ဘေထုပ်ထည်ဝတ် ရှိုးထုတ်ပြီး ကမ္ဘာကြီးကို ချစ်ပြမယ်
ဆောင်းပါး။ 20 October 2022 – Kachinwaves
ညပိုင်းတွေမှာ အွန်လိုင်းဖေ့ဘုတ်ပေါ် တက်တက်လာတဲ့ “တစ်ထည်မှ တစ်ထောင် အဲရာ (error) မပါ” စတဲ့ ဈေးချိုသာစွာနဲ့ ရောင်းနေကြတဲ့ “ဖေ့ဘုတ် Live” ဈေးရောင်းနေတဲ့ အသံတွေဟာ ဖေ့ဘုတ်သုံးစွဲသူအများရဲ့ အွန်လိုင်းစာမျက်နှာပေါ်မှာ ပေါ်လာတတ် ပါတယ်။
အရင်က မြို့ပေါ် လူသွားလူလာများတဲ့ လမ်းဘေးတွေမှာ ရောင်းချလေ့ရှိတဲ့ ဘေထုပ်ထည်တွေကိုလည်း အခြားကုန်ပစ္စည်းတွေလို အွန်လိုင်းပေါ်မှာ ရောင်းဝယ်ကြတာ တဖြေးဖြေးနဲ့ များလာတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း အွန်လိုင်းပေါ် ဈေးရောင်းဝယ်ခြင်းဟာ အရှိန်အဟုန်နဲ့ များပြားလာတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်းလည်း အင်တာနက်အသုံးပြုမှုက အရင်လို ရှောရှောရှူရှူ မရှိလှပေမဲ့ ဒီကနေ့အချိန်ထိ ကုန်ပစ္စည်းအမျိုးမျိုးကို အွန်လိုင်းကနေ ရောင်းဝယ်နေကြတဲ့အလုပ်ဟာ သွင်ကျယ်နေဆဲဖြစ် ပါတယ်။
အဲသလိုရောင်းဝယ်သူတွေမှာ ဘေထုပ်ရောင်းဝယ်ရေးလုပ်နေတဲ့ ကချင်ပြည်နယ် မိုးညင်းမြို့က မမိုးတစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်။
“ဘေထုပ် ဝတ်ကြတာက အခုလက်ရှိ ငွေကြေးအခက်အခဲကြောင့်ပေါ့၊ စီးပွားရေး အကြပ်အတည်းကြောင့် လူတွေက သက်သာရာ ဝယ်ဝတ်လာကြတဲ့ သဘောပါ”လို့ ဘေထုပ်ရောင်းသူ မမိုးက ဆိုပါတယ်။
မမိုးရဲ့ ဘေထုပ်ဆိုင်ကလေးနဲ့ ဖေ့ဘုတ်အွန်လိုင်း Live ဈေးကွက်မှာတော့ ရာသီဥတုနဲ့ကိုက်ညီတဲ့ ချည်သား အင်္ကျီအပါးတွေနဲ့ နွေရာသီဝတ် အထည်တွေ ဝယ်ယူမှု ပိုများလာတယ်လို့ သူမက ဆက်ပြောပါတယ်။
ဘေထုပ်ထည်တွေထဲက အဲဒီလို ချည်သား အင်္ကျီအပါးတွေနဲ့ နွေရာသီဝတ်အထည်တွေ ပိုပြီးဝယ်ယူကြတာက အရင်က ချမ်းအေးပြီး နှင်းမြူငွေ့တွေ အုံဆိုင်းလေ့ရှိတဲ့ ကချင်ပြည်နယ်ဟာ အခုဆိုရင် ရာသီဥတု ပူနွေးလာမှုကို သိသိသာသာ ခံစားလာကြရတာကြောင့်လို့ မမိုးက ဆိုပါတယ်။
အဲဒီလို အပူချိန်တိုးလာခြင်းဟာ ကမ္ဘာကြီးရဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ သက်ရောက်မှု ပိုမိုပြင်းထန်လာတဲ့အတွက်ဖြစ်ပြီး စိမ်းလန်းစိုပြေတဲ့ တောတောင်စမ်းချောင်းတွေ ပေါကြွယ်ဝမှုလျော့ကျလာတဲ့ ကချင်ပြည်နယ်မှာလည်း ခံစားလာရတဲ့ သဘောဖြစ်ပါတယ်။
အလားတူ လူသားတွေရဲ့ ဘဝနေထိုင်မှုပုံစံကလည်း ရာသီဥတုပူနွေးလာမှုနဲ့ သက်ဆိုင်တယ်လို့ သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။ ကမ္ဘာ့ဖန်လုံအိမ်ဓါတ်ငွေ့ သက်ရောက်မှု ပိုမိုပြင်းထန်လာစေတာကတော့ လူသားတွေက ကာဗွန် (Co2)၊ မီသိန်း (Methane- CH4) နဲ့ နိုက်ထရပ်အောက်ဆိုက် (Nitrous Oxide – N2O) စတဲ့ ဓာတ်ငွေ့တွေ ပိုမိုထုတ်လွှတ်လာတာကြောင့်လည်း ဖြစ်ပါတယ်။
ဥပမာ အထည်အလိပ်ထုတ်လုပ်တဲ့ စက်ရုံတွေကနေ ကာဗွန်ထုတ်လွှတ်ပေးပြီး စွန့်ပစ်လိုက်တဲ့ အထည်တွေကနေ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်စေသလို အသုံးမပြုတော့တဲ့ အဝတ်အစားဟောင်းတွေ စွန့်ပစ်မှုကြောင့်လည်း မြေကြီးညစ်ညမ်းမှုတွေကို ဖြစ်စေတာ ဖြစ်ပါတယ်။
အင်္ကျီ (အဝတ်အစား)တစ်ထည်ဖြစ်လာဖို့ ကုန်ကြမ်းအတွက် သဘာဝချည်မျှင်၊ ဝါဂွမ်းပင်တွေ စိုက်ပျိုးရသလို စိုက်ပျိုးဖို့လိုအပ်တဲ့ မြေဧကရရှိဖို့အတွက်လည်း သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းရပါတယ်။ ဒါ့အပြင် တိရစ္ဆာန်ကရရှိတဲ့ သိုးမွှေး၊ သားရည်တွေကို အသုံးပြုတဲ့အတွက်လည်း တိရစ္ဆာန်တွေ သေကြေကြရပါတယ်။
ကမ္ဘာပေါ်မှာ အဝတ်အထည်ထုတ်လုပ်မှုအတွက် ရေအသုံးပြုမှုဟာ ဒုတိယအများဆုံး ဖြစ်ပါတယ်။ ဝါဂွမ်းနဲ့ ပြုလုပ်တဲ့ တီရှပ်အင်္ကျီတစ်ထည် ထုတ်လုပ်နိုင်ဖို့ ရေ ၂၇၀၀ လီတာလိုအပ်တယ်လို့ Science Friday အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားတဲ့ ဆောင်းပါတစ်ခုမှာ တွေ့ရပါတယ်။ ဒါ့အပြင် ဂျင်းဘောင်းဘီတစ်ထည် ထုတ်လုပ်တဲ့အခါ ထွက်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏဟာ ကားတစ်စီး ၆၉ မိုင်ကျော်မောင်းတဲ့အချိန် ထွက်လာတဲ့ ပမာဏအတိုင်း ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ United Nations Environment Programme (UNEP) ရဲ့ ကိန်းဂဏန်းတွေအရလည်း ဂျင်းဘောင်းဘီတစ်ထည် ထုတ်လုပ်ရန် ရေ ၃၇၈၁ လီတာ အသုံးပြုရန်လိုအပ်ပြီး ကာဗွန် ၃၃.၄ ကီလိုဂရမ်ခန့် ထုတ်လွှတ်မှုနှင့် ညီမျှတယ်လို့ ဖော်ပြထားပါတယ်။
ဖက်ရှင်စက်မှုလုပ်ငန်းမှ နှစ်စဉ်ရေပမာဏ ၉၃ ဘီလီယံကုဗမီတာကိုအသုံးပြုပြီး ၎င်းပမာဏဟာ လူငါးသန်းသုံးစွဲရန်အတွက် လုံလောက်တဲ့ ရေပမာဏ ဖြစ်တယ်လို့ ၂၀၁၉ ခုနှစ် စက်တင်လာလမှာ The World Bank ဝဘ်ဆိုဒ်စာမျက်နှာပေါ်တင်ထားထားတဲ့ How Much Do Our Wardrobes Cost to the Environment? ဆောင်းပါအရ သိရပါတယ်။
ဖက်ရှင်အဝတ်အထည် ထုတ်လုပ်မှု စက်မှုလုပ်ငန်းတွေဟာ နှစ်စဉ်ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုရဲ့ ၁၀% အတွက်တာဝန်ရှိပြီး ၎င်းပမာဏဟာလည်း နိုင်ငံတကာလေကြောင်းတွေနဲ့ ရေကြောင်းပို့ဆောင်ရေး နှစ်ခုပေါင်းထက်တောင် ပိုများနေတဲ့ ပမာဏ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုလေထုညစ်ညမ်းပြီး ကမ္ဘာကြီးပူနွေးလာတာကို တဖက်တစ်လမ်းကနေ လျှော့ချနိုင်ဖို့ အသုံးအဖြုန်းလျှော့ချပြီး ရိုးရှင်းတဲ့နေထိုင်မှု မီနီမယ်လဇင် (Minimalism) ကို ကျင့်သုံးသူတွေ မြန်မာနိုင်ငံမှာလည်း ရှိနေပြီဖြစ်ပါတယ်။
မီနီမယ်လဇင်ဆိုတာ အမှန်တကယ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုသာ ဝယ်ယူစားသုံးတဲ့ ကျင့်သုံးနေထိုင်မှုသဘောကို ဆိုလိုပါတယ်။
လေထုထဲ ကာဗွန်လျော့ကျဖို့ လှုံ့ဆော်တဲ့အနေနဲ့ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်ကနေ ကချင်ပြည်နယ် ပူတာအိုအထိ စက်ဘီးစီးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး မီနီမယ်လဇင် (Minimalism) ကို ကိုယ်တိုင်ကျင့်သုံးနေတဲ့ ကိုသက်နိုင် (Green Bike) က အဟောင်းထည် ဘေထုပ်ထည်ဝတ်ပြီး ကမ္ဘာကြီးကို အလှဆင်နေတယ်လို့ ဆိုပါတယ်။ ဘေထုပ်ထည်ဝတ်တာဟာ သယံဇာတအရင်းအမြစ်ကို မဖြုန်းတီးစေချင်တာကြောင့်ဖြစ်တယ်လို့ ၎င်းက အခုလို ပြောပြပါတယ်။
“ဘေထုပ် အဟောင်းပေါ့။ အဟောင်းကို ဝတ်ရတဲ့ ခံယူချက်ကတော့ ပစ္စည်းတွေပိုသုံးစွဲရင် စွမ်းအင်တို့ သယံဇာတတွေက ကိုယ့်ကြောင့် ပိုပြီးတော့ ပိုကုန်သွားတယ်။ စွမ်းအင်ကို ပိုပြီးသုံးစွဲရတယ်။ သဘာဝအရင်းအမြစ်တွေကို သုံးစွဲရတဲ့ သဘောမျိုးတွေ တဖြေးဖြေးနဲ့ ရှောင်တယ်။ ကိုယ့်ကြောင့် ကမ္ဘာလောကကြီးရဲ့ သယံဇာတကို ပိုပြီးပျက်သွားမှာ ပိုပြီးလျော့သွားမှာ စိုးရိမ်တယ်။ ဒါမျိုးကို မဖြစ်ချင်တော့ဘူး”လို့ ကိုသက်နိုင်က ဆိုပါတယ်။
ဘရဲန်(Brand) ထုတ်လုပ်မှုတွေ များလာတာ ကောင်းပေမယ့် ထုတ်လုပ်မှု များလာတာကြောင့် သဘာဝ သယံဇာတတွေ လျော့နည်းလာတာကို သတိထားစေလိုပြီး လာမယ့်မျိုးဆက်သစ်တွေအတွက် စဉ်စားသင့်ကြောင်း ကိုသက်နိုင်က ဆက်ပြောပါတယ်။
“ကိုယ်တိုင်ရဲ့ အသုံးစရိတ်ကို လျှော့တယ်။ မီနီမယ်လဇင် သဘောမျိုး လိုသလောက်ပဲ သုံးတော့တယ်။ နောက်တစ်ခုက နောက်မျိုးဆက်သစ် အတွက်ပေါ့။ ကိုယ်က ရသလောက် အကုန်သုံးထားပြီးတော့မှ နောက်မျိုးဆက်သစ်အတွက် ဘာမှမကျန်တော့ဘူး။ ဓာတ်ဆီလည်း မကျန်ဘူး၊ ဒီဇယ်လည်း မကျန်ဘူး၊ ရေလည်း မကျန်ဘူး၊ သစ်ပင်လည်း မကျန်ဘူး။ အဲဒီလိုမျိုး ပြုန်းတီးတာကို မကြိုက်တာကြောင့်မို့ ဒီလို အဟောင်းထည်တွေ ဝတ်တယ်”လို့ သူက ပြောပါတယ်။
ကိုသက်နိုင်လို မီနီမယ်လဇင်ကို နားလည်ခံယူလို့ မဟုတ်ပေမဲ့ စီးပွားရေးခက်ခဲလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုတွေက ဘေထုပ် ရောင်းဝယ်သုံးစွဲမှုဈေးကွက်မှာ သက်ရောက်မှုရှိလာတာကို တွေ့ရပါတယ်။
အရင်က အနွေးထည်ကိုသာ အဓိကရောင်းချတဲ့ မလုလုရဲ့ ဘေထုပ်အရောင်းဆိုင်ဟာ အခုဆို နွေရာသီဝတ် အထည်ပါးတွေကို အဓိကထား ရောင်းချနေရတယ်လို့ ၂၀၂၀ ကတည်းက ဘေထုပ်ထည်ကို ရောင်းချနေတဲ့ မလုလုက ပြောပါတယ်။
“စရောင်းတုန်းက ဆွယ်တာ၊ သက်ကလပ်ကုတ်၊ ယုန်မွေးဆွယ်တာ ရောင်းဖြစ်တယ်။ အခုလက်ရှိက နွေရာသီနဲ့ အဆင်ပြေတဲ့ မိန်းကလေးဝတ်လေးတွေ ရောင်းဖြစ်တယ်။ တခြားအထည်ထက်စာရင် အရောင်းသွက်တယ်။ အဲအထုပ်တွေပဲ ရောင်းရတယ်။”လို့ မလုလုက ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ လမ်းဘေး ဘေထုပ်ဆိုင်တွေ များလာသလို ဘေထုပ်ဝယ်ဝတ်သူ ဦးရေဟာလည်း အရင်ကထက် များလာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘေထုပ်ဝတ်ခြင်းဟာ ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်ရာရောက်တယ်လို့ မသိခဲ့တဲ့အကြောင်း မလုလုက အခုလို ပြောပါတယ်။
“အဲလိုကြီးတော့ မစဉ်းစားမိဘူး၊ ဝယ်တဲ့သူကလည်း ဘတ်ဂျက် (အသုံးစရိတ်) ချွေသာတာပေါ့။ အဲကြောင့် လူတော်တော်များများ ဘေထုပ်ကို စိတ်ဝင်စားလာကြတယ်။ ဘေထုပ်က ရွေးတတ်ရင် အသစ်ထက်တောင် လှတာတွေရတယ်။”လို့ သူက ဆိုပါတယ်။
ဘေထုပ်ထဲက တီရှပ်အင်္ကျီတစ်ထည်ကို တစ်ထောင်ကျပ်သာ ပေးဝယ်ရပြီး အရောင်းဆိုင်ကြီးတွေမှာ ရောင်းချနေတဲ့ တီရှပ်အင်္ကျီအသစ်တစ်ထည် ဝယ်ရင်တော့ တစ်ထည်ကို အနည်းဆုံး ၅ ထောင်ကျပ်ကနေ ကျပ်သောင်းဂဏန်းအထိ ပေးဝယ်ရ ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှု အရင်းခံအကြောင်းတရားတွေထဲမှာ လူသားတွေရဲ့ အပြုအမူ နေထိုင်မှုပုံစံတွေဟာလည်း အဓိကကျပါတယ်။ အထူးသဖြင့် လူသားတွေရဲ့ လောဘလိုအင်ဆန္ဒတွေကြောင့် ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဘေထုပ်ထည်ဝတ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း ကာကွယ်နိုင်သလို အဝတ်အထည်ကနေထွက်တဲ့ ဓာတုဆိုးဆေး အနံ့အသက်၊ အရောင်တွေကြောင့် ခန္ဓာကိုယ်မှာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေလည်း လျော့ကျနိုင်တယ်လို့ ယူဆကြောင်း ကိုသက်နိုင် (Green Bike) က ယုံယုံကြည်ကြည့် ပြောဆိုပါတယ်။