KIO အစ 7 Stars (ဆဲဗဲန်းစတား) က
ဆောင်းပါး – 25 October 2022 – Kachinwaves
ဖဆပလ ဥက္ကဌ ဦးနုနှင့် ကချင်ပြည်နယ်ဥက္ကဌ ဒူဝါဇန်ထားဆင်တို့ ခေါင်းဆောင်နှစ်ဦးသည် ကချင်ပြည်နယ် အရှေ့မြောက်ဒေသ တရုတ်မြန်မာ နယ်ခြားမျဉ်းသတ်မှတ်ရေး ဆွေးနွေးရာတွင် ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ရွာသုံးရွာအရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု ၁၉၅၆ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်က ရန်ကုန်မှ ကချင် တက္ကသိုလ် ကျောင်းသားများလည်း နယ်စပ်ကိစ္စနှင့် ပတ်သက်၍ ဦးနု၏ သဘောထားကို ကန့်ကွက် ခဲ့ကြသည်။ ရန်ကုန် တက္ကသိုလ် ကချင် ကျောင်းသားများသည် နယ်စပ်အရေး ဆွေးနွေးပြီး တရုတ်နိုင်ငံမှ ပြန်လာသည့် ခေါင်းဆောင်များကို ရန်ကုန်လေဆိပ်၌ ကန့်ကွက်ဆန္ဒပြ ခဲ့ကြသလို ကျောင်းသားများနှင့် လူထုများပူးပေါင်းသည့် ဆန္ဒပြပွဲလည်း ပြုလုပ်ခဲ့ကြသည်။ ၎င်းနယ်စပ်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန် တက္ကသိုလ်ကျောင်းသား အယောက် (၂၀)ကျော်သည် ဦးနုနှင့် တွေ့ဆုံခဲ့သည်။
သို့သော် ကချင် တက္ကသိုလ် ကျောင်းသားများကို တင်ပြဆွေးနွေးခွင့်မပြုခဲ့ဘဲ၊ ဦးနု၏ ကြိမ်းမောင်းဆုံးမမှုကိုသာ ခံခဲ့ရသည့် တွေ့ဆုံမှုဖြစ်ခဲ့သည်။ ၎င်းတွေ့ဆုံမှုကို ဦးဆောင်ခဲ့သည့် ကျောင်းသား ခေါင်းဆောင်များမှာ Michael Kareng Yun (မိုက်ကယ် ဂရိုင်ယွန့်)၊ Pungshwi Zau Seng (ပုံရွှေဇော်ဆိုင်း)နှင့် Ndu Zau Tawng (အင်ဒူဇော်တောင်) တို့ ဖြစ်သည်။ ထိုသို့ တင်ပြဆွေးနွေး ခွင့်မရခဲ့သော ကျောင်းသားလူငယ်များသည် ဦးနုအပေါ် ယုံကြည်လေးစားမှု ကင်းမဲ့လာကြသည်။ ထို့အပြင် ရန်ကုန် တက္ကသိုလ် ကချင် ကျောင်းသားလူငယ်များက ဦးနုသည် ၎င်းကြိုးကိုင်ကစားနိုင်သည့် ကချင် နိုင်ငံရေး ခေါင်းဆောင်များကိုသာ နေရာပေးဆက်ဆံမှု ပြုလုပ်လာသည်ဟု ရှုမြင်လာကြသည်။
ထို့သို့ဖြစ်ပြီးနောက်ပိုင်းတွင် ရန်ကုန် တက္ကသိုလ် ကချင် ကျောင်းသားများက ဖဆပလအစိုးရကို တော်လှန်နိုင်ရန် မြေပေါ်မြေအောက် လမ်းကြောင်းနှစ်မျိုးဖြင့် တော်လှန်လှုပ်ရှားသွားရန် ဆုံးဖြတ်လာခဲ့ကြသည်။
အထက်ပါဆုံးဖြတ်ချက်အရ (၁) လက်နက်ကိုင်တော်လှန်ပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းရေးကို တောင်းဆိုခြင်း၊ (၂) အကြမ်းမဖက်သည့် မြေပေါ်တော်လှန်ရေး လှုပ်ရှားပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းရေးကို တောင်းဆိုခြင်းဟူ၍ လမ်းကြောင်းနှစ်မျိုးဖြင့် လှုပ်ရှားဆောင်ရွက်သွားရန် ဆုံးဖြတ်ချမှတ် ခဲ့ကြသည်။
၎င်းဆုံးဖြတ် ချမှတ်ထားသည့် တော်လှန်ရေးလမ်းကြောင်းမှ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်လာနိုင်ရန် တာဝန်ယူလှုပ်ရှားမည့် 7 Stars (ဆဲဗဲန်းစတား) အဖွဲ့ကို ရှေ့ဆောင်အဖွဲ့အဖြစ် ရှေ့ဦးစွာဖွဲ့ခဲ့ကြသည်။ ၎င်းအဖွဲ့တွင် (၇)ဦးပါဝင်ပြီး ခုနှစ်စင်ကြယ်ထွက်ရှိသည့် ညနက်ကြီးအချိန်တွင် လျှို့ဝှက်လုံခြုံစွာဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်၍ 7 Stars (7-Majan) အဖွဲ့ဟု အမည်ပေးခဲ့သည်။
၎င်း 7 Stars (ဆဲဗဲန်းစတား)တွင် ပါဝင်သူများမှာ (၁) Lahtaw Zau Tu (လထော် ဇော်တူး – ဥက္ကဌ)၊ (2) Hpauyu Tu Lum (ဖော်ယူးတူးလွမ် – ပထမမြောက် အတွင်းရေးမှူး)၊ (3) Malizup Zau Mai (မလိဇွပ်ဇော်မိုင် – ဒုတိယမြောက် အတွင်းရေးမှူး)၊ (4) Pungshwi Zau Seng (ပုံရွှေဇော်ဆိုင်း – အဖွဲ့ဝင်)၊ (5) Hkangda Brang Gam (ခန်းဒါး ဘရန်ဂမ် – အဖွဲ့ဝင်)၊ (6) Nahpaw Gun Jawng (နဖေါ့ ဂွန်ဂျောင် – အဖွဲ့ဝင်)၊ (7) Malang Shawng (မလန်ရှောင် – အဖွဲ့ဝင်) တို့ ဖြစ်ကြသည်။
ထိုသို့ဖွဲ့စည်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးကို လက်တွေ့ ဦးဆောင်မှုပြုနိုင်မည့် အရည်အချင်းရှိသော ခေါင်းဆောင်ကို ရှာဖွေရန် ချဉ်းကပ်ဆောင်ရွက် လာကြည်သည်။ ထိုအချိန်တွင် လွတ်လပ်ရေးရပြီးနောက် ပထမဆုံး ကချင် လက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်ဖြစ်ခဲ့သည့် ဗိုလ်ကြီးနော်ဆိုင်းတို့အဖွဲ့ တရုတ်နိုင်ငံသို့ ဝင်ရောက်သွားပြီးနောက် ကရင်တော်လှန်ရေး (K.N.D.O)နယ်မြေတွင် ရောက်ရှိနေသည့် ဗိုလ်ချုပ်လထော်ဇော်ဆိုင်းနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ဗိုလ်ချုပ်လထော်ဇော်ဆိုင်းသည် လထော်ဇော်တူး၏ အစ်ကိုကြီးအရင်း ဖြစ်သည်။
လထော်ဇော်တူး (7 Stars) ဥက္ကဌ နှင့် မလိဇွပ်ဇော်မိုင် (7 Stars) အတွင်းရေးမှူးတို့နှစ်ဦးသည် ၁၉၅၇ ခုနှစ် နွေရာသီတွင် ထိုင်းမြန်မာနယ်စပ် ကရင်တော်လှန်ရေးနယ်မြေသို့ သွားရောက်ကာ ဗိုလ်ချုပ်လထော်ဇော်ဆိုင်းနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ သို့သော် ဗိုလ်ချုပ်လထော်ဇော်ဆိုင်းသည် ကချင် လူမျိုးများသည် နိုင်ငံရေးစိတ်ဓါတ်နှိုးကြားမှု မရှိသေးခြင်းနှင့် ၎င်းအနေဖြင့် ထိုအချိန်က ကချင် ခေါင်းဆောင်များ၏ နိုင်ငံရေးအတွေးအမြင်အပေါ် စိတ်ပျက်နေ၍ ကချင် တော်လှန်ရေးကို ဦးဆောင်ပါဝင်ခြင်း မပြုလိုကြောင်း ငြင်းဆိုခဲ့သေးသည်။
ဗိုလ်ချုပ်လထော်ဇော်ဆိုင်းသည် ဗိုလ်ကြီးလဖိုင်နော်ဆိုင်း၏ ခေါင်းဆောင်မှုဖြင့် ဖဆပလအစိုးရကို တော်လှန်ခဲ့သည့် ကချင် လက်နက်ကိုင်တပ်တွင် ပါဝင်ခဲ့သူဖြစ်သည်။ ထိုအချိန်ကာလတွင် ဗိုလ်ကြီးလဖိုင်နော်ဆိုင်းက ကချင် လူထုများအပေါ် နိုင်ငံရေးဩဇာရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ကချင် နိုင်ငံရေးခေါင်းဆောင်များ အပါအဝင် ဒူဝါများနှင့် ဆွေးနွေးနိုင်ရန်ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့သည့်အတွက် တရုတ်နိုင်ငံသို့ သွားရောက်ခိုလှုံခဲ့ရသည်။ ဗိုလ်ချုပ်လထော်ဇော်ဆိုင်းသည် တရုတ်နိုင်ငံသို့ လိုက်သွားခြင်းမရှိဘဲ ကျန်နေခဲ့ရာ ဗိုလ်ကြီးလဖိုင်နော်ဆိုင်းတို့ တရုတ်နိုင်ငံ၌ နှစ်နှင့်ချီသွားရောက် နေထိုင်ခဲ့ရသည့်အခါ ကရင် လက်နက်ကိုင် တော်လှန်ရေး နယ်မြေသို့ သွားရောက် ပူးပေါင်းခဲ့သည်။
သို့သော် ညီဖြစ်သူလထော်ဇော်တူးနှင့် မလိဇွပ်ဇော်မိုင်က ကချင်ပြည် မြစ်ကြီးနားဘက်မှ ဆရာကြီးမရန်ဘရန်ဆိုင်း (နောက်ပိုင်း ကေအိုင်အို ဥက္ကဌဖြစ်လာ)တို့ ဦးဆောင်မည်ဖြစ်ပြီး ကချင် လူထုနှင့် ခေါင်းဆောင်များကို စည်းရုံးနှိုးဆော်ရန် လထော်ဇော်တူး တာဝန်ယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။ အစ်ကိုဖြစ်သူ ဗိုလ်ချုပ်လထော်ဇော်ဆိုင်း အနေဖြင့် လက်နက်ကိုင်တပ်ကို ဖွဲ့စည်းအကောင်အထည်ဖော်ပေးရန်နှင့် စစ်ရေးဆိုင်ရာသင်တန်းများအတွက် ဦးဆောင်ပေးရန် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ဗိုလ်ချုပ်လထော်ဇော်ဆိုင်းနှင့် (7 Stars) အဖွဲ့ဝင် တက္ကသိုလ် ကျောင်းသားများသည် ၁၉၅၇ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့ရှိ နယ်ရှင်နယ်ဟိုတယ်၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ဗိုလ်ချုပ်လထော်ဇော်ဆိုင်းနှင့် ကျောင်းသားလူငယ်များသည် လက်နက်ကိုင် တော်လှန်ရေးအတွက် ချိတ်ဆက် လျှို့ဝှက်လှုပ်ရှားလာခဲ့ကြသည်။ ဗိုလ်ချုပ်လထော်ဇော်ဆိုင်း၊ လထော်ဇော်တူးနှင့် လထော်ဇော်ဒန်တို့ ညီအစ်ကို (၃)ယောက်စလုံး ဦးဆောင်ပါဝင်ခဲ့ကြသည်။
၁၉၅၈ ခုနှစ် ဩဂုတ်လတွင် ဗိုလ်ချုပ်လထော်ဇော်ဆိုင်းသည် ထိုင်းနယ်စပ်မှ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ လျှို့ဝှက်ရောက်ရှိလာ ခဲ့သည်။ ညီဖြစ်သူ လထော်ဇော်တူးလည်း လားရှိုးမြို့သို့ ရောက်ရှိလာကာ ၁၉၅၉ ခုနှစ်မှစပြီး ကချင် လက်နက်ကိုင် တော်လှန်ရေးကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် လုပ်ဆောင်သွားရန် စီမံဆောင်ရွက်ပြီး အားသွန်ခွန်စိုက် ကြိုးစားအားထုတ်လာကြသည်။
ဗိုလ်ချုပ်လထော်ဇော်ဆိုင်းနှင့် လထော်ဇော်တူး ညီအစ်ကိုနှစ်ဦးသည် ကချင် တော်လှန်ရေးကို ကချင်ပြည်မှ စတင်ဖွဲ့စည်း လှုပ်ရှားလာနိုင်ရန် ရည်ရွယ်သည့် စည်းရုံးရေးခရီးကို ၁၉၆၀ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် လားရှိုးမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ ထွက်ခွာခဲ့ကြသည်။ တော်လှန်ရေးနယ်မြေ စတင်အခြေစိုက်ရန်အတွက် နယ်မြေဒေသ စုံစမ်းထောက်လှမ်းခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ ဟူးကောင်းဒေသနှင့် မြစ်ကြီးနားဒေသမှ ကချင်လူကြီး ခေါင်းဆောင်များ၊ လူငယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းစည်းရုံးရေးခရီးကို ဦးဆောင်ခဲ့သူများမှာ ဗိုလ်ချုပ်လထော်ဇော်ဆိုင်း၊ လထော်ဇော်တူး၊ ပုံရွှေဇော်ဆိုင်းနှင့် ဆရာကြီး မရန်ဘရန်ဆိုင်းတို့ ဖြစ်ကြသည်။
၎င်းခရီးစဉ်အတွင်း ဗိုလ်ချုပ်လထော်ဇော်ဆိုင်းက ကချင်လူကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ နိုင်ငံရေးအမြင် မတူညီမှုများရှိခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး အခြေအနေအရလည်း အဆင်မပြေမှုများ ရှိလာသည့်အတွက် ၁၉၆၀ ခုနှစ် အောက်တိုဘာလတွင် ရှမ်းပြည် လားရှိုးမြို့သို့ ပြန်ဆင်းလာ ခဲ့ကြသည်။
ထို့နောက် ဗိုလ်ချုပ်လထော်ဇော်ဆိုင်းတို့အဖွဲ့သည် ၁၉၆၀ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ရှမ်းပြည် လားရှိုးမြို့၌ ကချင်လူကြီးအချို့အပါအဝင် လူငယ်များနှင့် အစည်းအဝေးကျင်းပကာ ကချင် လွတ်လပ်ရေး အဖွဲ့အစည်း (Kachin Independence Organization – KIO) ကို စတင်ဖွဲ့စည်းတည်ထောင် လိုက်သည်။
၎င်း KIO အဖွဲ့အစည်းတွင် (၁) ဗိုလ်ချုပ်လထော်ဇော်ဆိုင်း – ဥက္ကဌ၊ (၂) လထော်ဇော်တူး – ဒုတိယ ဥက္ကဌ၊ (၃) လမာလရိန် – အတွင်းရေးမှူးတို့ ဖြစ်ကြပြီး အဖွဲ့ဝင်များမှာ (၁) ပုံရွှေဇော်ဆိုင်း၊ (၂) လမုန်တူးဂျိုင် (ကေအိုင်အို ဥက္ကဌဟောင်း)၊ (၃) ဒွမ်ဖောဂရောင်၊ (၄) လထော်ဇော်ဒန် (ခ) ဇော်ခရဲန် (ဗိုလ်ချုပ်လထော်ဇော်ဆိုင်း၏ ညီ)၊ (၅) မလိဇွပ်ဇော်မိုင် (ကေအိုင်အို ဥက္ကဌဟောင်း)၊ (၆) မရန်ဘရန်ဆိုင်း (ကေအိုင်အို ဥက္ကဌဟောင်း) (၇) ခန်းဒါးဘရန်ဂမ်၊ (၈) နမ်ဆူဇော်တောင်၊ (၉) ခမ်းဆောင်ကွမ်ထွယ်၊ (၁၀) လုဒ်တန်ဂျီး နှင့် (၁၁) Stephan မလန်ရှောင် တို့ဖြစ်ကြသည်။
ထို့နောက် ၁၉၆၁ ဇန်နဝါရီလ ၁၅ ရက်နေ့ ရှမ်းပြည် လားရှိုးမြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ ကချင် လွတ်လပ်ရေး ကောင်စီ (Kachin Independence Council – KIC) ကို ဖွဲ့စည်းလိုက်သည်။ ထို့အပြင် ၁၉၆၁ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ လားရှိုးမြို့တွင် ပြုလုပ်သည့် KIC အစည်းအဝေး၌ ကချင် လွတ်လပ်ရေး တပ်မတော် (Kachin Independence Army – KIA) ကို ဖွဲ့စည်းလိုက်သည်။ KIA အား စတင်ဖွဲ့စည်းသည့် ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကို ကချင်တော်လှန်ရေးနေ့ အဖြစ်သတ်မှတ်ရန် ၎င်းအစည်းအဝေး၌ အတည်ပြုဆုံးဖြတ် ခဲ့ကြသည်။
စတင်တည်ထောင်သည့် ကာလတွင် KIC သည် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်ပြီး ၎င်း၏အောက်တွင် KIO – CC (ကေအိုင်အို ဗဟိုကော်မတီ) ရှိသည်။ ထို့နောက် KIA လက်နက်ကိုင်တပ်နှင့် အထွေထွေအုပ်ချုပ်ရေးဌာန (Department of General Administration – DGA) စသဖြင့် ဖွဲ့စည်းထားသည်။ (ပုံ – ၁။ ကို ရှုရန်)
ကေအိုင်အိုတွင် တော်လှန်ရေးအစပိုင်း ကာလတွင် ကိုယ်ပိုင်းမူဝါဒလမ်းစဉ်လက်စွဲစာအုပ် တိတိပပမရှိခဲ့သော်လည်း ၁၉၆၉ ခုနှစ်တွင် (69 – Ninggawn Mungmasa Lam Yan) အထွေထွေနိုင်ငံရေး မူဝါဒလမ်းစဉ်စာအုပ်ကို ရေးသားပြုစု အတည်ပြုနိုင်ခဲ့သည်။ ၎င်းမူဝါဒလမ်းစဉ်အရ KIO-CC ကို အမြင့်ဆုံးအာဏာပိုင်အဖွဲ့အဖြစ် ပြောင်းလဲသတ်မှတ်လိုက်သည်။ (ပုံ – ၂။ ကိုရှုရန်)
၁။ ဗိုလ်မှူးချုပ် လထော်ဇော်တူး (G.O.C လထော်ဇော်ဆိုင်း၏ညီ) ၂။ ဆလန်ကဘား ပုံရွှေဇော်ဆိုင်း (7 stars အဖွဲ့ဝင်)၊ ၃။ ဆလန်ကဘား လညော်ဇောင်းဟရား (KIO ဥက္ကဌဟောင်း) ၄။ ဒုဗိုလ်မှူးကြီး လထော်ဇော်ဒန် (G.O.C လထော်ဇော်ဆိုင်း၏ညီ) ၅။ ဗိုလ်မှူး မလိဇွပ်ဇော်မိုင် (KIO ဥက္ကဌဟောင်း)တို့က ကေအိုင်အို၏ နိုင်ငံရေးမူဝါဒလမ်းစဉ်ကို ရေဆွဲခဲ့ကြသည်။ ၎င်းမူဝါဒလမ်းစဉ်စာအုပ်တွင် ၁။ မျိုးချစ်စိတ် (Myu Tsaw Masa) ၂။ ဒီမိုကရေစီစနစ် (Dimokresi Masa) ၃။ ပြည်သူလူထုကောင်းစားရေး (Mung Shawa Nga Mu Nga Mai Lam) ဟူ၍ အခြေခံမူ (၃)ခု ပါရှိသည်။
လက်ရှိ ကေအိုင်အို၏ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လသည် ဆဌမမြောက်ဥက္ကဌဖြစ်သည်။ ၎င်း၏ရှေ့တွင် ဥက္ကဌတာဝန် ထမ်းဆောင်ခဲ့သူများမှာ ၁။ G.O.C ဗိုလ်ချုပ်လထော်ဇော်ဆိုင်း၊ ၂။ Salang Kaba (ဆလန်ကဘား) မရန်ဘရန်ဆိုင်း၊ ၃။ ဒုဗိုလ်ချုပ်ကြီး မလိဇွပ်ဇော်မိုင်၊ ၄။ ဗိုလ်ချုပ်ကြီး လမုန်တူးဂျိုင်၊ ၅။ Salang Kaba (ဆလန်ကဘား) လညော်ဇောင်းဟရားတို့ ဖြစ်ကြသည်။
၁၉၇၅ ခုနှစ်တွင် ကေအိုင်အိုကို တည်ထောင်သူ ညီအစ်ကိုများဖြစ်ကြသည့် G.O.C ဗိုလ်ချုပ်လထော်ဇော်ဆိုင်းနှင့် ညီဖြစ်သူ ဗိုလ်မှူးချုပ်လထော်ဇော်တူးတို့ ထိုင်နိုင်ငံနယ်စပ်၌ ကေအိုင်အေ ဗိုလ်တူးဆိုင်း၏ (သစ္စာဖောက်) လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ တတိယမြောက်ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး မလိဇွပ်ဇော်မိုင်သည် ၂၀၀၁ ခုနှစ် ဇန်နဝါရီလတွင် တာဝန်မှ ဖယ်ခြားခံခဲ့ရသော်လည်း သွေးထွက်သံယိုမှုတော့ မရှိခဲ့ပေ။
ကေအိုင်အို၏ မူလရည်ရွယ်ချက်မှာ သီးခြားလွတ်လပ်သည့် နိုင်ငံထူထောင်ရန်ဖြစ်သော်လည်း ၁၉၈၀ အောက်တိုဘာလတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရနှင့် တွေ့ဆုံဆွေးနွေးသည့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ရရှိရေးကို တရားဝင် တင်ပြဆွေးနွေးမှု ရှိခဲ့သည်။
ကိုးကား။
- (၂၀၂၁ ခုနှစ်၊ ၆၀ နှစ်ပြည့် တော်လှန်ရေးနေ့ မိန့်ခွန်း)
- ရှယ်လီဆိုင်း (၂၀၁၄)၊ ကျမနှင့် တော်လှန်ရေး ခရီးစဉ်၊ တိုင်းရင်းသားလူမျိုးရေးရာ သုတေသနအသင်း။
- ဦးနု၊ တာတေစနေသား
- ဒူဝါဇန်ထားဆင်၊ (၂၀၂၀) ဒီမိုကရေစီ ပြောင်းပြန်၊ တိုင်းရင်းသားလူမျိုးရေးရာ သုတေသနအသင်း။
- Dakkasu Htoi San (2015), Wunpawng Mungdan Shanglawt Rawt Malan Hpunf Labau (1957 – 1981 AD)
- Du Kaba Labya Naw Din (2016), Dinda Ginwang Ginjaw Masat (4) Dap Ba KIO/KIA A Rawt Malan Hkrun Lam, Kachin Research Society
- Duwa Bawmwang La Raw (2015), Jinghpaw Wunpawng Amyu Sha Ni A Nga Pra Wa Ai Labau & Mungmsa Mabyin Lam Yan Ni, Myu Tsaw Salum Laika Shapraw Dap