလုပ်ရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တာဖြစ်ပါတယ်။
လုယက်မှု ကျူးလွန်ရန် အားထုတ်တဲ့အမှုကို ထောင်ဒဏ် ၇ နှစ်ထိ ချမှတ်နိုင်တာဖြစ်ပြီး လုယက်မှု ဝရမ်းမပါပဲဖမ်းဆီးခွင့်ရှိသလို ကြေးအေးခွင့်လည်းမရှိ အမခံလည်းပေးလို့မရတဲ့ အမှုဖြစ်ပါတယ်။
“ဖမ်းခံရတဲ့သူတွေကို ပြန်လွတ်တယ်ဆိုတော့ ရဲတွေနဲ့တရားသူကြီးတွေက ရာဇဝတ်ကျင့်ထုံနဲ့အညီ အလုပ်မလုပ်တာပေါ့။ သူတို့လိုက်နာရမယ့် ရာဇဝတ်ကျင့်ထုံးတွေကို သူတို့ချိုးဖောက်တာပေါ့”လို့ အထက်တန်းရှေ့နေတစ်ဦးက ဆိုပါတယ်။
နိုင်ငံရေးအမှုတွေကိုပဲ အာရုံပြုနေကြတဲ့အချိန် ရဲအရေးပိုင်ဆိုတော့ အခွင့်အရေးယူပြီး စစ်ကောင်စီရဲတွေနဲ့ တရားတူကြီးတွေက ပေါင်းပြီးလုပ်စားနေတာဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့ မြစ်ကြီးနားမြို့ရှိ လူငယ်တစ်ဦးက ဆိုပါတယ်။
မြို့ပေါ်မှာဖြစ်တဲ့ လုယက်မှုဆိုတာက တရားဥပဒေ စိုးမိုးမှုမရှိဘူးဆိုတဲ့ ပြယုဂ်ပဲလေနော် ဘယ်အစိုးရပဲ အုပ်ချုပ်အုပ်ချုပ် မြို့ပေါ်မှာလုယက်မှုတွေ ခိုဆိုးမှုတွေ များနေပြီးဆိုရင် တရားဥပဒေမရှိဘူးလို့ပဲ ပြောရမှာဖြစ်တယ်လို့ ၂၀၁၅၊ ၂၀၂၀ အနိုင်ရ မိုးကောင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် CRPH အဖွဲ့ဝင် ဦးဝင်းနိုင်က ဆိုပါတယ်။
“လောလောဆယ်ကတော့ မြစ်ကြီးနားမှာ စစ်ကောင်စီက သူအုပ်ချုပ်နေတယ်လို့ တရားဝင်ကြေညာထားတာဖြစ်တဲ့အတွက် သူရဲ့ တရားဥပဒေစိုးမိုးမှု လက်တံ မဖြန့်ကျက်နိုင်ဘူးလို့ သုံးသပ်ရမှပေါ့”လို့ ဆိုပါတယ်။
အခုလို လုယက်မှုတွေ ခိုးမှုတွေ ဓါးမြတိုက်တာတွေ များလာတာက မူးယစ်ဆေးဝါး သုံးစွဲတဲ့လူငယ်တွေ တစ်နေ့ပြီးတစ်နေ့ ပိုများလာတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ဆိုပါတယ်။
“မူးယစ်ဆေးဝါးက အာဏာသိမ်းပြီးနောက်တော့ တကယ်ကို အဆပေါင်းများစွာပိုပိုဆိုးလာတယ်။ ဆိုးလာတယ်ဆိုတဲ့အထဲမှာ သုံးစွဲတဲ့သူလည်းပိုများလာသလို ရောင်းဝယ်တဲ့သူလည်းပိုများလာတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေလည်းတော်တော်များလာတယ်။ ဒီလွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေ အားလုံးလိုလိုသူက ပြန်ရောင်းကြတယ်။ ဒီမူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတဲ့ဘက်ကိုလည်း အာဏာပိုင်တွေက အဲလောက်ထိ ခေါင်းမထည့်နိုင်ဘူးထင်တယ် အဲတာကြောင့်လည်းပိုဆိုးလာတာပေါ့။ သူ့နောက်ဆက်တွဲ ခိုးဆိုးလုယက်တွေလည်းပိုဆိုးလာတယ်။”လို့ မြစ်ကြီးနားက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
သူတို့နေတဲ့ရပ်ကွက်မှာ လူငယ်ယောကျာ်းလေးတွေ ၁၀ ယောက်မှာ ၈ ယောက်လောက်က အဲလိုသုံးစွဲနေကြတယ်လို့ ဆိုပါတယ်။
ဦးဝင်းနိုင်က လက်ရှိအချိန်မှာ စစ်ကောင်စီကို တွန်းလှန်ဖို့က အဓိကဖြစ်တယ်လို့ ဆိုပါတယ်။
“နယ်မြေတွေကို ပြန်အုပ်ချုပ်နိုင်ပြီး စစ်ကောင်စီကို ထွန်းလှန်ပြီးပြီဆိုရင်တော့ တရားဥပဒေစိုးမိုးမှုကို နံပါတ်တစ် တည်ဆောက်မယ်လို့ တိုင်ပင်ညိနှိုင်းထားတာတွေရှိတဲ့အတွက် တရားဥပဒေစိုးမိုးမှုလုပ်မယ်လို့ပဲ ရည်ရွယ်ထားတယ်။ စစ်ကောင်စီက ဘယ်လိုလုပ်သင့်တယ်လို့ကတော့ ကျွန်တော်တို့ကတော့ သုံးသပ်သဘောထားပေးစရာတော့ မရှိဘူး။ သူတို့လည်း သူတို့လမ်း သူတို့သွားနေတာဆိုတော့”လို့ ဦးဝင်းနိုင်က ပြောပါတယ်။