ရွှေတူးဖော်မှုတွေကြောင့် ခြိမ်းခြောက်မှုခံနေရတဲ့ ဌာနေတိုင်းရင်းသားလူမျိုးတွေရဲ့ သမိုင်းဝင်ယာဉ်ကျေးမှု အမွေအနှစ် နေရာများ
ဆောင်းပါး။ 3 March 2023 – Kachinwaves
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ စက်ယန္တယားတွေနဲ့ တရားမဝင် ရွှေတူးဖော်မှုများ ပိုမိုများပြားလာပြီး ကချင်ဒေသက ဌာနေတိုင်းရင်းသားလူမျိုးတွေ တန်ဖိုးထားတဲ့ သမိုင်းဝင်နေရာတွေအထိ တူးဖော်ဖျက်ဆီးခံလာရတာ ဖြစ်ပါတယ်။
စစ်ကောင်စီ အဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် နေရာဒေသ တော်တော်များများမှာ တရားမဝင် ရွှေ တူးဖော်မှုတွေ များပြားလာပြီး ဒေသခံတိုင်းရင်းသားလူမျိုးတွေရဲ့ သမိုင်းရာဇဝင်အရ တန်းဖိုးထားရတဲ့ ယာဉ်ကျေးမှု အမွေအနှစ်နေရာတွေနဲ့ ကချင်ပြည်နယ်ရဲ့ သဘာဝအမွေအနှစ် အထင်ကရ နေရာတွေဖြစ်တဲ့ မြစ်ကြီးနားမြို့အနီးက မြစ်ဆုံ၊ ပူတာအိုမြို့နယ်က အင်ဒွမ်လတပ် (Ndum Latep)၊ မိုးညှင်းမြို့နယ်က အင်းတော်ကြီးအိုင်အနီးနေရာတွေ၊ စစ်ရှောင်ပြည်သူတွေရဲ့ မြေနေရာတွေနဲ့ ကျေးရွာတွေပါမကျန် တူးဖော်နေကြတာ ဖြစ်ပါတယ်။
အခုလို တရားမဝင် ရွှေတူးဖော်မှုတွေကြောင့် ဌာနေတိုင်းရင်းသားတွေရဲ့ ရာဇဝင်သမိုင်းတွေမှာပါရှိတဲ့ သမိုင်းဝင် အထောက်အထား နေရာတွေဟာ ပျောက်ကွယ်သွားတော့မယ့် အန္တရာယ်တွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ ကချင်တွေရဲ့ ရာဇဝင်သမိုင်းနေရာတွေ ယာဉ်ကျေးမှု အမှတ်သင်္ကေတ နေရာတွေပါမကျန် အကုန်လုံး တူးဖော်လာကြတာကြောင့် ဌာနေတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အမှတ်အသားတွေ ပျောက်ဆုံးသွားဖို့ရှိနေကြောင်း ကချင်ပြည်နယ်က သယံဇာတတူးဖော်မှုတွေကို သုတေသန ပြုလုပ်နေတဲ့ သုတေတီတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ တန်ဖိုးထားတဲ့ အရာတွေ ဆုံးရှုံးသွားရင် ကျနော်တို့ရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာ Identity တွေ ဆုံးရှုံးတယ်။ ဒါက အင်မတန်မှ ဌာနေတိုင်းရင်းသားတွေရဲ့ ကြီးမားတဲ့ အခွင့်အရေး ဆုံးရှုံးမှုဖြစ်တယ်။ ဒီဟာတွေ ပျောက်သွားလို့ရှိရင် ကျနော်တို့ ပြန်ပြီးဖော်ပြလို့ မရနိုင်တော့ဘူး။ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်လို့ မြင်ပါတယ်။”လို့ သယံဇာတတူးဖော်မှုတွေကို သုတေသန ပြုလုပ်နေတဲ့ ကချင် သုတေတီတစ်ဦးက ပြောပါတယ်။
UNESCO ရဲ့ ဇီဝအဝန်းအဝိုင်းနယ်မြေ (Biosphere Reserve) အစိတ်အပိုင်းဖြစ်တဲ့ အင်းတော်ကြီးကန်ဟာ တရားမဝင်ရွှေတူးဖော်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိလာနေပြီလို့ အင်းတော်ကြီး ဒေသခံတစ်ဦးကလည်း ဆိုပြောပါတယ်။ တရားမဝင် ရွှေတူးဖော်မှုတွေကြောင့် အင်းတော်ကြီးကန် ထိခိုက်ပျက်စီးလာတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီက ရွှေတူးဖော်မှုတွေကို ဖမ်းဆီးပြခဲ့ပေမဲ့ လူမြင်လွယ်တဲ့ လမ်းဘေးနဲ့နီးတဲ့ နေရာတွေမှာသာ ရပ်နားထားပြီး လမ်းနဲ့ဝေးတဲ့ နေရာတွေမှာ တူးနေကြဆဲဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။
“ကျနော်တို့ အင်းတော်ကြီး ဒေသဘက်မှာတော့ ဟိုတလောကဖမ်းတော့ လမ်းဘေးတွေမှာတော့ ရပ်နေကြတယ်။ အထဲတွေမှာတော့ လုပ်နေကြတယ်။ ရွှေတူးပြီး ထားထားတဲ့ နုန်းမြေတွေက အင်းတော်ကြီးအိုင်ထဲကို နမ်ယမ်းချောင်းကတဆင့် စီးဝင်တယ်။ အခုတောင် ပျက်စီးစရှိလာပြီ။ တစ်နှစ်နည်းနည်း စီးဝင်သွားရင်လည်း မလွယ်ဘူး၊ ရေရှည်ဆိုရင်တော့ ပိုဆိုးမယ်။”လို့ အဆိုပါ ဒေသခံတစ်ဦးက ပြောပါတယ်။
သူတို့ဒေသမှာ ဘက်ဖိုးစက်ယန္တယာကြီးအစီး ၂၀၀ ကျော်နဲ့ ရွှေတူးဖော်နေကြတာဖြစ်တယ်လို့လည်း ဒေသခံက ဆိုပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တန်ဖရဲကျေးရွာ (ဧရာဝတီမြစ်ဖျား) မြစ်ဆုံနေရာအနီးမှာလည်း အခုချိန်ထိ စက်ယန္တယားကြီးတွေနဲ့ တူးဖော်နေကြဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“မြစ်ဆုံမှာလည်း အဏာသိမ်းကတည်းက တူးဖော်နေဆဲပဲ မလိခမြစ်၊ အင်မိုင်ခမြစ် နှစ်ဖက်စလုံးမှာ တူးနေတယ်။ အခုတောင် တော်တော်ပျက်စီးနေပြီ။ ဒေသခံတွေ ကန့်ကွက်လည်း အလကားပဲ မရဘူး။ ပုံမှန်တူးနေဆဲပဲ။ အခုအတိုင်းဆို မြစ်ဆုံတောင် ပျက်စီးသွားနိုင်မယ့် အလားအလာရှိတယ်။”လို့ ဒေသခံတစ်ဦးက စိတ်ပျက်ဒေါသဖြစ်နေတဲ့ လေသံနဲ့ ပြောပြပါတယ်။
ပူတာအိုမြို့နယ် လန်းဒေါင်ကျေးရွာအုပ်စုရှိ ကချင်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ရာဇဝင်သမိုင်းဝင် နေရာတစ်နေရာဖြစ်တဲ့ အင်ဒွမ်လတပ် (Ndum Latep) ဒေသမှာလည်း ရွှေတူးဖော်လာတဲ့အတွက် ဒေသခံတွေက အခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ် ကန့်ကွက်ခဲ့သလို အာဏာသိမ်းပြီးနောက် ကန့်ကွက်ခဲ့တာ သုံးကြိမ်ရှိခဲ့ပြီလို့ သက်ဆိုင်ရာ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေ သွားရောက်ကန့်ကွက်ခဲ့ပြီးနောက် အင်ဒွမ်လတပ်နေရာမှာ ရပ်ဆိုင်းထားပေမဲ့ အနီးအနားနေရာတွေမှာ ဆက်လက် တူးဖော်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်ဒွမ်လတပ် (Ndum Latep) ဆိုတာက ရှေ့ယခင်က ကချင်လူမျိုးတွေ မြေပြန့်ဒေသကို ဆင်းတက်လာတဲ့အချိန် မလိခမြစ်ကိုဖြတ်ဖို့ မြစ်ထဲကျောက်ခဲတွေ ပစ်ထည့်ကာ မြစ်ကိုဖြတ်ကူးခဲ့တဲ့ နေရာဒေသဖြစ်ပြီး အခုထိလည်း အဲဒီနေရာမှာ ကျွန်းလိုမျိုး ကျန်ရှိနေတဲ့ နေရာဖြစ်ပါတယ်။
အင်ဒွမ်လတပ်နေရာဟာ မလိခမြစ်နံဘေးရှိ မချမ်းဘော့မြို့နယ်က ရှိန်ကိုင်ယန်၊ ဖာကန်းယန်၊ ကနိုင်ယန် စတဲ့ စစ်ရှောင်ရွာတွေရဲ့ အနီးပတ်ဝန်းကျင်နဲ့ ပူတာအိုမြို့နယ် မလိခမြစ်နံဘေးနေရာတွေ ပါဝင်ကြောင်း သိရပါတယ်။
၎င်းကျေးရွာများမှ ရွာသားတွေဟာ ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ မချမ်းဘော့မြို့နယ် အင်ခါးဂါးကျေးရွာအနီး မြန်မာစစ်တပ်နဲ့ ကေအိုင်အေ တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်ရှိ စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြရတာ ဖြစ်ပါတယ်။
ပူတာအို ဒေသခံတစ်ဦးကလည်း မချမ်းဘော့မြို့နယ် အင်လွဲယန်ကျေးရွာအောက်ဘက် မလိခမြစ်တလျှောက် ရွှေးတူးဖော်တာတွေ တော်တော်များများ ရှိနေတယ်လို့ ပြောပါတယ်။ အခုလို စက်ယန္တယားကြီးတွေနဲ့ တရားမဝင် ရွှေတူးဖော်နေတဲ့အတွက် စစ်ဘေးရှောင်ကျေးရွာတွေ ပျက်စီးသွားမှာကိုလည်း စိုးရိမ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ စိုးရိမ်းတာက ရွှေတူးတဲ့အတွက်ကြောင့် တောထွက်ပစ္စည်းတွေ ကြိမ်ဖူးတို့၊ ငှက်ပျော်ဖူးတို့ ကောက်စားပြီး မှီးခိုလာတာလည်း အခုရှာဖို့ခက်လာတယ် မရှိတော့ဘူး။ သားငါးတွေ ရှာစားတဲ့ချောင်းတွေလည်း ပျက်စီးလာပြီ။ စစ်ရှောင်သွားတဲ့ ရွာတွေလည်း ပျက်စီးလာပြီ။ မလိခ မြေဇာပုံဖြစ်သွားရင် ကျနော်တို့ ရွာတွေ ရေမြုပ်သွားမယ်။”လို့ ဒေသခံတွေ စိုးရိမ်ကြတဲ့အကြောင်း ပြောပါတယ်။
ကချင်ပြည်နယ်မှာ ပြဌာန်းထားတဲ့ သတ္တုအသေးစားနဲ့ လက်လုပ်လက်စား လုပ်ငန်းဥပဒေမှာ ရွှေတူးဖော်မှုတွေကို မြစ်ချောင်းတွေကနေ ပေသုံးရာအကွာအဝေးနေရာတွေမှာသာ တူးခွင့်ရှိကြောင်း ပါရှိပါတယ်။ ရွှေတူးဖော်မှုတွေကနေ ထွက်ရှိလာတဲ့ စွန့်ပစ်မြေဇာတွေကိုလည်း မြစ်ထဲစွန့်ပစ်ခွင့် မရှိကြောင်း ပြဌာန်းထားပေမဲ့ လက်ရှိ တရားမဝင် ရွှေတူးဖော်သူတွေဟာ အဆိုပါ ဥပဒေစည်းကမ်းတွေနဲ့ ဆန့်ကျင်ပြီး တူးဖော်နေကြတာ ဖြစ်ပါတယ်။
NLD အစိုးရလက်ထက်မှာ ၂၀၂၀ မေလကုန်အထိ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနကနေ လုပ်ကိုင်ခွင့် ပြုထားတဲ့ အသေးစား ရွှေလုပ်ကွက် ၂၂၃ ကွက်နဲ့ တစ်ပိုင်တစ်နိုင် ရွှေလုပ်ကွက် ၂၆၂ ကွက်ရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကလည်း သူတို့ အစိုးရလက်ထက်မှာ ကချင်ပြည်နယ်အတွင်း ရွှေတူးဖော်မှုတွေကို ခွင့်ပြုထားတာမရှိကြောင်း သတင်းမီဒီယာတွေမှာ ပြောဆိုထားတာ ရှိပါတယ်။
တရားမဝင် ရွှေတူးဖော်မှုတွေဟာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာ သာမက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွေ၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာလည်း တူးဖော်နေတာ ဖြစ်ပါတယ်။
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ရွှေတူးဖော်ဖို့ လမ်းညွန်းချက် ပေါ်လစီတွေကို KIO အနေနဲ့ တိုင်းအဆင့်ကို စာနဲ့ညွှန်ကြားထားပြီး ပေါ်လစီအတိုင်း တူးဖော်ခိုင်းတာဖြစ်လို့ အောက်ခြေက ကော်မတီတွေ သတ်မှတ်တဲ့နေရာတွေမှာ အားနည်းချက်တွေနဲ့ ရွှေးတူးဖော်သူတွေလည်း ခွင့်ပြုချက် မတောင်းဘဲ တူးဖော်နေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်က သယံဇာတတူးဖော်မှုတွေကို သုတေသန ပြုလုပ်နေတဲ့ အမည်မဖော်လိုသူ သုတေတီတစ်ဦးကတော့ အခုလို တရားမဝင် ရွှေတူးဖော်တာက စစ်ကောင်စီတပ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေ၊ နယ်ခြားစောင့်တပ်တွေနဲ့ သယံဇာတတူးဖော်မှုတွေကိုပဲ စိတ်ဝင်စားတဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေမှာ တာဝန်အရှိဆုံးဖြစ်တယ်လို့ ပြောပါတယ်။ အခုလိုမျိုး ဆက်တူးဖော်နေမယ်ဆိုရင် ကချင်ပြည်နယ်က ဌာနေတိုင်းရင်းသား လူမျိုးတွေရဲ့ ရှေ့ရေးကကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိလာမှာဖြစ်ကြောင်း အခုလို ပြောပါတယ်။
“ဒီလိုမျိုးပဲ ဆက်လုပ်နေမယ်ဆိုရင် အထင်ကရနေရာတွေ မကဘူး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု၊ နောက်တစ်ခု ဌာနေတိုင်းရင်းသားတွေ ပြည်သူလူထုတွေ လုပ်ကိုင်စားသောက်ဖို့ အလုပ်အကိုင်တွေလည်း ထိခိုက်နေတယ်။ ရှုံးဆုံးမှုတွေ ဖြစ်မယ်။ တောတောင်သဘာဝအလှတွေလည်း ဆုံးရှုံးပြီးတော့ မတွေးဝံ့တဲ့ ရာသီဥတုဆိုးရွားမှု ဒဏ်တွေ ခံရဖို့ရှိတယ်။”လို့ ပြောပါတယ်။