KIO အကြောင်း တစေ့တစောင်း
4 February, 2022 – Kachinawaves
လွတ်လပ်ရေးရရှိပြီးနောက် ပင်လုံစာချုပ်ကတိကဝတ်များ ပျက်ပြယ်လာပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအောက်တွင် ဖော်ဆောင်နေသော ပါလီမန်ဒီမိုကရေစီစနစ်သည် ဗမာလူမျိုးကြီးဝါဒနှင့် ဗဟိုချုပ်ကိုင်မှုစနစ်ကြောင့် အာဏာရှင်စနစ်လက်အောက်သို့ တစ်ဖြေးဖြေး ကျရောက်သွားခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း ဦးဆောင်သည့်စစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ် လုံးဝ ပျက်သုဉ်းသွားခြင်းသည် ကချင်လူမျိုးများအတွက် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ရန် တွန်းအားဖြစ်စေခဲ့သည်။
ဗိုလ်ကြီးနော်ဆိုင်း ဦးဆောင်သည့် အမှတ် (၁) ကချင်သေနတ်ကိုင်တပ်ရင်းသည် ၁၉၄၉ ခုနှစ်ကတည်းက လက်နက်ကိုင်တော်လှန်ရေး စတင်လှုပ်ရှားလာခဲ့သည်။ ကေအိုင်အို၏ ပထမဆုံး ဥက္ကဌဖြစ်လာသော G.O.C ဗိုလ်ချုပ်လထော်ဇော်ဆိုင်း (General Officer Commander Lahtaw Zau Seng) သည် ဗိုလ်ကြီးနော်ဆိုင်း ဦးဆောင်သည့် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုကတည်းက ပါဝင်လာခဲ့သူဖြစ်ပါသည်။
ဗိုလ်ကြီးနော်ဆိုင်း ဦးဆောင်တော်လှန်ခဲ့သည့် အချိန်ကာလတွင် ကချင်လူထုများအပေါ် နိုင်ငံရေးဩဇာရှိနေသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်မှ ကချင်နိုင်ငံရေးခေါင်းဆောင်များနှင့် ဒူဝါများသည် လက်နက်ကိုင်တော်လှန်ရေးကို လက်မခံခဲ့ပေ။ သို့ဖြစ်၍ ဗိုလ်ကြီးနော်ဆိုင်းတို့အဖွဲ့သည် ၁၉၅၀ ခုနှစ်တွင် တရုတ်နိုင်ငံသို့ တိမ်းရှောင်သွားခဲ့ရသည် (ရှယ်လီဆိုင်း၊ ၂၀၁၄၊ ကျမနှင့် တော်လှန်ရေးခရီးစဉ်)။ G.O.C လထော်ဇော်ဆိုင်းသည် တရုတ်နိုင်ငံသို့ လိုက်သွားခြင်းမရှိဘဲ ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (KNDO) နယ်မြေသို့ သွားရောက်ကာ လက်နက်ကိုင်တော်လှန်ရေး ရှေ့ဆက်ရန် တက္ကသိုလ်ကျောင်းတက်နေသည့် ၎င်း၏ ညီရင်းဖြစ်သူ ဇော်တူးတို့နှင့် ချိတ်ဆက်၍ မြေအောက်လှုပ်ရှားမှုများဖြင့် ဆောင်ရွက်ခဲ့သည်။
ကချင် အမျိုးသားရေးနှင့်နိုင်ငံရေးတွင် တက်ကြွလှုပ်ရှားသော တက္ကသိုလ်ကျောင်းသား ကချင်လူငယ်များသည် မြေအောက်လှုပ်ရှားမှုဖြင့် စတင်လှုပ်ရှားလာခဲ့ရာ ၁၉၅၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးရှေ့ဆောင်အဖွဲ့ဖြစ်သည့် 7 Stars အဖွဲ့ (၇နှစ်စင်ကြယ်ထွက်ရှိသည့်ညအချိန်၌ လျှို့ဝှက်တွေ့ဆုံဆွေးနွေး၍ ဖွဲ့စည်းခြင်းဖြစ်သဖြင့် 7 Stars အဖွဲ့ဟုခေါ်သည်)ကို စတင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့တွင်ပါဝင်သူများမှာ၊ ၁။ လထော်ဇော်တူး၊ ၂။ ဖောင်ယူးတူးလွမ်၊ ၃။ မလိဇွပ်ဇော်မိုင်၊ ၄။ ပေါင်ရွှေဇော်ဆိုင်း၊ ၅။ KD ဘရန်ဂမ်၊ ၆။ နာဖေါ့ဂွမ်ရှောင် ၇။ မလန်ရှောင် စသည့် ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ (ရှယ်လီဆိုင်း၊ ၂၀၁၄၊ ကျမနှင့် တော်လှန်ရေး ခရီးစဉ်)။
7 Stars အဖွဲ့သည် မြေအောက်လှုပ်ရှားမှုများကို အရှိန်မြင့်လှုပ်ရှားလာရာ KIO (Kachin Independence Organization)ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင် နိုင်ခဲ့သည်။ ကေအိုင်အိုသည် တော်လှန်ရေးကို ဦးဆောင်သည့် နိုင်ငံရေးဦးဆောင်ပါတီ ဖြစ်သည်။ အရံပါတီဝင်၊ တင်းပြည့်ပါတီဝင်များဖြင့် ဗဟိုကော်မတီအထိ အဆင့်ဆင့်ဖွဲ့စည်းထားသည်။ ကေအိုင်အို ဖွဲ့စည်းပြီးနောက် ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် KIC (Kachin Independence Council) ကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် ကေအိုင်အိုသည် လက်နက်ကိုင်တော်လှန်သော နိုင်ငံရေးအဖွဲ့ဖြစ်သည်နှင့်အညီ လက်နက်ကိုင်တပ် KIA (Kachin Independence Army)ကို ၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့၌ ရှမ်းပြည်နယ် လားရှိုးမြို့တွင် ပြုလုပ်သည့် KIC (ကေအိုင်စီ) အစည်းအဝေး၌ ဖွဲ့စည်းလိုက်သည်။ ကေအိုင်အေကို ဖွဲ့စည်းလိုက်သည့် ဖေဖေါ်ဝါရီလ ၅ရက်နေ့ကိုလည်း တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ရန် ၎င်းအစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြသည် (ရှယ်လီဆိုင်း၊ ၂၀၁၄၊ ကျမနှင့် တော်လှန်ရေးခရီးစဉ်)။ ယနေ့အချိန်ထိ တော်လှန်ရေးနေ့ကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသည်။ စစ်ရေးနိုင်ငံရေး အခြေအနေ တင်းမာရှုပ်ထွေးမှုမရှိဘဲ လုံခြုံမှုရှိသည့်နှစ်များတွင် ကချင်မနောင်ပွဲတော်ဖြင့် လူထုနှင့်အတူ စည်စည်ကားကားကျင်းပ၍ ကေအိုင်အို ဥက္ကဌ၏ တော်လှန်ရေးနေ့မိန့်ခွန်းကို ကြားနာလေ့ရှိသည်။ ၎င်းတော်လှန်ရေးနေ့ကို ကေအိုင်အို ထိန်းချုပ်နယ်မြေများ၌ ကျင်းပခြင်း သာမက ပြည်တွင်းနှင့် ပြည်ပရောက် ကချင်လူမျိုးများလည်း အခမ်းအနားများဖြင့် ကျင်းပပြုလုပ်လေ့ရှိသည်။
Kachin Independence Council သည် ကေအိုင်အို၏ မူဝါဒကို လက်တွေ့အကောင်အထည်ဖော်သည့် အမိန့်ဥပဒေပြုပိုင်ခွင့်ရှိသော အုပ်ချုပ်ရေးအာဏာပိုင် (အစိုးရ) ဖြစ်သည်။ ကေအိုင်အို ဥက္ကဌသည် ကေအိုင်စီ၏ အကြီးအကဲခေါင်းဆောင် (President) ဖြစ်သည်။ ယနေ့အချိန်တွင် ကေအိုင်စီသည် သက်ဆိုင်ရာဌာန (၁၂)ခုဖြင့် စီမံအုပ်ချုပ်နေသည်။
ယင်းဌာနများမှာ၊
- Kachin Independence Army (ကချင်လွတ်လပ်ရေးတပ်မတော်)
- တပ်မဟာ (၁၀)ခု၊ လှုပ်ရှားတပ်မ(၂)ခု၊ လက်နက်ကြီးတပ်မ(၁)ခု၊ ဒေသအခြေစိုက်တပ်ရင်း (၂၄)ခု၊ လှုပ်ရှားတပ်ရင်း (၂၇)ခု လက်နက်ကြီးတပ်ရင်း (၅)ခုနှင့် အထူးတပ်ရင်း (၃)ခုဖြင့် KIA တပ်ကို အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲမှုစနစ်ဖြင့် ဖွဲ့စည်းထားသည်။ အမျိုးသမီး ဗိုလ်လောင်းသင်တန်းကျောင်း အပါအဝင် ဗိုလ်လောင်း သင်တန်းကျောင်းများကို ဖွင့်လှစ်ထားရှိကာ ဗိုလ်လောင်း (၆၀၀)ကျော်အား သင်ကြားမွေးထုတ်နိုင်ခဲ့သည်။ အမှတ် (၄)၊ အမှတ် (၆)၊ အမှတ် (၁၀)စသည့် တပ်မဟာများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်ပြီး ကျန်သည့် တပ်မဟာများသည် ကချင်ပြည်နယ်တွင် အခြေစိုက်ထားပါသည်။
- Department of General Administration – DGA (အထွေထွေအုပ်ချုပ်ရေးဌာန)
- DGA ဌာနလက်အောက်တွင် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ လမ်းတံတားဆောက်လုပ်ရေး၊ ပြည်သူ့စစ်တပ်ရင်းပေါင်း (၃၀) စသော ဌာနလက်အောက်ခံအဖွဲ့များ ရှိပါသည်။ အုပ်ချုပ်ရေးကဏ္ဍကို ကျေးရွာအုပ်စု (တိုက်နယ်)အဆင့်မှ၊ မြို့နယ်၊ ခရိုင်၊ တိုင်း စသဖြင့် အဆင့်ဆင့် ဖွဲ့စည်းအုပ်ချုပ်ထားသည်။ ထို့အပြင် အုပ်ချုပ်ရေးဆိုင်ရာ အရာရှိသင်တန်းကျောင်းကို ၂၀၀၄ ခုနှစ်မှ စတင်ဖွင့်လှစ်ကာ အုပ်ချုပ်ရေးအရာရှိများ သင်ကြားမွေးထုတ်လျှက်ရှိသည်။
- ဘဏ္ဍာရေးဌာန (ငွေတိုက်၊ စရင်းစစ်၊ အခွန်)
- နိုင်ငံခြားဆက်သွယ်ဆက်ဆံရေးဌာန
- တရားရေးဌာန (တိုက်နယ်တရားရုံး၊ မြို့နယ်တရားရုံး၊ ခရိုင်တရားရုံးနှင့် တိုင်းတရားရုံးအထိ စုစုပေါင်း တရားရုံး (၇၅)ခုရှိသည်)
- ကျန်းမာရေးဌာန
- ပြည်သူ့ဆေးရုံ(၁၁)ခု၊ စစ်ရှောင်စခန်းဆေးရုံး (၄)ခုနှင့် သက်ဆိုင်ရာ ကျန်းမာရေးရုံးများ၊ ပြည်သူ့ကျန်းမာရေးနှင့် စစ်ရှောင်ပြည်သူ့ ကျန်းမာရေးဌာနခွဲများကို ဖွဲ့စည်းဖွင့်လှစ်ထားရှိသည်။
- ပညာရေးဌာန
- အထက်တန်းကျောင်း (၇)ကျောင်း၊ အလယ်တန်းကျောင်း (၂၆)ကျောင်းနှင့် မူလတန်းကျောင်း (၁၀၃)ကျောင်း ဖွင့်လှစ်ထားရှိသည်။ ထို့အပြင် ဆရာအတတ်သင်ကျောင်း (TTS)၊ ဆရာအတတ်သင်ကော်လိပ် (TTC) နှင့် Institute of Education ကျောင်းများလည်း ဖွင့်လှစ်ထားသည်။
- စီးပွားရေးဌာန
- စိုက်ပျိုးမွေးမြူရေးဌာ
- စိုက်ပျိုးမွေးမြူရေး Diploma ကျောင်း ဖွင့်လှစ်ထားသည်။
- စာပေနှင့်ရိုးရာယဉ်ကျေးမှုဌာန
- သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်ရေးဌာန
- သတင်းနှင့် ပြန်ကြားရေးဌာန
- Laiza FM Radio, Laiza Television, Laiza Journal, The Kachin Net စသည့် ဌာနခွဲများဖြင့် လူမှုကွန်ရက်စာမျက်နှာ (Social Media)များနှင့် website များမှတဆင့်လည်း သက်ဆိုင်ရာသတင်းများကို ထုတ်ပြန် တင်ဆက်လျှက်ရှိသည်။
ထို့အပြင် အမျိုးသမီးရေးရာအဖွဲ့၊ Education and Economic Development for Youth (EEDY)နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နှင်းရေး ကော်မတီ၊ စသည့် အဖွဲ့များကိုလည်း ဖွဲ့စည်းကာ သက်ဆိုင်ရာ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်စေသည်။ ကေအိုင်အိုသည် ရှေ့နိုင်ငံရေးလုပ်ငန်းစဉ် လမ်းညွှန်ရေးအဖွဲ့ (Shawnglam Mungmasa Jasat Hpung)ကို ဖွဲ့စည်းပြီး နယ်ပယ်အသီးသီးက ကိုယ်စားပြု ကိုယ်စားလှယ်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက် လျှက်ရှိသည်။ (2021၊ ၆၀ ပြည့်နှစ်တော်လှန်ရေးနေ့ မိန့်ခွန်း)
ကေအိုင်အိုသည် အထက်တွင် ဖော်ပြထားသည့် ဖွဲ့စည်းအုပ်ချုပ်မှုယန္တရားများဖြင့် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများတွင် အစိုးရတစ်ရပ်အဖြစ် တည်ရှိသည်။ ထို့အပြင် ၎င်းတို့၏ ထိန်းချုပ်နယ်မြေ မဟုတ်သော်လည်း ကချင်ပြည်နယ်အတွင်းတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေကဏ္ဍများတွင် ထိရောက်သည့် ဩဇာသက်ရောက်မှုရှိသည်။
ကေအိုင်အိုတွင် တော်လှန်ရေးအစပိုင်းကာလတွင် ကိုယ်ပိုင်းမူဝါဒလမ်းစဉ်လက်စွဲစာအုပ် တိတိပပမရှိခဲ့သော်လည်း ၁၉၆၉ ခုနှစ်တွင် (69 – Lam Yan Ninggawn Mung Masa) အထွေထွေနိုင်ငံရေးမူဝါဒလမ်းစဉ်စာအုပ်ကို ရေးသားပြုစုအတည်ပြုနိုင်ခဲ့သည်။ ၎င်းလမ်းစဉ်စာအုပ်ကို ရေးသားပြုစုခဲ့သည့် ပုဂ္ဂိုလ်များမှာ ၁။ ဗိုလ်မှူးချုပ် လထော်ဇော်တူး (G.O.C လထော်ဇော်ဆိုင်း၏ညီ) ၂။ ဆလန်ကဘား ပေါင်ရွှေဇော်ဆိုင်း (7 stars အဖွဲ့ဝင်)၊ ၃။ ဆလန်ကဘား လညော်ဇောင်းဟရား (KIO ဥက္ကဌဟောင်း) ၄။ ဒုဗိုလ်မှူးကြီး လထော်ဇော်ဒန် (G.O.C လထော်ဇော်ဆိုင်း၏ညီ) ၅။ ဗိုလ်မှူး မလိဇွပ်ဇော်မိုင် (KIO ဥက္ကဌဟောင်း)တို့ ဖြစ်ကြသည်။ ၎င်းမူဝါဒလမ်းစဉ်စာအုပ်တွင် ၁။ မျိုးချစ်စိတ် (Myu Tsaw Masa) ၂။ ဒီမိုကရေစီစနစ် (Dimokresi Masa) ၃။ ပြည်သူလူထုကောင်းစားရေး (Mung Shawa Nga Mu Nga Mai Lam)ဟူ၍ အခြေခံမူ (၃)ခု ပါရှိသည်။
လက်ရှိ ကေအိုင်အို၏ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လသည် ဆဌမမြောက်ဥက္ကဌဖြစ်သည်။ ၎င်း၏ရှေ့တွင် ဥက္ကဌတာဝန် ထမ်းဆောင်ခဲ့သူများမှာ ၁။ G.O.C ဗိုလ်ချုပ်လထော်ဇော်ဆိုင်း၊ ၂။ Salang Kaba (ဆလန်ကဘား) မရန်ဘရန်ဆိုင်း၊ ၃။ ဒုဗိုလ်ချုပ်ကြီး မလိဇွပ်ဇော်မိုင်၊ ၄။ ဗိုလ်ချုပ်ကြီး လမုန်တူးဂျိုင်၊ ၅။ Salang Kaba (ဆလန်ကဘား) လညော်ဇောင်းဟရားတို့ ဖြစ်ကြသည်။ (2021၊ ၆၀ ပြည့်နှစ်တော်လှန်ရေးနေ့ မိန့်ခွန်း)
၁၉၇၅ ခုနှစ်တွင် ကေအိုင်အိုကို တည်ထောင်သူ ညီအစ်ကိုများဖြစ်သည့် G.O.C ဗိုလ်ချုပ်လထော်ဇော်ဆိုင်းနှင့် ညီဖြစ်သူဇော်တူးတို့ ထိုင်းနိုင်ငံနယ်စပ်၌ ကေအိုင်အေ ဗိုလ်တူးဆိုင်း၏ (သစ္စာဖောက်) လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ တတိယမြောက်ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး မလိဇွပ်ဇော်မိုင်သည် ၂၀၀၁ ခုနှစ်တွင် တာဝန်မှ ဖယ်ခြားခံခဲ့ရသော်လည်း သွေးထွက်သံယိုမှုတော့ မရှိခဲ့ပေ။
ကေအိုင်အိုကို ၁၉၆၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော်လည်း ကေအိုင်အို ကချင်လက်နက်ကိုင်တော်လှန်ရေးသည် ၁၉၄၉ ခုနှစ်ကတည်းက မျိုးစေ့သန္ဓေ တည်ခဲ့ခြင်းဖြစ်သည်။ ပါလီမန်ဒီမိုကရေစီစနစ် လုံးဝ ပျက်သုဉ်းသွားပြီး ဦးနေဝင်းဦးဆောင်သော အာဏာရှင်စနစ် ပေါ်ပေါက်လာခြင်းသည် ကေအိုင်အို၏ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်အား ပြည်သူလူထုထောက်ခံမှုဖြင့် အင်အားတောင့်တင်း ခိုင်မာလာစေသည့် အဓိကအချက်ဖြစ်ပါသည်။
ကေအိုင်အို၏ မူလရည်ရွယ်ချက်မှာ သီးခြားလွတ်လပ်သည့် နိုင်ငံထူထောင်ရန်ဖြစ်သော်လည်း နောက်ပိုင်းတွင်မူ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ရရှိရေး ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်များပါဝင်၍ ဦးနေဝင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် ကေအိုင်အိုဥက္ကဌ ဆလန်ကဘား မရန်ဘရန်ဆိုင်းက ဆွေးနွေးခဲ့သည် (Duwa Wabaw Zau Rip, 1995, Jinghpaw Mung hte Ngai)။ ဆလန်ကဘား မရန်ဘရန်ဆိုင်းသည် ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ရန် အခြားတိုင်းရင်းသားအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ (ရှယ်လီဆိုင်း၊ ၂၀၁၄၊ ကျမနှင့် တော်လှန်ရေး ခရီးစဉ်)။
ခြုံငုံကြည့်သည့်အခါ ကေအိုင်အိုသည် ပင်လုံစာချုပ်ဖြစ်ပေါ်လာရခြင်း၏ အနစ်သာရကို အခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်အတွင်း၌ ကိုယ်ပိုင်းအုပ်ချုပ်ခွင့်အပြည့်အဝရှိသော ပြည်နယ်အဖြစ် ပေါင်းစည်းနေထိုင်းရေးကို ရှေ့ရှုသည်ဟု သုံးသပ်ရရှိပါသည်။