စစ်ကိုင်းစစ်ရေး အရေးကြီးပြီ
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ –
–
မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်မှာပါ စခန်းသိမ်း၊ မြို့သိမ်း ထိုးစစ်တွေကို ဖော်ဆောင်နေတဲ့ ဟန်ချက်ညီ စစ်ဆင်ရေးတွေကို ၂၀၂၃ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ်မှာ ဝေဝေဆာဆာ မြင်တွေ့နေရပါတယ်။ စစ်ဆင်ရေးတွေအတွင်း တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့ကလွဲရင် ရှမ်းမြောက်ဒေသ အကုန်လုံးနီးပါးကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်နိုင်ပြီဖြစ်သလို ကချင်ပြည်နယ်မှာလည်း မြောက်ဖျား ရေခဲတောင်နဲ့နီးတဲ့ ဒေသတွေကလွဲရင် အရှေ့ဘက်နယ်စပ်ဒေသ အားလုံးကို KIO/KIA ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်လာနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ပြီးရင် စစ်ကောင်စီတပ်အတွက် ခြေလျှင်ထောက်ပို့ရေး လမ်ကြောတွေကိုလည်း KIA နဲ့ ပူးပေါင်းအဖွဲ့တွေဘက်က စိုးမိုးထားနိုင်တဲ့ အခြေအနေရှိသလို ပြည်နယ်တွင်းက သယံဇာတ လုပ်ကွက်ဒေသတွေကိုလည်း စစ်ကောင်စီနဲ့ အပေါင်းအပါအဖွဲ့တွေက လက်လွှတ်လိုက်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။
အနောက်ဘက်ဆိုရင်လည်း ရခိုင်ပြည်နယ် အမ်းမြို့မှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဟာ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကို အလူးအလဲခံနေရပြီဖြစ်ပြီး၊ ချင်းပြည်နယ်မှာလည်း အလားတူ ဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့တောင်ပိုင်းနဲ့ တောင်ပိုင်း နယ်စပ်ဒေသတွေမှာလည်း တောလှန်ရေးအဖွဲ့တွေရဲ့ စခန်းသိမ်းတိုက်ပွဲသတင်းတွေ ကြားနေရဆဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေဟာ စစ်ကောင်စီကို အခက်တွေ့စေပြီး တော်လှန်ရေးအတွက် အလားအလာကောင်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိတော်လှန်ရေး အခြေအနေဟာ အလားအလာကောင်းတွေနဲ့အတူ အထူးသတိထားရမဲ့ ဖိအားနဲ့ စိန်ခေါ်မှုတွေကိုလည်း တစ်ပြိုင်နက် ကြုံတွေ့နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ထိုးစစ်အရှိန်အဟုန်ပြင်းခဲ့တဲ့ ကချင်နဲ့ ရှမ်းမြောက်ဒေသဟာ တရုတ် – မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့ ဒေသတွေဖြစ်တဲ့အလျောက် လတ်တလော အခြေအနေတွေမှာ တရုတ်ဘက်က တော်လှန်ရေးအဖွဲ့တွေအပေါ် ဖိအားပေးမှုတွေကို တွေ့လာရပါတယ်။ ဒါ့အပြင် လောလောလတ်လတ် တရုတ်နိုင်ငံကို သွားရောက်ပြီး၊ ဝန်းကြီးချုပ်နဲ့ တွေ့ခွင့်ရခဲ့တဲ့ စစ်ကောင်စီဥက္ကဌဟာ သူ့ရဲ့ခရီးစဉ်ကို အောင်ပွဲတစ်ခုလို ပုံဖော်နေပြီး၊ စစ်ကောင်စီက မြို့ရွာလူနေရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေတာကိုလည်း တရုတ်အစိုးရက မျက်နှာလွှဲခဲပစ် အသံတိတ်နေတာကို တွေ့ရပါတယ်။
ဇူလိုင်လကတည်းက ရှမ်းမြောက်က တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ထားခဲ့တာဖြစ်ပြီး MNDAA နဲ့ TNLA နယ်မြေတွေနဲ့ လမ်ကြောသင့်နေတဲ့ ဝတပ်ဖွဲ့ (UWSA) နဲ့ မိုင်းလားအဖွဲ့ (NDAA) တွေရဲ့ ထိန်းချုပ်နယ်မြေအတွင်းက နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကိုပါ တရုတ်ဘက်က ရက်အကန့်အသတ်မရှိ ပိတ်ချလိုက်တာပါ။ အလားတူ KIA က တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကို သိမ်းပိုက်အပြီးမှာတော့ ကချင်ပြည်နယ်တွင်းက နယ်စပ်ဂိတ်တွေကိုလည်း ပိတ်ခဲ့ပါတယ်။ ဒါဟာ မြန်မာ – တရုတ်နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအတွက် သာမက တရုတ်ရဲ့ ထုတ်ကုန်တွေအပေါ် အဓိက မှီခိုနေရတဲ့ နယ်စပ်ဒေသပြည်သူတွေကိုလည်း အကြပ်အတည်းဖြစ်စေတဲ့ ဖိအားပေးမှု ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် နိုဝင်ဘာ ၅ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခွင့်ရခဲ့ပြီး၊ တရုတ်ဝန်ကြီးချုပ်က တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဟာ အစိုးရရဲ့ ထိန်းချုပ်မှုအောက်ရှိရမှာဖြစ်ပြီး၊ အစိုးရအပြည့်အဝ စီမံခန့်ခွဲနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်း သျှမ်းသံတော်ဆင့်ရဲ့ နိုဝင်ဘာ ၇ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာတော့ ရှမ်းမြောက်ကို ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီက နောင်ချို၊ တောင်ခမ်း၊ မိုင်းရယ် စတဲ့ဒေသတွေမှာ အပီအပြင်စစ်ရေး ပြင်နေတဲ့သတင်းတွေလည်း တစွန်းတစ ထွက်ပေါ်လာပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ သည်တစ်နှစ်ကျော်ကာလအတွင်း လက်ရှိအတိုင်းအတာထိ တော်လှန်ရေး သိမ်းပိုက်နယ်မြေတွေ ကျယ်ပြန့်ရရှိလာတာဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ အသစ်ပေါ်ထွက်လာတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် ပြည်သူတစ်ရပ်လုံးက ထောက်ခံမှုပေးနေတဲ့ အချက်တွေကြောင့်ဆိုတာ ငြင်းလို့မရတဲ့ အဓိကအချက်ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ တရုတ်ရဲ့ဖိအားပေးမှုနဲ့ အနီးကပ်ရင်ဆိုင်နေရတဲ့ ကချင်နဲ့ရှမ်းမြောက်ဒေသတွေနဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းရဲ့ စစ်ရေးအရွေ့ဟာ အထူးအရေးကြီးလာတဲ့ အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေကျယ်ပြန့်လာမှုဟာ NUG အပါအဝင် ဗမာတိုင်းရင်းသားကို ကိုယ်စားပြုတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသကိုကိုယ်စားပြုတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ တော်လှန်ရေးဂုဏ်ရှိန်ကိုလည်း ပိုမိုမြှင့်တင်ပေးမှာဖြစ်သလို စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ကလည်း ပိုမိုနီးကပ်လာမယ့် အခြေအနေ ဖြစ်ပါတယ်။
အနောက်ဘက် ရခိုင်၊ ချင်းပြည်နယ်နဲ့ အရှေ့ဘက်နယ်စပ်ဒေသတွေမှာ တော်လှန်ရေး ထိန်းချုပ်နယ်မြေတွေ ကျယ်ပြန့်လာပေမယ့် အရှေ့နဲ့အနောက်ဒေသတွေကို ချိတ်ဆက်ပေးနိုင်တဲ့ ဒေသဖြစ်ပြီး၊ စစ်ကောင်စီကိုလည်း ခြိမ်းခြောက်နိုင်မယ့် စစ်ကိုင်းတိုင်းကို တော်လှန်ရေးအင်အားစုတွေ ဟန်ချက်ညီ ထိန်းချုပ်နိုင်စွမ်း မရှိဘူးဆိုရင် လက်ရှိအိမ်နီးချင်း နိုင်ငံကြီးတစ်နိုင်ငံရဲ့ ဖီအားကြားမှာ တော်လှန်စစ်ရေး အောင်ပွဲအရှိန်ဟာလည်း ရပ်တန့်သွားနိုင်ပါတယ်။
ဒါဟာ မြန်မာ့နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာပြီး ၄ နှစ်နီးပါး သက်တမ်းရှိလာပြီဖြစ်တဲ့ တော်လှန်ရေးအင်းအားစုတွေက စစ်ကိုင်းတိုင်းအပါအဝင် အခြားဒေသတွေမှာလည်း မဟာမိတ်စိတ်ဓါတ်နဲ့ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ဖို့ အရေးကြီးနေပြီဖြစ်ကြောင်း သတိပေးခေါင်းလောင်းသံလည်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ရေးအရွေ့ ပီပီပြင်ပြင် ဖော်ဆောင်နိုဖို့က အရေးကြီးချိန် ဆိုက်ရောက်နေပြီလို့ သုံးသပ်ပါတယ်။