ပရဟိတစိတ်နဲ့ မြေမြှုပ်မိုင်း ရှာဖွေရှင်းလင်းပေးနေတဲ့ ပန်ဆေးရွာသား
–
“ကျမအမျိုးသားက ကျွဲကျောင်းတဲ့အခါကျတော့ သူက နေ့လယ်ဆိုရင် ကျွဲသွားကြည့် ဘာညာဆို အဲ့ဒီမိုင်းတွေပေါက်ကွဲတာမျိုး ဖြစ်လာပြီဆိုရင် ကျမစိတ်ပူရတာပေါ့။ စိတ်ပူရတယ်။ အိမ်မှာလည်း ဖုန်းတစ်လုံးပဲရှိတယ်။ သူဖုန်းပါသွားပြီဆိုရင် မိုင်းတွေပေါက်ကွဲသွားတဲ့ အသံတွေကြားပြီဆိုရင် အိမ်နီးနားချင်း ပတ်ဝန်းကျင်တွေဆီ ပြေးပြီးဖုန်းသွားငှားပြီး သူ့ကို ဖုန်းခေါ်တာပေါ့။ သူဖုန်းမပါသွားဘူးဆိုရင်လည်း အရမ်းကို စိတ်ပူတာပေါ့။ သူပြန်လာပြီဆိုရင်တော့ စိတ်အေးရပါတယ်။”
ယခင်က စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းအပါဝင် အခြားတပ်ရင်းစခန်းတွေ အခိုင်အမာ အခြေစိုက်ခဲ့တဲ့ တပ်စခန်းအနီးရှိ အိမ်ခြေ (၇၀) ရှိတဲ့ ကွတ်ခိုင်မြို့နယ် ကာလိုင်ကုန်းဆာကျေးရွာအုပ်စု၊ ပန်ဆေးကျေးရွာက မြေမြုပ်မိုင်းတွေကို ရှာဖွေရှင်းလင်းနေတဲ့ အမျိုးသားရဲ့ဇနီး ပြောသွားတာ ဖြစ်ပါတယ်။ ပန်ဆေးကျေးရွာဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး လွတ်မြောက်နယ်မြေဖြစ်လာတဲ့ ရွာဖြစ်ပါတယ်။
“မြင်ရတာနဲ့ ကျနော်က ဓါးနဲ့ပဲ ကလော်ထုတ်တာ၊ ပြီးတော့ ဖြည်လို့ရတယ်။ ဖြည်ပြီး နှစ်ပိုင်းသုံးပိုင်း လုပ်လို့ရတယ်။ ကျနော်က ဘယ်လို၊ စိတ်ကမရဘူးပေါ့နော်။ ကျနော်မှာ ကျွဲနွားရှိတယ်။ ကျွဲနွားတွေကို အရမ်းထိလို့ ကျနော် တိရစ္ဆာန်လည်း မွေးတယ်လေ။ ကျနော်တော့ ဒီရွာမှာပဲကြီးခဲ့တယ်။ ဒီရွာမှာပဲလူဖြစ်ခဲ့တယ်ဆိုတော့ အဲ့လိုလုပ်ရတာပေါ့။”
သူဟာ မြေမြုပ်မိုင်း ရှာဖွေရှင်းလင်း ဖြုတ်တပ်နည်းကို သင်တန်းတက် သင်ယူခဲ့ဖူးသူ မဟုတ်ပဲ၊ ရွာနားမှာ စစ်ကောင်စီတပ်တွေရှိချိန်တုန်းက စစ်သားတွေ မြေမြုပ်မိုင်း ဖြုတ်တပ်လုပ်နေတာကို တွေ့ခဲ့ရာကနေ စမ်းသပ်ဖြုတ်ကြည့်ပြီးနောက် လုပ်တတ်သွားတာလို့ ပြောပါတယ်။
“အဲ့ချိန်ကျနော်က မဖြုတ်သေးဘူး။ မိုင်းထိတဲ့အချိန်ပေါ့နော်။ ကျနော်တို့က အဲ့အချိန်အလုပ်က ချုပ်တယ်လေ။ နိုင်ငံရေးလည်း နည်းနည်းချုပ်တဲ့ အချိန်ဆိုတော့။ မဖြုတ်ရဲဘူး၊ ဒီတိုင်းပဲထားကြည့်တာပေါ့နော်။ နိုင်ငံရေးက ဒီလိုမဖြစ်သေးဘူးလေ။ အခုကျတော့ နည်းနည်းဖြစ်သွားတော့ ကျနော်က ဖြုတ်လိုက်တာပေါ့။ ကျနော့်အတွေ့အကြုံကတော့ တစ်လုံးနှစ်လုံးကို အရင်ကစမ်းကြည့်တယ်ပေါ့။ မြန်မာစစ်သား ကျနော်ရှေ့မှာ ထောင်ပြီး၊ ကျနော်ရှေ့မှာဖြုတ်တာ ကြည့်တာပေါ့နော်။ ကျနော်က အဲ့မှာ သလောက်လွယ်လားလို့ ကျနော်က လုပ်ပစ်လိုက်တာ။ အဲ့လို လုပ်ပြီးသွားတဲ့အခါမှာ အကျင့်ရ စိတ်ရသွားလို့ အလုံးတစ်ရာကျော်လောက် ဖြုတ်ထားတယ်။”
စစ်ကောင်စီတပ်တွေ မြေမြုပ်မိုင်းထောင်ထားခဲ့တဲ့ အခြေအနေကိုလည်း အခုလို ပြောပြပါတယ်။
“မြန်မာစစ်တပ်တွေပဲလေ။ သူတို့လာထောင်တာလေ။ ရွာကနဲ့ စစ်တပ်ကြားထဲမှာ သူတို့ပဲထောင်တာ၊ တစ်လျှောက်လုံး ဟိုချောင်းတွေ ပတ်ပတ်လည်၊ တောင်တွေဆိုရင်လည်း အကုန်လုံးထောင်တယ်။ အများကြီးပဲထောင်တာ။ ရှိတဲ့တောင်တွေအကုန်လုံး ထောင်တယ်။ ရှိတဲ့မြောင်းတွေ အကုန်းလုံး ထောင်တာ မြင်ရတယ်ပေါ့နော်။ ကျနော်က အချိန်ယူပြီးမှ အဲ့မိုင်းတွေကို ရှာပြီးမှ ထုတ်ပစ်တာ။”
ဒီလိုပေါများနေတဲ့ မြေမြုပ်မိုင်းတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်နှစ်အတွင်း မြေမြုပ်မိုင်းကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ (၁၂၉) ဦးရှိခဲ့တယ်လို့ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ရှမ်းမြောက်အခြေစိုက် HRAN အဖွဲ့ရဲ့ လူ့အခွင့်အရေးအစီရင်ခံစာမှာ တွေ့ရှိရပါတယ်။ ဒီလို ထိခိုက်ခံရသူတွေထဲမှာ အရင်က မိသားစု စားဝတ်နေရေးအတွက် အဓိက တာဝန်ယူခဲ့တဲ့ ပန်ဆေးကျေးရွာက ဒေါ်ခင်ရီလည်း အပါအဝင်ဖြစ်ပါတယ်။ အခုတော့ သူ့ခြေထောက်တစ်ဖက် ပြတ်သွားပြီး၊ နောက်တစ်ဖက်လည်း ဒဏ်ရာပြင်းထန်ရရှိထားတဲ့အတွက် အရင်လို ဈေးထွက်ရောင်းလို့ မရတော့ပဲ အခက်အခဲ ဖြစ်နေရတယ်လို့ ပြောပါတယ်။
“မိုင်းနင်းမိခဲ့တဲ့အချိန်ကနေ အခုဆိုရင် ခြောက်လကျော်ပြီ။ အခက်အခဲကတော့ရှိတာပေါ့၊ ဘယ်လိုပြောမလဲဆိုရင် ကိုယ့်စားဝတ်နေရေးဆိုရင် ကိုယ်အစစအရာရာ ကိုယ်ပဲရှာရတာ။ အမျိုးသားကလည်း ဘာမှမလုပ်တတ် အိမ်မှာ ဟိုနားနည်းနည်း ဒီနားနည်းနည်းပဲ လုပ်တတ်တယ်။ ကလေးကတော့ရှိတယ်။ ဘယ်လိုပြောမလဲ ဒီအချိန်က စီးပွားရေးရှာရအောင်လည်း သူတို့က ဘယ်မှာ သွားရှာရမလဲ။ နိုင်ငံရေးမှ မကောင်းတာလေနော်။ ကိုယ်က အဲ့လိုမျိုးအချိန်မှာ ဈေးရောင်းဘာရောင်း ဆိုပြီးမှ သွားလိုက်တာ၊ အခုက အဲလိုမျိုးဖြစ်သွားခဲ့တယ်ဆိုတော့ ဘယ်လိုပြောမလဲ၊ ရှာပေးမယ့်လူက မရှိတော့ဘူးပေါ့။”
စစ်ကောင်စီတပ်စခန်းဟောင်းနဲ့နီးပြီး မြေမြုပ်မိုင်းပေါများနေတဲ့ ပန်ဆေးကျေးရွာအနီးဝန်းကျင်က မြေမြုပ်မိုင်း အလုံးတစ်ရာကျော်ကို ရှာဖွေရှင်းလင်းပြီးပြီလို့ ရွာခံအမျိုးသားက အခုလို ပြောပါတယ်။
“အကျင့်ရ စိတ်ရလို့ ကျနော် အလုံးတစ်ရာကျော်သွားပြီ ဖြုတ်ထားတာ။ မြေမြုပ်မိုင်းထဲက ဒီကွတ်ခိုင်မှာ ကျနော် မြင်သလောက်ပေါ့နော်၊ နှစ်မျိုးပဲ။ ဗူးကျတော့ သလောက်လောက်ပဲရှိတာလေ (လက်ညိုးနဲ့ လက်မကွင်းထိတဲ့ အဝိုင်းသာသာအရွယ်အလုံး)။ အလုံးက သလောက်လောက်ပဲရှိတယ်။ ကြီးတာကတော့ ဖန်ခွက်ထက်ကြီးတာပေါ့။ ဘယ်လိုပြောမလဲ။ အကြီးကျတော့ ဟိုလိုမျိုး ဘယ်လှည့်ညာလှည့် အဲ့သလိုမျိုးရှိတယ်လေ၊ အဲ့လိုမျိုး လှည့်လို့ရတယ်။ ဖြည်လို့ရတယ်။ အသေးကလည်း အောက်မှာတော့ရှိတယ်၊ အဲ့လိုမျိုး။ ကျနော် အသေးကိုကျတော့ နှစ်ပိုင်းသုံးပိုင်းလုပ်ပြီးမှ မပေါက်ကွဲအောင် လွှင့်ပစ်လိုက်တာ။ ဖြည်လိုက်တာပေါ့။ အကြီးကျတော့လည်း ပုံထားတာလည်း ရှိတယ်။ လူတွေမဝင်ရတဲ့နေရာ၊ တိရစ္ဆာန်တွေ မဝင်ရတဲ့နေရာ အဲ့လိုပေါ့နော်၊ အန္တရာယ်ကင်းအောင်ပေါ့။ အဲ့လိုပဲထားတာပါ။”
အန္တာရာယ်များပေမဲ့ ရွာအတွက်လည်း အကျိုးရှိအောင် ရွာနယ်မြေထဲမှာတွေ့ရှိတဲ့ မြေမြုပ်မိုင်းတွေကို ရှင်းလင်းနေတဲ့ ရွာခံအမျိုးသားနဲ့ပတ်သက်ပြီး အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“ဒီမြေမြုပ်မိုင်းနဲ့ ပတ်သက်ပြီးတော့ပေါ့နော် မိုင်းတွေလိုက်ဖြုတ်ပေးတာတော့ ကျမ ကြားရတာပေါ့နော်။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ကတော့ ရွာအတွက် ပြန်စဉ်းစားမယ်ဆိုရင်တော့ ကောင်းတယ်ပေါ့နော်။ ကောင်းကျိုးတော့ ရှိတာပေါ့။ ဒါတွေသူဖြုတ်လိုက်လို့ ကျွဲနွားတွေ နည်းနည်း ကျောင်းရဲလာတယ်ပေါ့နော်။ နည်းနည်း ဒီကိုယ့်ရဲ့ခြံတွေ ကိုယ့်ရဲ့ယာတွေ နည်းနည်းသွားရဲတာ၊ အဲ့လိုမျိုးရှိတာပေါ့။ ဒါပေမဲ့ သူ့အနေနဲ့ ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ နည်းနည်းတော့ ကြောက်ရတာပေါ့။ ဒီဟာတွေအသက်ရင်းပြီးတော့ သူကဖြုတ်ရတဲ့အတွက်ကြောင့်မလို့ နည်းနည်းတော့ စိုးရိမ်စိတ်ရှိတယ်ပေါ့နော်။”
ဇနီးဖြစ်သူကလည်း သူ့အမျိုးသားအတွက် စိုးရိမ်တဲ့အကြောင်း အခုလိုပြောပါတယ်။
“ကျွဲသွားကြည့်ရင်းနဲ့ မိုင်းတွေ့မိုင်းသွားဖော်တယ်ဆိုတာ ကျမက မသိဘူးပေါ့။ ကျမတို့ကိုလည်း သူက မပြောပါဘူး။ သူမိုင်းသွားဖော်တာ ဘယ်လောက်ရှိပြီလဲဆိုတာ သူ ကျမကိုလည်း မပြောဖူးပါဘူး။ သူများမေးရင်တော့ သူကပြောတာပေါ့။ အဲ့လိုမိုင်းသွားဖော်တာ။ အရမ်းစိတ်ပူတာပေါ့။ ကျမသူများ ပြောပြီဆိုရင် ကျမက သူ့ကိုသွားမဖော်နဲ့လို့ ပြောတာပေါ့။ သူ့အတွက်လည်း အန္တရာယ်အရမ်း ကြောက်တာပေါ့။”
ရွာခံအမျိုးသားကတော့ ကိုယ့်ရွာအတွက်အကျိုးရှိတဲ့အလုပ်ဖြစ်လို့ ကုသိုလ်ယူတဲ့သဘောနဲ့ လုပ်နေတယ်လို့ ပြောပါတယ်။
“တစ်ချို့လူတွေက ကျနော်သွားဖြုတ်တာ သိတာပေါ့။ တစ်ချို့က မသိဘူးပေါ့နော်။ ဒီတိုင်းကျနော် ဖြုတ်တဲ့ဟာတွေကျတော့၊ ကျနော်က ကုသိုလ်ယူတဲ့ သဘောပေါ့ကွာ။ ကျနော်က ပြောမယ်ဆိုရင် ဒီတိုင်းပဲ၊ ကိုယ့်မှာလည်း တိရစ္ဆာန်မွေးတယ်ဆိုတော့၊ ဒါပဲ ကျနော်သိတယ်ပေါ့။ အန္တရာယ်ကင်းအောင်လို့ပဲ ကျနော်ဖြုတ်လိုက်တာ။”
ဒီလိုမြေမြုပ်မိုင်း အန္တရာယ်များနေတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူ ရှင်းလင်းပေးစေလိုတယ်လို့ ပန်ဆေးရွာခံ အမျိုးသမီးက ပြောပါတယ်။
“ကျမအထင်နဲ့ပေါ့၊ ဒီတာဝန်ရှိတဲ့လူတွေက လာဖြုတ်ပေးစေချင်တာပေါ့။ ဒီမြေမြုပ်မိုင်းတွေ။ ဒီဟာတွေ မဖြုတ်ပေးမချင်း ကျမတို့ကတော့ သွားသွားလာလာ လုပ်ရတာလည်း ကြောက်တယ်ပေါ့နော်။ ဘယ်မှ မသွားရဲ။ ကိုယ့်အိမ်ထဲကအိမ်ပြင်လည်း သိပ်မသွားရဲ။ ဥပမာ၊ အခုဆိုရင် ကျမတို့ မြို့ထဲသွားပြီဆိုရင် လမ်းဘေးနားတောင် ကျမတို့ မသွားရဲဘူးပေါ့နော်။ လမ်းတည့်တည့်ပဲ သွားတယ်။ ဒီမြေမြုပ်မိုင်းက ပြီးခဲ့တဲ့ လမ်းခင်းတုန်းကတောင်မှ ဒီထင်းရှူးတောနားလေးမှာ လမ်းလာလုပ်မယ်ဆိုပြီးတော့ လမ်းလာလုပ်ရင်းနဲ့ မြေမြုပ်မိုင်းနင်းမိတာတွေ ရှိတယ်ပေါ့နော်။”