စစ်ကိုင်းတိုင်းထဲက အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ဘယ်လောက်အရေးကြီးသလဲ
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
ကချင် – တရုတ်နယ်စပ်ဒေသက ထိုးစစ်ငြိမ်သွားပြီးနောက်မှာ ကချင် – စစ်ကိုင်းတိုင်းအစပ်က စစ်ပွဲတွေက သိသိသာသာ အရှိန်ပြန်မြင့်လာပါတယ်။ ကချင်အထူးဒေသ (၁) အတွင်းက နယ်မြေအားလုံးနီးပါးကို သိမ်းပိုက်ထားပြီးနောက်ပိုင်း လက်ရှိ နိုဝင်ဘာလထဲမှာတော့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်နဲ့ ဟုမ္မလင်းဒေသတွေမှာ တိုက်ပွဲတွေပြန်လည် စတင်လာတာကို တွေ့ရှိရပါတယ်။
မြစ်ကြီးနား – မန္တလေး ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က အင်းတော်မြို့သိမ်းတိုက်ပွဲကို သြဂုတ်လ ၁၆ ရက်နေ့ကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ပထမအကြိမ်တိုက်ပွဲမှာ အင်းတော်ရဲစခန်းနဲ့ ထွေအုပ်ရုံးကို တိုက်ခိုက်ရရှိနိုင်ခဲ့ပါတယ်။ အောက်တိုဘာလအတွင်း တိုက်ပွဲအတန်ငယ် ငြိမ်သက်သွားပြီးနောက် နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ မြို့ကိုထိန်းချုပ်ထားတဲ့ စစ်ကောင်စီစခန်းကုန်းတွေကို သိမ်းပိုက်နိုင်ဖို့ တိုက်ပွဲပြန်လည် စတင်လိုက်တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်း စကတည်းက စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ရှိခဲ့တဲ့ အင်းတော်မြို့နယ်ဟာ ကချင်ဒေသအတွက် စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ရာမှာ အဓိက ပါဝင်လှုပ်ရှားခဲ့တဲ့ ဒေသဖြစ်ပါတယ်။ ဒါ့အပြင် အင်းတော်မြို့ဟာ ကချင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ လမ်းကြောပေါ်မှာ တည်ရှိနေတဲ့အပြင် ကသာ၊ ဗန်းမောက်၊ ထီးချိုင့်၊ ဟုမ္မလင်း စတဲ့ အထက်စစ်ကိုင်းဒေသအတွင်းက နယ်မြေတွေနဲ့ လမ်းကြောပေါက်တဲ့ နယ်မြေဖွဲ့စည်းမှု အနေအထားရှိတဲ့အတွက်စစ်ကိုင်းဒေသနဲ့ ကချင်ပြည်နယ်အတွက် စစ်ရေးနဲ့ ကုန်သွယ်ရေးအရ အရေးပါတဲ့နေရာတစ်ခု ဖြစ်လို့နေပါတယ်။
၂၀၂၄ နှစ်စကတည်းက ကချင်ဒေသတွင်း စခန်းသိမ်းတိုက်ပွဲတွေကို တစိုက်မတ်မတ် ဖော်ဆောင်လာခဲ့တဲ့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သယံဇာတထွက်ရှိပြီး စီးပွားရေးအရ အရေးပါတဲ့ ဖားကန့်နဲ့ မြေရှားသတ္တုထွက်ရှိရာ အထူးဒေသ (၁) တွေကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်ပါတယ်။ အခုတော့ ကချင် – စစ်ကိုင်း ဗျူဟာလမ်းကြောပေါ်က ဒီအင်းတော်မြို့သိမ်းတိုက်ပွဲဟာ ကချင်ပြည်နယ်အတွက် သာမက အထက်စစ်ကိုင်းဒေသတစ်ခုလုံးအတွက်ပါ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတစ်ခု ဖြစ်ပေါ်လာစေမှာ မလွဲမသွေပါ။