KIO နှင့် အပစ်အခတ်ရပ်စဲရေး ကာလအတွင်း အစုလိုက်သတ်ဖြတ်မှု စစ်တပ်ဘက်က ကျူးလွန်ခဲ့
30 October 2022 – Kachinwaves
ပြည်သူရွေးကောက်သည့် အစိုးရကို အာဏာသိမ်းပြီး ခေတ်အဆက်ဆက်၌ အမည်အမျိုးမျိုးပေး ဖွဲ့စည်းကာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော လက်ရှိစစ်ကောင်စီတပ်သည် ကျင့်ဝတ်ဥပဒေမဲ့သော လူသတ်မှုများကို ယခင်ကတည်းက အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် စစ်တပ်ဖြစ်သည်။ ထိုသို့ကျူးလွန်သတ်ဖြတ်မှုများမှ ကချင် လွတ်လပ်ရေးအဖွဲ့အစည်း (KIO) နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကာ ငြိမ်းချမ်းရေးရယူထားသော ကာလတွင် KIO အမှုထမ်းများနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်သားများ အစုလိုက် သတ်ဖြတ်ကျူးလွန်ခံခဲ့ရသည့် အမှုဖြစ်စဉ်အချို့ကို ဖော်ပြလိုပါသည်။
မှတ်ချက်အနေဖြင့် ပြောလိုသည်မှာ ယခုရေးသားသည့် သတ်ဖြတ်သေဆုံးမှု ဖြစ်စဉ်မှတ်တမ်းများသည် KIA ဘက်က အချက်လက် အထောက်အထားများကိုသာ ကိုးကားနိုင်ခဲ့ပြီး နအဖ စစ်တပ်ဘက်က အထောက်အထား မှတ်တမ်းများကို စာရေးသူက ရှာဖွေတွေ့ရှိခြင်းမရှိ၍ ယခုဆောင်းပါး၌ နှိုင်းယှဉ်ဖော်ပြနိုင်ခြင်း မရှိပေ။ ယခုဆောင်းပါသည် KIA ဒုဗိုလ်မှူးကြီး လဗျနော်ဒင့် ရေးသားသည့် KIA တပ်မဟာ (၄) အကြောင်း စာအုပ်မှ ကောက်နုတ် ဘာသာပြန်ဖော်ပြခြင်း ဖြစ်ပါသည်။
- ဂျာအိန်ပါ (ဆီဆာပါ) စပါးစိုက်ပျိုးရေးစခန်းနှင့် လောင်ကြိုင်ရွာက သတ်ဖြတ်မှု (22 March 2001)
ခလရ (၂၄၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးညိုဝင်း ဦးဆောင်သည့်အဖွဲ့သည် ၂၀၀၁ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် KIA တပ်မဟာ ၄ ဌာနချပ်က စီးမံအကောင်အထည်ဖော်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဂျာအိန်ပါ (ဆီဆာပါ – Sisa Pa) စပါးစိုက်ပျိုးရေး အလုပ်စခန်းတွင် တာဝန်ကျလုပ်ဆောင်နေသည့် KIA စစ်သား (၇) ဦးကို သတ်ဖြတ်ခဲ့သည့်အမှု ဖြစ်ခဲ့သည်။ ထို့အပြင် ၎င်းရက်မှာပဲ အထက်က တာဝန်ပေးချက်အရ ကွတ်ခိုင်မြို့နယ် လောင်ကြိုင်ရွာ၌ ရောက်ရှိနေသည့် KIA အမှတ် (၉) တပ်ရင်း၊ တပ်ခွဲ (၃)မှ စစ်သား (၄) ဦးကိုလည်း ခလရ (၂၄၂) ဒုတပ်ရင်းမှူး ဗိုလ်မှူးခင်လှ ဦးဆောင်သည့်အဖွဲ့က သတ်ဖြတ်ခဲ့သည်။
၎င်းသတ်ဖြတ်မှုဖြစ်စဉ်တွင် သတ်ဖြတ်ခံခဲ့ရသော KIA စစ်သားများမှာ ဒုဗိုလ်အဆင့်တစ်ဦး၊ အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊ တပ်သား (၅)ဦးတို့ဖြစ်သည်။ ထို့အပြင် သတ်ဖြတ်ခံရသူများတွင် အရပ်သား (၂)ဦးလည်း ပါဝင်ခဲ့သည်။ အရပ်သား နှစ်ဦးမှာ ဦးဇွမ်ဇန်ခေါင်လွမ်း တပ်မဟာ (၄) တပ်မဟာမှူး၏ညီနှင့် ဦးဆူးဆိုင်းလင်း တရုတ်လူမျိုးတို့နှစ်ဦး ဖြစ်ကြသည်။
၎င်းတစ်ရက်တည်းမှာပင် နေရာနှစ်ရာ၌ ခလရ (၂၄၂) က KIO/KIA အပေါ် ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှုမှာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီး (၇)နှစ်အကြာတွင် ဖြစ်ပျက်ခဲ့သည့် အမှုဖြစ်သည်။
အထက်ပါ သတ်ဖြတ်ခံရမှုတွင် KIA စစ်သားများကိုင်ဆောင်သော M.20 တစ်လက်၊ M.22 (၃) လက်၊ ကာဘိုင်တစ်လက်၊ M.21 တစ်လက် နှင့် M. 79 တစ်လက်များနှင့်အတူ သေနတ်ကျည်ဆံနှင့် လက်ပစ်ဗုံးများကိုလည်း နအဖ စစ်တပ်က သိမ်းယူသွားခဲ့သည်။
၎င်းသတ်ဖြတ်ခံရသူများ၏ အလောင်းများအား သင်္ဂြိုလ်နိုင်ရေးအတွက် စစ်တပ်ဘက်က ခမရ (၃၂၃) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသန်းထွန်း ပါဝင်လုပ်ဆောင်ခဲ့သည်။
- KIO မူဆယ်တိုက်နယ် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများနှင့် အရပ်သားများ သတ်ဖြတ်ခံရမှု (2 January 2006)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နောင်ဟိုင်း (Nawng Heng) ကျေးရွာဟောင်းရှိ KIO ၏ မူဆယ်တိုက်နယ် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများကို ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့၌ နအဖ စစ်တပ်က သတ်ဖြတ်ခဲ့သည့်အမှုလည်း ဖြစ်ခဲ့သည်။
၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် KIO ၏ မူဆယ်တိုက်နယ် အုပ်ချုပ်ရေးမှူး ဆလန်ကဘာ့ လဘန်ဂမ်ဖန်နှင့် ရုံးဝန်ထမ်းများသည် ထော်လာဂျီဖြင့် မီးသွေးသွားသယ်ယူကြသည့် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မန်ကန်ကျေးရွာမှ ပလောင်ရွာသားများနှင့် မီးဖိုချောင်ထဲ ထမင်းစားနေချိန် နအဖ စစ်သားအယောက် တစ်ဆယ်ခန့်သည် KIO တိုက်နယ်အုပ် ချုပ်ရေးမှူးရုံးသို့ ရောက်ရှိလာကြသည်။ တိုက်နယ်အုပ်ချုပ်ရေးမှူး လဘန်ဂမ်ဖန်က ထမင်းစားနေရာမှ ထလာကာ ရောက်ရှိလာကြသည့် နအဖ စစ်သားများကို ထွက်ကြိုစကားပြောလျှက် ထမင်းစားရန် ဖိတ်ခေါ်ခဲ့သည်။ စစ်သားများနှင့်အတူ ရောက်ရှိလာသည့် နအဖ စစ်ဗိုလ်က ဆလန်ကဘာ့ လဘန်ဂမ်ဖန်အား ၎င်းတို့ သွားလိုသည့် ကျေးရွာကို မေးမြန်းခဲ့ရာ တိုက်နယ်မှူး လဘန်ဂမ်ဖန်မှ ၎င်းကျေးရွာသည် မရှိတော့ကြောင်း၊ ကျေးရွာဟောင်းဖြစ်ကြောင်း ပြန်လည်ပြောပြခဲ့သည်။ ထို့နောက် နအဖ စစ်ဗိုလ်သည် “တိုက်နယ်မှူး လဘန်ဂမ်ဖန်ဆိုတာ ခင်ဗျားလား”ဟု ပြန်လည် မေးမြန်းခဲ့သည်။
နအဖ စစ်ဗိုလ်သည် (KDA) ရုံးရှိသည့်နေရာသို့ ဆက်သွားမည်ဟု ပြောသည့်အတွက် တိုက်နယ်မှူး လဘန်ဂမ်ဖန်က လမ်းမသိလျှင် ရုံးကလူတစ်ယောက်ယောက်ကို လမ်းပြလိုက်ခိုင်းမည်ဟု ပြောပြခဲ့သည်။ ထို့နောက် နအဖ စစ်ဗိုလ်နှင့် စစ်သား (၇) ယောက်သည် ရုံးအထဲသို့ဝင်လာခဲ့ပြီး စစ်သား ၆ ယောက်ခန့်က အပြင်၌ စောင့်နေခဲ့ကြသည်။ ဆလန်ကဘာ့ လဘန်ဂမ်ဖန်က အားလုံးထမင်းစားရအောင်ဟု ပြန်ဖိတ်ကာ ၎င်း၏ ရုံးဝန်ထမ်းများကိုလည်း ဧည့်သည်များကိုဧည့်ခံရန် ရေနွေးကြိုခိုင်းပြီး ဝင်လာခဲ့သည်။ ထို့နောက် နအဖ စစ်သားနှစ်ယောက်သည် မီးဖိုချောင်ထဲသို့ ဝင်လာပြီး မတ်တတ်ရပ်လျှက် ထမင်းစားနေသည်။ ထို့သို့ အချင်းချင်းစကားပြောပြီး ၁၅ မိနစ်ခန့်ကြာသည့်အခါ ရုံးဘက်မှ သေနတ်ပစ်သံ ကြားလာရသည်။ မီးဖိုချောင်းထဲ ထမင်းစားနေသည့် နအဖ စစ်သားနှစ်ဦးလည်း သေနတ်သံကြားသည်နှင့် ချက်ချင်း မီးဖိုချောင်ထဲထိုင်နေသော ဆလန်ကဘာ့ မရန်ဇော်မိုင်၊ ဇခုန်ခေါင်ခမ်းတို့နှစ်ယောက်ကို ပစ်သတ်ပြီး အပြင်ထွက်လာကာ အပြင်၌ရှိနေသည့် KIA တပ်သား မရန်တူးရှန်ကိုလည်း ပစ်သတ်ခဲ့သည်။ ထို့အပြင် မီးဖိုချောင်ထဲရှိနေသည့် အရပ်သားပြည်သူများဖြစ်ကြသော ဦးမရန်ဘရန်ရှောင်နှင့် ဦးအိုက်ညွှန့် (Ai Nyun) တို့နှစ်ယောက်လည်း ပစ်သတ်ခံခဲ့ရသည်။ ရန်ထွန်း၊ လွမ်ဂျာ၊ အိုက်ယီမန်တို့ ၃ ဦးသည် သေနတ်ကျည်ဆံ ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ မီးသွေးသွားသယ်ရာမှ တိုက်နယ်အုပ်ချုပ်ရေးမှူးရုံး၌ ခေတ္တနားနေသည့် မီးသွေးဖုတ်သမားများကတော့ ထိခိုက်မှု မရှိခဲ့ပေ။
ထိုသို့ ဖြစ်ပျက်ပြီးနောက် နအဖ စစ်သားများက အလောင်းများကို မည်သူမှမထိရန် အမိန့်ထုတ်ထားပြီး ထွက်သွားခဲ့ကြသည်။ မီးသွေးဖုတ်သမား ရွာသားများက မီးသွေးသယ်သည့် ထော်လာဂျီ ၃ စီးထဲမှ နှစ်စီးကို ချိန်ထားခဲ့ပြီး ထော်လာဂျီတစ်စီး၌ ဒဏ်ရာရရှိသူ ၃ ဦးကို တင်ဆောင်ကာ မန်ကန်ရွာသို့ ခေါ်ဆောင်သွားကြသည်။ မန်ကန်ရွာမှတဆင့် မူဆယ်ဆေးရုံသို့ ဆက်လက်ပို့ဆောင် ခဲ့ကြသည်။
၎င်းအဖြစ်အပျက်ကို သွားရောက်စုံစမ်းရန် KIA တပ်မဟာ (၄) ဌာနချုပ်မှ တက်လာသည့် အဖွဲ့များသည် အခင်းဖြစ်ပွားခဲ့သည့်နေရာသို့ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့ကြသည်။ နအဖ စစ်သားများက အလောင်းများကို ဓါးဖြင့်ခုတ်ဖြတ်ကာ အိမ်သာကျင်းဟောင်းထဲ စုပုံပစ်ချထားသည်ကို ၎င်းတို့တွေ့ရှိခဲ့သည်။ အလောင်းများကို ကော်ထုတ်ပြီး ဓါတ်ပုံမှတ်တမ်းရိုက်ယူကာ အလောင်းများကို သယ်ယူသင်္ဂြိုလ်ရေးအတွက် ဆက်လက်ဆောင်ရွက် ခဲ့ကြသည်။
၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ခလရ ၁၂၃ တပ်ရင်းမှူး ဗိုလ်မှူးကြည်မောင်၊ ခမရ ၃၁၂ တပ်ရင်းမှူးနှင့် ဗိုလ်မှူးထွန်းမြတ်ရွှေတို့သည် အမှုကျူးလွန်ခဲ့သည့် ခလရ ၆၈ တပ်ရင်းကို အင်အားထပ်ဖြည့်ပေးကာ အိမ်သာကျင်းဟောင်းထဲမှ အလောင်းများကို ထုတ်ယူသွားခဲ့ကြသည်။
အမှုဖြစ်စဉ်ကို စုံစမ်းသည့် KIA ဘက်ကအဖွဲ့သည် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့၌ မူဆယ်ဆေးရုံသို့ သွားရောက်ကာ သတ်ဖြတ်ခံရချိန် ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေသူ (ရန်ထွန်း၊ လွမ်ဂျာ၊ အိုက်ယီမန်တို့) ၃ ဦးကို သွားရောက်တွေ့ဆုံချိန် ဗိုလ်မှူးရဲလင်းဦးက ရဲတပ်ဖွဲ့အင်အား (၁၀)ယောက်ကျော်နှင့်အတူ ရောက်ရှိလာပြီး KIA က မေးမြန်းမှတ်တမ်းရိုက်ယူထားသည့် ဗီဒီယိုမှတ်တမ်းများကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့နောက် မူဆယ်ခရိုင်းရုံးသို့ ခေါ်ဆောင်သွားကာ ဒုဗိုလ်မှူးကြီးစိုးဝင်း၊ ဗိုလ်မှူးရဲလင်းဦး၊ ဗိုလ်မှူးတင်ယု၊ ဒုဗိုလ်မှူးကြီး ထွန်းမြတ်ရွှေ၊ ဗိုလ်ကြီးစိန်ဝင်းတို့နှင့် အလောင်းရရှိရေးအတွက် ညှိနှိုင်းခဲ့ကြသည်။ ဒုဗိုလ်မှူးကြီးစိုးဝင်း (ခ.ရ.က) ဥက္ကဌက အလောင်းသင်္ဂြိုလ်ရေးနှင့် ပတ်သက်၍ နှစ်ဖက်စစ်တပ် အချင်းချင်းဖြစ်သည့်ကိစ္စကို စစ်တပ်ချင်း ညှိနှိုင်းဖြေရှင်းယူရန် ပြောဆိုခဲ့သည်။ ထို့နောက် KIA ဘက်က ဒုဗိုလ်မှူးကြီး ခန်းဒါးဂမ်ဆိုင်းနှင့် လားရှိုးမှ တိုင်းမှူး ဖုန်းဖြင့်ပြောဆိုခဲ့ကြရာ အလောင်းများကို မီးရှို့လိုက်ပြီဖြစ်၍ အရိုးပြာများကို လူ (၉) ဦး ထက်မကျော်ဘဲ သွားယူနိုင်ကြောင်း၊ ညတွင်းချင်း ဆုတောင်းသင်္ဂြိုလ်ရန်နှင့် အလောင်းသွားယူရန် လယ်ကွင်း၌ စုဝေးနေသည့် အရပ်သားပြည်သူများကိုလည်း အိမ်ပြန်ခိုင်းရန် တိုင်းမှူးက ပြောကြားခဲ့သည်။
KIO မူဆယ်တိုက်နယ် အုပ်ချုပ်ရေးမှူးရုံး၌ သတ်ဖြတ်ခံရသူများ၏ အလောင်းများကို သွားရောက်သယ်ဆောင်ရန် ချီတက်လာသည့် ပြည်သူများကို နအဖ စစ်တပ်က သွားခွင့်မပြုဘဲ တားမြစ်ခဲ့သည့်အတွက် ရာနှင့်ချီသော ပြည်သူများသည် အိမ်မပြန်ဘဲ အလောင်းသယ်ယူခွင့်ရမည့်အချိန်ကို (Danhkung) လယ်ကွင်းပြင်၌ စုဝေးစောင့်ဆိုင်းနေခဲ့သည်ကို နအဖ စစ်တပ်က လူစုခွဲအိမ်ပြန်ကြစေရန် KIA အား ပြောဆိုခိုင်းခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ဘာသာရေးသင်းအုပ်ဆရာများ အပါအဝင် KIA ဘက်ကတာဝန်ရှိသူများ စုစုပေါင်း (၁၁)ဦးလိုက်ပါကာ သတ်ဖြတ်ခံရသူများ၏ အရိုးပြာများကို ရယူခဲ့ကြသည်။ သတ်ဖြတ်ခံရသူများတွင် ဗုဒ္ဓဘာသာဝင်တစ်ဦးလည်း ပါဝင်ခဲ့သည်။ ၎င်းတို့၏ အရိုးပြာများကို သင်္ဂြိုလ်သည့် ဈာပနအခမ်းအနားတွင် ဗုဒ္ဓဘာသာဝင်ပြည်သူ (၇၀)ခန့်၊ တရုတ်နိုင်ငံမှ ကချင်လူမျိုးပြည်သူများ (၁၀၀) ကျော်နှင့်အတူ ပြည်သူများနှင့် KIO/KIA အမှုထမ်းများအပါအဝင် လူဦးရေ (၁၃၀၀)ကျော်တက်ရောက် ခဲ့ကြသည်။
KIO ဗဟိုမှ ဒုဗိုလ်မှူးကြီး ဆွမ်လွတ်ဂွမ်မော် (ယခုဒုဗိုလ်ချုပ်ကြီး)၊ ဆလန်ကဘာ့ လဘန်ဒွဲပီဆာနှင့် ဒုဗိုလ်မှူးကြီး ခန်းဒါးဂမ်ဆိုင်းတို့လည်း တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) တပ်မတော်အစိုးရနှင့် KIO အပစ်အခတ်ရပ်စဲရေး ရယူထားသည့်ကာလတွင် အထက်ပါကဲ့သို့ အဖြစ်အပျက်များ ရှိခဲ့သော်လည်း KIO သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေးအတွက် ကျင်းပသည့် ညောင်နှစ်ပင်အမျိုးသား ညီလာခံသို့ တက်ရောက်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်သည်အထိ ပါဝင်ခဲ့သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းပြီးနောက်တွင် KIA သည် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းရန် ဖိအားပေးခံခဲ့ရသည်။
- ကချင်ဒေသ တကျော့ပြန်စစ်ပွဲ စနက်တံ
KIO/KIA က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုလိုက်သည်။ ထိုသို့ နိုင်ငံရေး အခြေအနေ တင်းမာလာနေသည့်အချိန်တွင် မိုးမောက်မြို့နယ် KIA အမှတ် (၁၅) လှုပ်ရှားတပ်ရင်းနယ်မြေ ဘွမ်ဆဲန်တောင်၌ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၎င်းတိုက်ပွဲသည် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးကို အဆုံးသတ်သွားစေခဲ့ပြီး ကချင်ဒေသတကျော့ပြန်စစ်ပွဲ စနက်တံ ဖြစ်ခဲ့သည်။
၎င်း ဇွန် ၉ ရက်နေ့ ဖြစ်စဉ်တွင်လည်း ဦးသိန်းစိန်အစိုးရ တပ်မတော်သည် စစ်သုံ့ပမ်းဆိုင်ရာကျင့်ဝတ် ဥပဒေများနှင့် ဆန့်ကျင်ပြီး လုပ်ဆောင်နေသည်ကို ဖြစ်စဉ်မှတ်တမ်းများအရ တွေ့ရသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် တပ်မတော်စစ်သားနှစ်ဦးသည် KIA တပ်စခန်းရှိရာ ဒွမ်ဘွန်ဇွပ် (Dum Bung Zup)သို့ ရောက်လာသည်။ ၎င်းတို့နှစ်ဦးမှ တစ်ဦးကို KIA က ထိန်းသိမ်းထားလိုက်ပြီး တစ်ဦးကို ပြန်လွတ်ပေးခဲ့သည်။ ထို့နောက် စစ်သားတစ်ဦး ထိန်းသိမ်းခံထားရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ကြီးမြတ်ကိုကိုနှင့် အရာရှိတစ်ဦးဖြစ်သည့် ကိုကိုဝင်းဆိုသူတို့နှစ်ဦးသည် စစ်လက်နက်ဝတ်စုံများ တပ်ဆင်ကာ ဒွမ်ဘွန်ဇွပ်သို့ ပြန်လည်ရောက်ရှိလာရာ KIA က ၎င်းတို့နှစ်ဦးကိုလည်း ထိန်းသိမ်းထား လိုက်သည်။ ထိုသို့ဖြစ်ပြီးသည့်နောက် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ နံနက်တွင် မိုးမိတ် ဗျူဟာမှူးအောင်တူးသည် ခလရ (၂၃၆)တပ်ရင်း၊ ခမရ ၄၃၇ တပ်ရင်းနှင့် စကခ (၂၁) လက်အောက်က စစ်အင်းအား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာကာ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဆန်ဂန်ကျေးရွာရှိ KIO ရုံးမှ တပ်ကြပ်ဂေါ့မောချန်းယိန်းအား ဖမ်းဆီးသွားသည်။ ထို့နောက် ဗျူဟာမှူးအောင်တူး ဦးဆောင်သည့် စစ်ကြောင်းသည် KIA တပ်စခန်းရှိရာ ဘွမ်ဆဲန်တောင်ဘက်သို့ ဆက်လက်ချီတက်သွားခဲ့ရာ နံနက် ၇ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၎င်းဘွမ်ဆဲန်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ကျဆုံးမှုများပြီး လက်နက်ချသူများလည်း ရှိလာသည့်အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဇေယျာအောင်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန် KIO ဗဟိုသို့ ဆက်သွယ်လာ၍ နေ့လယ် ၁၂ နာရီအချိန်၌ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် ညှိနှိုင်းသဘောတူ ခဲ့သည်။ ၎င်းသဘောတူညီမှု ရရှိပြီးနောက် နှစ်ဖက်စစ်တပ်မှ အပြန်အလှန် ဖမ်းဆီးခဲ့ကြသော စစ်သုံ့ပမ်းများကို အပြန်အလှန် လွဲပြောင်းပေးကြရန်လည်း သဘောတူခဲ့ကြသည်။ ထို့နောက် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စစ်တပ်က တပ်ကြပ်ဂေါ့မောချန်းယိန်း၏ သေနတ်ကိုသာ KIA ထံ ပြန်လည်ပေးအပ်ခဲ့သည်။ KIA ဘက်က ၎င်းတို့ဖမ်းဆီးထားသော စစ်သားများကို ယင်း ဇွန်လ ၉ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ပြန်လည်လွဲပြောင်းပေးခဲ့သော်လည်း တပ်ကြပ်ဂေါ့မောချန်းယိန်းကို မလွဲပြောင်းပေးသည့်အတွက် နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာလာခဲ့သည်။ သို့ဖြစ်၍ စစ်ရေးပြန်လည် တင်းမာလာခဲ့သည့်နောက် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နှိပ်စက်သတ်ဖြတ်ခံရပြီး သေဆုံးသွားသည့် တပ်ကြပ်ဂေါ့မောချန်းယိန်း၏ ရုပ်အလောင်းကိုသာ KIA ဘက်က လက်ခံရရှိခဲ့သည်။ ထိုသို့ တပ်ကြပ်ဂေါ့မောချန်းယိန်း နှိပ်စက်သတ်ဖြတ်ခံရမှုသည် KIO/KIA အတွက် မခံချင်ဖွယ်ရာဖြစ်သွားသလို ၎င်းသတင်းကို ကြားသိခဲ့ရသည့် ပြည်သူများအတွက်လည်း စိတ်မကျေမချမ်း ဖြစ်ခဲ့ရသည်။
အထက်ပါ သတ်ဖြတ်မှုများသည် စစ်တပ်တစ်ခု လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်၊ စည်းမျဉ်း၊ ဥပဒေများနှင့် ဆန့်ကျင်ကာ ကချင်ဒေသ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း နအဖ စစ်တပ်က ကျူးလွန်သတ်ဖြတ်ခဲ့သော လုပ်ရပ်များကို ထင်ဟပ်စေသည့် အဖြစ်အပျက်များ ဖြစ်ပါသည်။