ကွတ်ခိုင်မြို့ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနီး လေယာဉ်ကြောင်းပစ်ခတ်ခံရမှုကြောင့် ၃ ဦးသေ၊ အနည်းဆုံး (၁၀) ဦး ဒဏ်ရာရ
–
ယမန်နေ့ည စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရပ်ကွက် (၄) ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ စာသင်ဆောင်နဲ့ အနီးရှိနေအိမ်များ ထိခိုက်ပျက်စီးပြီး အရပ်သား (၃) ဦး ပွဲချင်းပြီးသေဆုံးကာ ဆယ်ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။
သေဆုံးသူ (၃) ဦးမှာ နှစ်လသားကလေးတစ်ဦးနှင့် မိခင်၊ အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ညသန်းခေါင် ၁၂ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကွတ်ခိုင်မြို့ခံသတင်းရင်းမြစ်က ပြောသည်။
“တရုတ်စာသင်ဆောင်လည်း ထိတယ်။ အဲ့အဆောင်မှာ နေတဲ့လူတွေ ထိခိုက်တယ်။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ယခုလ နိုဝင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲပစ်ခတ်မှုကြောင့် ကွတ်ခိုင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းအနီးရှိ အခွန်ရုံးနှင့် အရပ်သားလူနေအိမ်များ၌ ကျရောက်ပေါက်ကွဲခဲ့သလို၊ ဩဂုတ်လ ၅ ရက်နေ့တွင်လည်း မြို့မဈေး၌ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုနှင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။
ကွတ်ခိုင်မြို့သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း PSLF/TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။