ဦးဇခုန်တိန့်ယိန်းနဲ့ ကချင်နယ်ခြားစောင့်တပ် နေဝင်ချိန်
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
KIA ပူးပေါင်းအဖွဲ့ရဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း ဖော်ဆောင်နေတဲ့ ကချင်ပြည်နယ် အရှေ့မြောက်ဒေသက ထိုးစစ်ဆင်တိုက်ပွဲတွေကြောင့် စစ်ကောင်စီဟာ အထူးဒေသ (၁) ရဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ဌာနချုပ် ရုံးစိုက်ရာပန်ဝါမြို့အပါအဝင် အမှတ် (၁၀၀၂) နဲ့ (၁၀၀၃) နယ်ခြားစေင့်တပ်ရင်းတွေကို သိမ်းပိုက်ခံနေရပြီ ဖြစ်ပါတယ်။
အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ရင်းကို အောက်တိုဘာ ၁၅ ရက်နေ့မှာ အပြီးသိမ်းပိုက်ပြီး ဌာနချုပ်ပန်ဝါမြို့ကို အောက်တိုဘာ ၁၉ ရက်နေ့ မနက်မှာ အပြီးသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ မနေ့က အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ ကံပိုင်တည် တရုတ် – မြန်မာနယ်စပ်ဂိတ်အနီးက အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ရင်းကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း KIO ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာတွေကို အတည်ပြုဖြေကြားထားပါတယ်။
စစ်ကောင်စီကတော့ ပန်ဝါမြို့သိမ်းခံရတဲ့ ညနဲ့ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ရင်း သိမ်းပိုက်ခံရတဲ့ ညတွေမှာ KIO/KIA ဌာနချုပ် လိုင်ဇာမြို့ဘက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ်ရဲ့ အထူးဒေသ (၁) လို့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (New Democratic Army Kachin – NDAK) နဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရ ငြိမ်းချမ်းရေး လက်မှတ်ထိုးကတည်းက သတ်မှတ်ခဲ့တဲ့ ဆော့လော်၊ ချီဖွေနဲ့ ဝိုင်းမော်မြို့နယ်တွေထဲက ဆော့လော်နဲ့ ချီဖွေမြို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ဝိုင်းမော်မြို့လည်း ခလရ (၅၈) တပ်ရင်းစခန်းသာ အဓိကကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖီမောဒေသမှာရှိတဲ့ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်ရင်းဟာ လမ်းကြောတွေ ပိတ်ဆို့ခံထားရပြီဖြစ်ပြီး ပထဝီဝင်အနေအထားအရ ဒေသပြင်ပနဲ့ ဆက်သွယ်သွားလာနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်က နယ်စပ်ဂိတ်တွေကို အဝင်အထွက် ကန့်သတ်ထားတဲ့အပြင် ကချင်ပြည်နယ်အတွင်းက တရုတ် – မြန်မာ နယ်စပ်လမ်းကြောတွေလည်း KIO/KIA အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတွေ ဖြစ်လာတာ ဖြစ်ပါတယ်။
ဒါဟာ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) ကနေ ၂၀၀၉ ခုနှစ်မှာ စစ်တပ်ရဲ့ တိုက်တွန်းမှုကြောင့် တပ်ရင်း (၃) ခုနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့တဲ့အထဲက ဌာနချုပ်အပါအဝင် တပ်ရင်းနှစ်ခုသိမ်းပိုက်ခံရပြီး ကျန်နေတဲ့ တပ်ရင်းတစ်ခုလည်း KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ လက်ခုပ်ထဲရောက်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် ကျရှုံးသွားခြင်းနဲ့အတူ ပဲ့ကိုင်ရှင် ခေါင်းဆောင်ဖြစ်တဲ့ ဦးဇခုန်တိန့်ယိန်းရဲ့ ဘဝဇာတ်ကြောင်းဟာလည်း နာမည်ဆိုးနဲ့ နိဂုံးချုပ်ရမယ့် ကိန်းဆိုက်နေပြီ ဖြစ်ပါတယ်။