NUG အစိုးရအဖွဲ့ဝင်များ ပြည်တွင်းပြန်၊ မြေပြင်ဆင်းလာမလား စစ်ကိုင်းတိုင်းမှ စောင့်ကြည့်နေ
–
“နွေဦးတော်လှန်ရေးဟာ – လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေး”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် NUG အစိုးရဝန်ကြီးရုံးများ အများပိုင်းက ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည်။ လေးနှစ်ပြည့်လာတော့မည့် အမျိုးသားညီညွတ်ရေး အစိုးရသည် “အဝေးရောက်အစိုးရ” ဖြစ်လို့ မရကြောင်းလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။ ဒူဝါလရှီးလ၏ ပြောကြားချက်များအပေါ် စစ်ကိုင်းတိုင်း မြေပြင်တွင်လှုပ်ရှားနေကြသည့် ဒေသခေါင်းဆောင်းများနှင့် တော်လှန်ရေးအတွက် တက်ကြွလှုပ်ရှားသူများက ထောက်ခံကြသည့် သဘောတွေ့ရသည်။
PVTV ၌ သရော်စာဆောင်းပါးများကို ရေးသားတင်ဆက်နေသည့် ကိုအောင်နေမျိုးက NUG အစိုးရအဖွဲ့ဝင်များသည် မြေပြင်တွင်ရှိနေသင့်သည့်အကြောင်း ပြောပါသည်။
“နိုင်ငံရေးပဲလုပ်လုပ်၊ တော်လှန်ရေးပဲလုပ်လုပ် ပြည်သူရှိတဲ့မြေပြင်မှာ လုပ်ရတာ။ လေလိုင်းပေါ်က တိုက်အိမ်ဆောက်လို့ မရဘူး။ အခုက လေလိုင်းပေါ်ကနေ လုပ်နေတော့ ပကတိ မြေပြင်အခြေအနေ ဖြစ်စဥ်အမှန်တွေနဲ့ သူတို့ပြောစကားနဲ့ ကွာဟနေပြီ။ တကယ့်သတ္တိရှိရှိ ပြည်သူအတွက် ပေးဆပ်ချင်တယ်ဆိုရင် ပြည်သူနဲ့အတူ ဆိုးတူကောင်းတူ နေကြရမှာပဲလေ။”ဟု ထောက်ပြလိုက်ပါသည်။
NUG အစိုးရဝန်ကြီးဌာနတစ်ခု၏ ခရိုင်တာဝန်ခံအဖြစ် စစ်ကိုင်းတိုင်းတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးကလည်း ပြည်ပရောက်နေသည့် ခေါင်းဆောင်များအနေဖြင့် ပြည်တွင်းထဲပြန်ဝင်ပြီး၊ ပူးပေါင်း ဆွေးနွေးညှိနှိုင်း အဖြေရှာသင့်ပြီဟု သုံးသပ်ပြောဆိုပါသည်။ ကြုံနေရသည့် အိမ်နီးချင်းနိုင်ငံ၏ ဖိအားကိုလည်း မြေပြင်တွင် အတူတကွ ဆွေးနွေးတိုင်ပင်လျှင် ပိုမိုလွယ်ကူနိုင်သည်ဟု ၎င်း၏အမြင်ကို ပြောဆိုသည်။
“အခုက တရုတ်ရဲ့ဖိအားတွေလည်း တအားများနေတဲ့ ကာလဆိုတော့ မြေပြင်က တော်လှန်ရေးအဖွဲ့တွေနဲ့ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်မယ်ဆိုရင်တော့ ပိုအဆင်ပြေမယ်။ မြေပြင်မှာကျတော့ အတူရှိနေတဲ့အတွက် အားလုံးပူးပေါင်းအဖြေရှာပြီးတော့ ညှိနှိုင်းပြီးတိုင်ပင်ရတာ ပိုလွယ်ကူတယ်။”ဟု ဆိုပါသည်။
ထို့အပြင် စစ်ကိုင်းတိုင်းတွင် အခြေစိုက်ပြီး တာဝန်ထမ်းဆောင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးအဖွဲ့ဝင်တစ်ဦးကလည်း အစိုးရဝန်ကြီးအဖွဲ့ဝင်များ မြေပြင်ကိုပြန်လာခြင်း မလာခြင်းထက် ဝန်ကြီးဌာနများကိုလျှော့ချပြီး အင်အားတခုဖြစ်စေရန် လက်တွေ့အလုပ်ကို ဖော်ဆောင်သင့်ကြောင်း အကြံပြုထောက်ပြထားပါသည်။
“ဒါတွေက ဝန်ကြီးမြေပြင်မှာ ရှိခြင်းမရှိခြင်းထက်၊ ဝန်ကြီးဌာနက လုပ်ငန်းဖော်ဆောင်တဲ့နေရာမှာ အသုံးဝင်ခြင်း လိုအပ်ချက်နဲ့ ထပ်တူကျခြင်းက ပိုအရေးပါတယ်။ သယံဇာတ ထိန်းသိမ်းရေးဆို ဝန်ကြီးမြေပြင်ရှိတယ်။ နာမည်မှာကတည်းက ထိန်းသိမ်းဖို့ရည်ရွယ်တာ။ ထုတ်ယူသုံးစွဲရင်လည်း စနစ်တကျနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ဖြစ်ရမှာ။ တချို့ ပကဖ လုပ်ငန်းစဉ်တွေမှာ တခြားဝန်ကြီးဌာနက လုပ်ငန်းနဲ့သွားတူနေပြန်တယ်။ လျှပ်စစ်နဲ့ စွမ်းအင်လည်း မလိုအပ်တဲ့ နေရာများတယ်။ လိုအပ်တဲ့နေရာမှာကျ အသုံးဝင် မနေဘူး။ ဒါမျိုးတွေရှိနေတယ်။”ဟု စစ်ကိုင်းတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ ရုံးအဖွဲ့ဝင်တစ်ဦးက မြေပြင်အခြေအနေကို ထောက်ပြသည်။
နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစည်းအဝေး အဖွင့်မိန့်ခွန်း၌ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့သောအချက်တွင် နွေဦးတော်လှန်ရေးသည် လွတ်လပ်ရပြီးနောက် အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဖြစ်သည့်အတွက် ယခင်တုန်းက လုပ်ရိုးလုပ်စဉ်အတိုင်း သွားလို့မရတော့ကြောင့် သတိပေးပြောကြားခဲ့သည်ကို တွေ့ရသည်။ လက်တွေ့ကျကျ ဖောက်ထွက်စဉ်းစားပြီးတော့ လူထုအထိမနာအောင် သေချာတွက်ချက် စဉ်းစားရန်လိုအပ်ကြောင်းလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။
“အခုဆိုရင် တော်လှန်ရေးဟာ (၄) နှစ်ပြည့်လာတော့မှာ ဖြစ်ပါတယ်။ အခြေအနေ ပေးထားချက်တွေထဲကနေ အလုပ်ဖြစ်အောင် ကျရာကဏ္ဍကနေ ကိုယ်စီ ပါဝင်ထမ်းရွက်ကျတဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံးကို ကျွန်တော် လေးစားဦးညွှတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သတိချပ်ဖို့လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေစိုက်ရပါတယ်။ ကျွန်တော်တို့ အန်ယူဂျီအစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို့ မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ – ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအားလုံး – အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက်တွေ့ကျကျ လုံ့လထုတ်စေချင်ပါတယ်။”ဟု ဒူဝါလရှီးလက အစည်းအဝေးမိန့်ခွန်း၌ ပြောကြားခဲ့ကြောင်း တွေ့ရသည်။
မြေပြင်ဆင်းပြီး အလုပ်လုပ်နိုင်ရန် အရေးကြီးကြောင်းကို ထောက်ပြအကြံပြုသူနောက်တစ်ဦးကလည်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် တော်လှန်ရေးအင်အားစုထဲမှ အမျိုးသားတစ်ဦး ဖြစ်သည်။ ၎င်းကလည်း ယခုအချိန်တွင် မြေပြင်မဆင်းလာနိုင်ဘူးဆိုလျှင် မြေပြင်၏ ပကဓိ အခြေနေကို မသိနိုင်သည့်အတွက် တော်လှန်ရေးအောင်မြင်ရန် အလှမ်းဝေးနေပြီး၊ ပြည်သူလူထု၏ ယုံကြည်မှုနှင့်လည်း အများကြီးကင်းကွာ သွားနိုင်ကြောင်း သုံးသပ်သတိပေးသည်။
“မြေပြင်မှာ တော်လှန်ရေး အသုံးချပြီး ကိုယ်ကျိုးရှာနေတာတွေ များတယ်။ ဒါတွေကို ထိန်းကျောင်းဖို့ လိုအပ်တယ်။ ထိန်းကျောင်းဖို့ ဆိုတာကလည်း မြေပြင်ရဲ့ အခြေအနေကိုသိမှပဲ အလုပ်ကိုကောင်းကောင်း လုပ်နိုင်မှာဖြစ်တယ်။ ကိုယ်တည်ဆောက်ထားတဲ့ ယန္တရားတစ်ခုရဲ့ အားနည်းချက်၊ အားသာချက်ကိုကြည့်ပြီး ပြုပြင်စရာရှိတာ ပြုပြင်မယ်။ ပံ့ပိုးစရာရှိတာ ပံ့ပိုးမယ်။ ဒီလိုလုပ်မှပဲ အဆင်ပြေမှာပါ။”ဟု အင်းတော်မြို့နယ် တော်လှန်ရေးအင်အားစုထဲမှ အမျိုးသားတစ်ဦးက ဆိုပါသည်။
ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း ယာယီသမ္မတ ဒူဝါလရှီးလ၏ ပြောကြားချက်များနှင့် ပတ်သက်၍ Freelance Journalist သက်ထွေးနိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အစီအစဉ်၌ ထောက်ခံဆွေးနွေးခဲ့သည်ကို တွေ့ရသည်။
“သမ္မတကြီးရဲ့ ပြောကြားချက်ဟာ ပြည်သူတွေလိုလားတဲ့ဟာပဲ။ ပြည်သူတွေဟာ တကယ်နှစ်သက်တယ်ဆိုတာ ကျနော် အာမခံပါတယ်ဗျား။ အဲ့ဒါကတော့ သမ္မတကြီးနဲ့ တစ်စိတစ်ဝမ်းတည်း ရှိလိမ့်မယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။”ဟု ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ထောက်ခံဆွေးနွေးခဲ့သည်ကို နိုဝင်ဘာ ၂၉ ရက်နေ့၌ ကိုသက်ထွေးနိုင်က ထုတ်လွှင့်ခဲ့သည်။
စစ်ကိုင်းတိုင်း၌ အခြေစိုက်ပြီး တော်လှန်ရေးအတွက် ထောက်ပံ့ပါဝင်နေသော အမျိုးသမီးတစ်ဦးကတော့ ယခုလို မှတ်ချက်ပြုလိုက်သည်။
“ကျွန်မတို့ ပြည်သူတွေက သူတို့ NUG က ဝန်ကြီးတွေနဲ့ ရုံးအဖွဲ့ဝင်တွေ မြေပြင်ဆင်းမဆင်း စောင့်ကြည့်ရမှာပဲ။ မြေပြင်မဆင်းဘူးဆို ဒီဟာက သူတို့တော်လှန်ရေးအပေါ်ထားတဲ့ စိတ်ရင်းအမှန်ပဲ”ဟု ခပ်ပြင်းပြင်း မှတ်ချက်ပြုလိုက်သည်။