ဗန်းမောက်မြို့မှာ SNA တပ်ဖွဲ့တွေ အင်အားဖြည့်လာလို့ ပြည်သူတွေ ထွက်ပြေးနေရ
–
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ပေါ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့က အင်အား (၅၀၀) လောက်ရောက်နေလို့ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားမှာကိုစိုးရိမ်လို့ ဒေသခံတွေထွက်ပြေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းလောက်ကနေ စတင်ပြီး ဗန်းမောက်အနောက်ခြမ်းမှာနေတဲ့ SAN တပ်တွေဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ဗန်းမောက်မြို့ထဲကို လာရောက်တပ်စွဲလာတာဖြစ်ပြီး၊ PDF တွေနဲ့ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးလာတာဖြစ်တယ်လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပါတယ်။
“SNA တွေရော၊ စစ်သားတွေရော အများကြီးပါဆို။ ကြောက်လို့ပြေးကြရတာပါ့။ တိုက်ပွဲဖြစ်လာရင် ဘယ့်နှယ်လုပ်မယ်။”လို့ ဒေသခံက ဆိုပါတယ်။
SNA နဲ့ စစ်ကောင်စီတပ်တွေဟာ ဗန်းမောက်မြို့ပေါ်က အောင်သာကုန်း၊ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ မြို့ပြင်ဘက်က ကျွန်းကုန်းတောင်ဘက်မှာ အဓိကတပ်စွဲ နေထိုင်နေတယ်လို့လည်း ပြောပါတယ်။
ဗန်းမောက်မြို့မှာ မြနန္ဒာ၊ အောင်သာကုန်း၊ လွှဇင်ကုန်း၊ ပုဇွန်တောင်၊ မြို့မ စတဲ့ ရပ်ကွက် (၅) ခုရှိပြီးတော့ လူဦးရေ တစ်သောင်းလောက် နေထိုင်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ဗန်းမောက်မြို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပင်လည်ဘူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး၊ နောက်ထပ် နယ်နိမိတ်ထိစပ်နေတဲ့ အင်းတော်မြို့မှာလည်း မြို့သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေတာ ဖြစ်ပါတယ်။