KIO နှင့် KIA ကို ဦးဆောင်တည်ထောင်ခဲ့သူ အာဇာနည်ခေါင်းဆောင်ညီအစ်ကို ၃ ဦး၏ ကိုယ်ရေးအကျဉ်း
အတ္ထုပ္ပတ္တိ။ 10 August 2022 – Kachinwaves
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ကို ဦးဆောင်ဖွဲ့စည်း တည်ထောင်ခဲ့သော ဗိုလ်ချုပ်ဇော်ဆိုင်းတို့ ညီအစ်ကိုသုံးဦးသည် အချိန်မတိုင်မီ ကြွေလွင့်သွားခဲ့ရသော ကချင့်အာဇာနည်ညီအစ်ကိုများ ဖြစ်ကြသည်။ ၎င်းတို့ သုံးဦးအနက် အစ်ကိုဖြစ်သူ ဗိုလ်ချုပ်ဇော်ဆိုင်းနှင့် ဗိုလ်မှူးချုပ်ဇော်တူးတို့ညီအစ်ကိုနှစ်ဦးသည် ထိုင်းနိုင်ငံ ထန်းငေါက်တောင်သွားရာလမ်း၌ သစ္စာဖောက် ဗိုလ်ဆိုင်းတူး(တူးဘုန်)ဦးဆောင်သည့်အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ရသည်။ ဗိုလ်မှူးချုပ်ဇော်တူးသည် ၁၉၇၅ ခုနှစ် သြဂုတ်လ (၆) ရက်နေ့၌ လုပ်ကြံခံရပြီး ဗိုလ်ချုပ်ဇော်ဆိုင်းသည် ၁၉၇၅ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
- ဗိုလ်ချုပ် ဇော်ဆိုင်း၏ ကိုယ်ရေးအကျဉ်း
ဗိုလ်ချုပ်ဇော်ဆိုင်းသည် ရှမ်းပြည်နယ် လားရှိုးမြို့ ဘန်ရှောင်ကျေးရွာက သိက္ခာတော်ရဆရာတော် ဦးဘလောင်ဒူနှင့် ကျောင်းဆရာမဒေါ်လဖိုင်နန်ထန်တို့၏ သားဦးဖြစ်ပြီး ၁၉၂၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် မွေးဖွားခဲ့သူဖြစ်သည်။ သားယောက်ျားလေး (၆) ဦးနှင့် သမီးမိန်းကလေး (၃)ဦး၊ စုစုပေါင်း မောင်နှမ (၉)ဦး ရှိသည်။ ဗိုလ်ချုပ်ဇော်ဆိုင်းကို ဇော်ကျန်းဟုလည်း ခေါ်ကြသည်။ ၁၉၄ဝ-၄၁ ခုနှစ်တွင် အတန်းပညာ ၇ တန်နှင့် ၈ တန်းကို သင်ကြားနေချိန် ဖက်ဆစ်ဂျပန်တို့ ဝင်ရောက်လာခဲ့ရာ ဖက်ဆစ်ဂျပန်စစ်တပ်၌ စကားပြန်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၄၄-၄၅ ခုနှစ်တွင် အမေရိကန်နှင့် ဗြိတိသျှစစ်တပ်တို့ ပြန်လည်ဝင်ရောက်လာ၍ ဖက်ဆစ်ဂျပန်တို့ ဆုတ်ခွာခဲ့ရသည်။ ထို့နောက်တွင် ရိန်းဂျားတပ်၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ဗြိတိသျှတပ်၌ ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဗြတိသျှဆုတ်ခွာသွားသည့်နောကပ်ပိုင်းတွင် (၁ဝ)တန်းအထိ ဆက်လက်ပညာသင်ယူခဲ့သူဖြစ်သည်။
၁၉၄၉ ခုနှစ်တွင် ဗိုလ်ကြီးနော်ဆိုင်းနှင့်အတူ KNDO တို့ ပူးပေါင်းပြီး မြန်မာအစိုးရကို တော်လှန်ခဲ့ပါသည်။ ၁၉၅ဝ ခုနှစ် ဗိုလ်ကြီးနော်ဆိုင်း တရုတ်ပြည်သို့ တိမ်းရှောင်သွားချိန်တွင် ဗိုလ်ချုပ်ဇော်ဆိုင်းသည် ကရင်ပြည်နယ်သို့ တိမ်းရှောင်ပြီး KNDO တပ်တွင် တပ်မဟာကို အုပ်ချုပ်ခဲ့ပါသည်။
၁၉၅၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တက်နေသော ညီဖြစ်သူ ဇော်တူးနှင့်အတူ တက္ကသိုလ်ကျောင်းသားများကို စည်းရုံးပြီး ၁၉၅၉ ခုနှစ်တွင် လားရှိုးမြို့သို့ ချီတက်လာကာ ကချင် လွတ်လပ်ရေး အဖွဲ့အစည်း (KIO)ကို စတင်ဦးဆောင် ဖွဲ့စည်းခဲ့ပါသည်။
ကချင်ပြည်တော်လှန်ရေးအဖွဲ့ကို ဖွဲ့စည်းအကောင်အထည်ဖော်ပြီး ၁၉၆၅ ခုနှစ် ဒီဇင်ဘာလတွင် လက်နက်စုဆောင်းကာ နိုင်ငံရေးထွက်ပေါက်ရှာရန် ထိုင်နိုင်ငံသို့ ချီတက်ခဲ့သည်။ ၁၉၇ဝ ခုနှစ် ဧပြီလ (၄) ရက်နေ့၌ ဒူဝါခွန်ဖုန်းနှင့် ဇနီးဒေါ်နန်ထုတို့၏သမီး မနန်ဘောက်နှင့် အိမ်ထောင်ပြုခဲ့ပါသည်။ ထိုင်းနိုင်ငံ၌ ဆက်လက်တာဝန်ထမ်းဆောင်နေချိန် ၁၉၇၅ ခုနှစ် သြဂုတ်လ (၁ဝ) ရက်နေ့ ထိုင်းနိုင်ငံ ထန်းငေါက် တောင်လမ်းခရီး၌ လုပ်ကြံသတ်ဖြတ်ခံသဖြင့် ကျဆုံးသွားခဲ့ရသည်။
ဗိုလ်ချုပ်ဇော်ဆိုင်းသည် မတရားဖိနှိပ်ခံနေရသော ကချင်တိုင်းရင်းသားများ လွတ်မြောက်ဖို့ရန် ကချင်တော်လှန်ရေးအဖွဲ့ကို ပထမဦးဆုံးဦးဆောင်ဖွဲ့စည်းလိုက်သော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဗိုလ်ချုပ်သည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ကြီးမားသူဖြစ်ပြီး လုပ်ရဲ၊ ကိုင်ရဲ၊ ဆုံးဖြတ်တာဝန်ယူရဲသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ ထို့အပြင် ဗမာ၊ ရှမ်း၊ အင်္ဂလိပ်၊ ကုလား၊ ဂျပန်၊ ထိုင်း၊ လားဟူ၊ ကရင် စသည့် ဘာသာစကားများကို တတ်ကျွမ်းပြီး ကချင်မျိုးနွယ်စုထဲက ဇီး၊ မရူ (လော်ဝေါ်)နှင့် လချိတ် စသည့် ဘာသာစကားများကိုလည်း တတ်ကျွမ်းသူ ဖြစ်ပါသည်။ ဗိုလ်ချုပ်သည် မျက်လှည့် အတတ်ပညာကိုလည်း တတ်ကျွမ်းကာ တောင်ဝှေးကိုမြွေအဖြစ်သို့ ပြောင်းနိုင်သောအစွမ်းနှင့် ရန်သူမျက်စိလည် လမ်းမှားသွားအောင် လုပ်နိုင်သော မျက်လှည့်ပညာများကိုလည်း တတ်ကျွမ်းသောသူ ဖြစ်သည်။ ရိန်းဂျားတပ်၌ တာဝန်ထမ်းဆောင်နေချိန် ဂျပန်စစ်သား (၆)ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သဖြင့် BGM ဆုတံဆိပ်ချီးမြှင့်ခံခဲ့ရသည်။
- ဗိုလ်ချုပ်ဇော်ဆိုင်း၏ညီရင်း ဗိုလ်မှူးချုပ်ဇော်တူး၏ ကိုယ်ရေးအကျဉ်း
ဗိုလ်ချုပ်ဇော်ဆိုင်း၏ ညီအရင်းဖြစ်ပြီး အသက်အရွယ်ရောက်သည်နှင့် ကျောင်းဆရာမဖြစ်သူ မိခင်ထံ၌ ဒုတိယတန်းအထိ ပညာသင်ယူခဲ့သည်။ အထက်တန်းအောင်မြင်သည်အထိ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာနှင့် လားရှိုးမြို့တို့တွင် ဆက်လက်ပညာသင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌ (ISC) အထိရောက်အောင် ပညာသင်ယူခဲ့သည်။ တက္ကသိုလ်တက်နေစဉ် တက္ကသိုလ် အရန်တပ်ရင်း (UTC) စစ်သင်တန်းကိုလည်း သင်ယူခဲ့သည်။ ၁၉၅၇ ခုနှစ်မှစပြီး နိုင်ငံရေးပညာရပ်များကို လေ့လာခဲ့ကာ အစ်ကိုဖြစ်သူ ဗိုလ်ချုပ်ဇော်ဆိုင်းနှင့် ပူးပေါင်းကာ ကချင်တော်လှန်ရေးကို စတင်ဦးဆောင်လာခဲ့သည်။
၁၉၆၁ ခုနှစ် မတ်လ (၇) ရက်နေ့၌ ရှမ်းပြည်နယ် လားရှိုးအစိုးရဘဏ်ကို ဝင်ရောက်တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သည်။ ဗမာအစိုးရတပ်နှင့် ကေအိုင်အေကြား ပထမဦးဆုံးတိုက်ပွဲ၌ ဦးဆောင်ပါဝင်ခဲ့သည်။ ထို့နောက်တိုက်ပွဲပေါင်းများစွာကို ဦးဆောင်ခဲ့သည်။ ၁၉၆၁ ခုနှစ် သြဂုတ်လ၌ သိန်းနီရှိ ဌာနချုပ်မှ ကချင်ပြည်သို့ ချီတက်ကာ ဗန်းမော်၊ ဆဒုံး၊ မလိအင်မိုင်ဝလောင် (မြစ်ဆုံအထက်ပိုင်း)၊ ဆွမ်ပရာဘွမ်၊ ပူတာအို စသည့်ဒေသများသို့ စည်းရုံးရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးတို့တွင် ဦးဆောင်စည်းရုံးခဲ့သူဖြစ်ပါသည်။ ဗိုလ်မှူးချုပ်ဇော်တူးသည် အိန္ဒိယ၊ တရုတ်တို့နှင့် ဆက်ဆံရေးတို့တွင် ဦးဆောင်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် လော့ဝိုင်လုအောင်နှင့် အိမ်ထောင်ကျကာ သမီး (၂)ဦး ထွန်းကားခဲ့သည်။ ထို့နောက် ၁၉၇၃ ခုနှစ်တွင် လဗျဆိုင်းတောင်နှင့် ဒုတိယအိမ်ထောင်ပြုခဲ့သည်။
၁၉၇၃ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် ကေအိုင်အေ ဌာနချုပ်မှ ဗိုလ်ချုပ်ဇော်ဆိုင်း ရောက်ရှိနေသည့် ထိုင်းနိုင်ငံသို့ ခရီးထွက်ခဲ့သည်။ ဗိုလ်ချုပ်ဇော်ဆိုင်းနှင့်တွေ့ဆုံကာ တော်လှန်ရေး ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။
ဗိုလ်မှူးချုပ်ဇော်တူးသည် ၁၉၆၉ ခုနှစ် ကေအိုင်အို၏ အထွေထွေနိုင်ငံရေးလမ်းစဉ်ရေဆွဲရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ကချင်ပြည်နှင့် ကချင်ပြည်သူလူထုကို အစိုးရတို့၏ မတရားဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန် ကချင် လွတ်လပ်ရေးတပ်မတော်ကို ခေါင်းဆောင် ဗိုလ်ချုပ်ဇော်ဆိုင်း၏ လက်ထောက်(ဒုတိယခေါင်းဆောင်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်မှူးချုပ်သည် လုပ်ရဲကိုင်ရဲရှိပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်သည့်သူ ဖြစ်သည်။ မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်ပြင်းထန်သူ တစ်ဦးလည်း ဖြစ်သည်။ ကိုယ်ခန္ခာမှာ သန်သန်မာမာရှိပြီး အစွမ်းအစရှိသည့် ဗိုလ်မှူးချုပ်တစ်ဦးဖြစ်သည်။
- ဗိုလ်ချုပ်ဇော်ဆိုင်း၏ညီရင်း ဒုဗိုလ်မှူးကြီး ဇော်ဒန်၏ ကိုယ်ရေးအကျဉ်း
ဗိုလ်ချုပ်ဇော်ဆိုင်းနှင့် ဗိုလ်မှူးချုပ်ဇော်တူးတို့၏ ညီအရင်းဖြစ်သည်။ ဆရာမဖြစ်သည့် မိခင်ထံ၌ မူလတန်းပညာကို သင်ယူကာ ရှမ်းပြည်နယ် ကွတ်ခိုင်နှင့် လားရှိုးတို့တွင် အထက်တန်းပညာကို ဆက်လက်သင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ (BA) ဝဇ္ဇိာဘွဲ့ရရှိခဲ့သည်။ ကျောင်းတက်နေစဉ် (UTC) တက္ကသိုလ်စစ်သင်တန်းကို သင်ယူခဲ့သလို ကျောင်းတက်နေစဉ် ကာလမှာပင် ကချင်တော်လှန်ရေးတပ်နှင့် အဆက်အသွယ်လုပ်ကာ တော်လှန်ရေးအတွက် စည်းရုံးရေး စသည့် လုပ်ငန်းများကို လုပ်ဆောင်နေစဉ် အစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး လားရှိုးထောင်၌ ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ အကျဉ်းကျနေစဉ် သံတိုတစ်ခုဖြင့် ထောင်တံခါးကို တစ်ညလုံးမိုးလင်းပေါက်ဖြတ်ကာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ကချင်တော်လှန်ရေးတပ် ကေအိုင်အေသို့ စတင်ရောက်ရှိလာပြီး (GSO-GENARAL STAFF OFFICER) တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ရှမ်းတိုင်းရင်းသူ တစ်ဦးဖြစ်သော ဆရာမနန်းထွေးခမ်းနှင့် အိမ်ထောင်ပြုခဲ့သည်။ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ကေအိုင်အေ အမှတ် (၁) တပ်မဟာမှူးနှင့် ၁၉၇၃ ခုနှစ်တွင် အမှတ် (၄) တပ်မဟာမှူး တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ ခုနှစ် မတ်လ (၁)ရက်နေ့ ရှမ်းပြည်နယ် ကုဒေါင်၊ မုန်းမောမန်ဟိုင်းရွာ၌ ကွန်မြူနစ်တို့နှင့် ဖြစ်ပွားသည့်တိုက်ပွဲတွင် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်ကျဆုံးခဲ့ရသည်။
ဒုဗိုလ်မှူးကြီးဇော်ဒန်သည် ခေတ်ပညာတတ် မျိုးချစ်စိတ်ဓာတ်ပြင်းထန်သူ ဖြစ်သည်။ နိုင်ငံရေး၊ စစ်ရေးစစ်ရာများ၌ ကျွမ်းကျင်မှုရှိသူ ဖြစ်သည်။ အစ်ကိုဖြစ်သူများနည်းတူ ကိုယ်ခန္ခာကျန်းမာသန်စွမ်းပြီး အစွမ်းအစရှိသူဖြစ်သည်။
မှတ်ချက်။ ရှယ်လီဆိုင်း ရေးသားသည့် “ကျမနှင့် တော်လှန်ရေးခရီစဉ်” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။