ကိုယ့်အသက်ကို စတေးခံပြီး စစ်ကောင်စီရဲ့ အမိန့်အတိုင်းလိုက်မလုပ်နိုင်ကြောင်း ကချင်အထူးဒေသ (၁) မှာ သက်သေပြ
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
KIO/KIA ရဲ့ အထူးစစ်ဆင်ရေးက ဝိုင်းမော်မြို့နယ် အထက်ဘက်က နယ်ခြားစောင့်နဲ့ ပြည်သူ့စစ်အဖွဲ့တွေစိုးမိုးထားတဲ့ မြေရှားထွက်ရာ ကချင်အထူးဒေသ (၁) သို့ တဖြည်းဖြည်းရောက်ရှိသွားပြီး အခုဆိုရင် အဆိုပါ နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ထားတဲ့အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်ဟာ ၂၀၂၄ ဇွန်လကတည်းကစပြီး ဝိုင်းမော်မြို့နယ်နဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ဒေသကို ဆက်သွယ်ထားရာ လမ်းကြောတလျှောက်က ဆဒုံး၊ ချီဖွေတွေအပြင် ဆော့လော်နဲ့ တရုတ်-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ ပန်ဝါ၊ ဖီမော်၊ ကန်ဖန် စတဲ့ဒေသတွေကို အပြီးသိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကံပိုင်တည်မြို့လည်း ပိတ်ဆို့ထားခံရတဲ့ အခြေအနေဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်ရင်း (၃) ခုစလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး နယ်စပ်တကြောမှာ KIO/KIA ရဲ့ ထိန်းချုပ်နယ်မြေလည်း ပိုမိုကျယ်ပြန့်လာနေပြီ ဖြစ်ပါတယ်။
ဒီလိုအခြေအေနေ မတိုင်သေးခင်မှာတော့ ကချင်အထူးဒေသ (၁) ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးဇခုန်တိန့်ယိန်းက ကိုယ့်မြေတစ်လက်မတောင် အပါမခံဘဲ၊ KIA နဲ့ PDF တွေကို ခုခံစစ်တိုက်ခိုက်ခြေမှုန်းဖို့ စစ်မိန့်ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒါပေမယ့် နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်းမှာ KIA ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်လိုက်နိုင်တဲ့ သမိုင်းဝင်ကန်ဖန်ကျေးရွာမှာ အခြေစိုက်တဲ့ပြည်သူ့စစ်အဖွဲ့ဝင် ၁၀၀ ကျော်ဟာ ခုခံခြင်းမရှိပဲ လက်နက်ချခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် စခန်းသိမ်းပြီးဝင်လာတဲ့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေကို ဒေသခံတိုင်းရင်းသားတွေက ကြိုဆိုနေတဲ့ ရုပ်ပုံတွေလည်း ထွက်ရှိလာပါတယ်။ အလားတူ ပုန်းရှောင်နေရတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေလည်း လက်နက်ချအလင်းဝင်ရန် ကမ်းလှမ်းလာတာတွေရှိနေတယ်လို့ KIA သတင်းရင်းမြစ်က သတင်းဖော်ပြထားပါတယ်။
ဒါဟာ ကချင်ပြည်နယ်အထူးဒေသ (၁) က ပြည်သူ့တွေနဲ့ ၎င်းရဲ့တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေအတွက် အသက်ကိုစတေးပြီး ခုခံတိုက်ပွဲဝင်ဖို့ ဆန္ဒအပြည့်အဝ မရှိနေတဲ့သဘောကိုလည်း ပြသနေပါတယ်။
KIO ကတော့ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တွေကို ပူးပေါင်းလာဖို့ ဖိတ်ခေါ်ကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ မိန့်ခွန်းကနေတဆင့် သိရှိရပါတယ်။