ဖားကန့် ဆယ်ဇင်းက ကျန်ရှိနေတဲ့ စကစ လက်အောက်ခံ ရှမ်းနီပြည်သူ့စစ်စခန်းကြီးကို KIA နဲ့ KPDF တွေ တိုက်ခိုက်သိမ်းပိုက်
–
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်စခန်းကို မနေ့က KIA နဲ့ KPDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။
“မနေ့က မနက်ပိုင်းမှာ တပ်မဟာ (၉) က ရင်း (၂၆) နဲ့ KPDF ပေါင်းပြီး ရှမ်းနီပြည်သူ့စစ်စခန်းကြီးတစ်ခုကို သိမ်းလိုက်ပြီ။ စခန်းအသေးတွေကိုတော့ အခုတလောသိမ်းထားပြီ။ အခုဟာက အချုပ်ကြီးပေါ့။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်က ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို KIA နဲ့ KPDF တို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်၊ ခမရ (၁၁၆) စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်က စစ်ကောင်စီစစ်သားတွေကို အဆိုပါ ရှမ်းနီပြည်သူ့စစ်တွေက ကားနဲ့ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး၊ မနေ့က သိမ်းပိုက်ခံရတဲ့ စခန်းမှာ ပူးပေါင်းတပ်စွဲနေတာဖြစ်တယ်လို့လည်း ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောပါတယ်။