မံစီ စကစတပ်၏ ကာကင်းစခန်းများကို တော်လှန်ရေးဘက်ကသိမ်းပိုက်ထားပြီး၊ လေယာဥ်နှင့် အင်အားဖြည့်ထားသည့် စစ်သားများက ခုခံနေသေး
–
KIA နှင့် ပူးပေါင်းတပ်ဖွဲ့၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့်အတူတပြိုင်နက် ထိုးစစ်ဆင်ခဲ့သည့် မံစီမြို့စောင့်တပ်နှင့် လက်နက်ကြီးတပ်တို့ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း မံစီဗျူဟာမှူးသေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။
မံစီ ခမရ (၆၀၁)၊ (၃၁၉) နှင့် အမြောက်တပ်တို့ကို တိုက်ခိုက်
လျက်ရှိရာ ကာကင်းစခန်းများကိုရရှိထားပြီး၊ စစ်ကောင်စီဘက်က လေယာဥ်နှင့် အင်အားဖြည့်ထားသည့် စစ်သားများက ခုခံနေသေးသဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ရန်လိုသေးကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
“အခြေအနေက ဘန်ကာတော်တော်များများရထားပြီ။ ၆၀၁ ဘက်ပေါ့။ ၃၁၉ ကတော့ ဖြည်းဖြည်းချင်းပဲ။ လက်နက်ကြီးတပ်လည်း ကာကင်းနေရာထိ သိမ်းထားပြီ၊၊”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်၊၊
ဗန်းမော် စကခ (၂၁) မှ လက်နက်ကြီး ပစ်ကူပေးနေသည့်အပြင် လေကြောင်းနှင့် လူအင်အားဖြည့်ထားသည့်အတွက် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု သိရှိရသည်။
“မံစီဘက်မှာ ကျန်တဲ့စစ်သားတွေနဲ့ အင်အားထပ်ဖြည့်ထားတဲ့ စစ်သားတွေပြန်ခံတိုက်နေတယ်၊၊”ဟု အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဆိုသည်၊၊
တိုက်ပွဲအတွင်း မံစီဗျူဟာမှူး ဗိုလ်မှုးကြီးအောင်ငြိမ်းချမ်း သေဆုံးကြောင်းလည်း သတင်းရင်းမြစ်များက ပြောသည်။
ဒီဇင်ဘာ ၄ ရက်နေ့တွင် စတင်ခဲ့သည့် ဗန်းမော်မြို့နှင့် မံစီမြို့သိမ်းတိုက်ပွဲမှာ ယနေ့ဆိုလျှင် (၂၇) ရက်မြောက်ရှိလာပြီဖြစ်သည်။