ကချင်ပြည်နဲ့ စစ်ကိုင်းတိုင်းအစပ်က စခန်းသိမ်းတိုက်ပွဲတွေမှာ KIA နဲ့ KPDF တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့
–
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတစ်ဖက်ကမ်း စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်စခန်းသိမ်းတိုက်ပွဲမှာ KIA နဲ့ KPDF တပ်ဖွဲ့ဝင် ငါးဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်မြင့်ကျေးရွာနဲ့ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာကြားက စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်စခန်းတွေကို နိုဝင်ဘာလ အစကတည်းက ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ဆယ်ဇင်းအကျော် ကချင်နဲ့စစ်ကိုင်းနယ်စပ်မှာ ဖြစ်နေတာလေ။ ရှမ်းနီတွေများတယ် အဲ့ဘက်မှာ”လို့ ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့မှာ ပင်ချယ်စစ်စခန်းနဲ့ သံယောဇဉ်ကုန်းမှာ တပ်စွဲထားတဲ့ SNA စခန်းကြီးတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အပြင် နိုဝင်ဘာ ၁၉ ရက်နေ့မှာ ရွှေပြည်မြင့်ရွာနားက ဆိုင်ပန်ကုန်းစခန်းနဲ့ ရွှေတွင်းစခန်းတွေ အပါအဝင် အခြားကာကင်းစခန်းတွေကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
နိုဝင်ဘာလအစကနေ ၁၅ ရက်နေ့အထိ စခန်းသိမ်းတိုက်ပွဲတွေအတွင်း KIA နဲ့ KPDF တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။ အကျအဆုံးအရေအတွက်ကို Kachinwaves က သီးခြားအတည်မပြုနိုင်သလို KIA ကလည်း တရားဝင်ထုတ်ပြန်ထားခြင်း မရှိပါဘူး။
နိုဝင်ဘာ ၁၅ ရက်နေ့က ဆိုင်ပန်ကုန်းစစ်စခန်းကို ထိုးစစ်ဆင်တဲ့တိုက်ပွဲမှာ KPDF ရဲဘော် အောင်ချစ်ထက် (ခ) နားကွင်းကျဆုံးသွားကြောင်းလည်း သိရှိရပါတယ်။
၂၀၂၂ ကတည်းက စခန်းသိမ်းတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဖားကန့်ဒေသက ဆယ်ဇင်းကျေးရွာကို ယခုနှစ် ဧပြီလမှာ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။