ရေကြည်ရာ မြက်နုရာ
By ရောင်နီ။
ဆောင်းပါး
13 October 2023 – Kachinwaves
“အမေ သမီးတို့က ဒီမှာနေမှာလား”
“ဒီမှာပဲနေမှာပေါ့ သမီးရဲ့ ဟိုမှာဆို တစ်နေကုန်နေပူကြီးထဲလုပ်မှ ဝမ်းဝရုံပဲရှိတာ ဒီမှာဆိုဘူတာ အကြီးကြီး ရှိတယ် အမေတို့ဈေးရောင်းကြမယ်လေ ပြီးရင် သမီးကို ကျောင်းထားပေးမယ်”
မအေးမြင့်တို့သားအမိတွေက စစ်ကိုင်းတိုင်း ရွှေဘိုနယ်ဘက်က ဖြစ်တယ်။ မအေးမြင့်မှာ ၁၀ နှစ်အရွယ် သက်ထားဆိုတဲ့ သမီးလေးတစ်ယောက်ရှိတယ်။ မအေးမြင့်ယောက်ျားက ၂၀၁၇ ခုနှစ်မှာ ရွှေလုပ်ဆိုပြီး (မြန်မာပြည်) အထက်ပိုင်းဘက်တက်သွားတာ အခုထိပြန်ပေါ်မလာတော့ဘူးတဲ့။
မအေးမြင့်မှာ ယောက်ျားမရှိတော့တဲ့နောက် ရွာမှာလည်း လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတာနဲ့ မြစ်ကြီးနားဘက်ကို ငှက်ပျောတောခုတ်ဆိုပြီး ၂၀၁၈ ခုနှစ်က ရွှေဘိုဘူတာကနေ ရထားနဲ့လိုက်လာတာ နဘားဘူတာရောက်မှ သူများတွေဈေးရောင်းနေကြတာမြင်တာနဲ့ သူလည်းဈေးရောင်းမယ်ကွာဆိုပြီး ငှက်ပျောတောဆက်မလိုက်တော့ပဲ နဘားမှာပဲ နေထားလိုက်တယ်။
မအေးမြင့်တို့သားအမိတွေ သံလမ်းဘေးက မြေကွက်လပ်မှာပဲ မိုးကာတဲလေးထိုးပြီး နေလိုက်ကြတယ်။
“အမေ ”
သက်ထားလေးခေါ်လိုက်တော့ သူ့အမေက ပြဲနေတဲ့အင်္ကျီလေးကို အဝတ်ချုပ်အပ်နဲ့ချုပ်ရင်း အညာသံ အသံပြဲပြဲကြီးနဲ့ လှမ်းထူးလိုက်တယ်။
“ဘာတုန်း ငါ့သမီးရဲ့”
“သမီးတို့က ဒီမှာဘာရောင်းစားကြမလဲ အမေ့မှာ ပိုက်ဆံလည်း အများကြီးမရှိပဲနဲ့”
“အော် ငါ့သမီးရယ် အမေ ဟိုဘက် ဒီဘက်အကုန်လျှောက်ကြည့်ပြီးပြီ သံလမ်းအနောက်ဘက်က ကုန်စုံဆိုင် မှာ ရေခဲဗူးတွေ၊ အချိုရည်ဗူးတွေ ယူရောင်းလို့ရတယ်တဲ့ တစ်ချို့ဈေးသသည်တွေလည်း အဲ့ကယူရောင်း ကြတာ ပစ္စည်းရောင်းရမှ ပိုက်ဆံပေးရတာတဲ့”
နဘားဘူတာရဲ့ သံလမ်းအနောက်ဘက်မှာဆို ကုန်စုံဆိုင်၊ အရက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင်၊ ဆံပင်ညှပ်ဆိုင်တွေရှိတဲ့အပြင် မိုးမလင်းကတည်းကဖွင့်တဲ့ နဘားပျံကျဈေးကြီးပါရှိတယ်။
ဘူတာရုံကြီးထဲမှာဆိုလည်း ထမင်းဆိုင်၊ အအေး၊ လက်ဖက်ရည်၊ ကော်ဖီ၊ ထပ်တရာ၊ ပလာတာ၊ အီကြာကွေး စတဲ့ဆိုင်တွေနဲ့ ပြည့်နေပြန်ရော။
ဘူတာရုံအရှေ့ အပြင်ဘက်ထွက်ခဲ့ပြန်တော့လည်း ဒုတ်ထိုးဆိုင်၊ အကင်ဆိုင်၊ အရက်ဆိုင်၊ လက်ဖက်ရည် ဆိုင်အပြင် သုံးဘီးဂိတ်၊ ကားဂိတ်တွေနဲ့ စည်နေပြန်တယ်။
နဘားဘူတာဆိုတာ မန္တလေး – မြစ်ကြီးနားခရီးစဉ်တစ်လျှောက်မှာဆိုရင်တော့ အကြီးဆုံးဘူတာပဲလေ။ ဒုတိယအမြန်၊ အထူးအမြန်၊ တရုတ်ရထား၊ မြစ်ဆုံ၊ မန္တလာ၊ ခေါက်ပြန်၊ ကုန်ရထား စတဲ့ ရထားတွေမှန်သမျှ နဘားဘူတာမှာပဲ အကုန်ရပ်ရတာ။ နဘားဘူတာမှာက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်၊ ဒုတိယ ကမ္ဘာစစ် တုန်းက အင်္ဂလိပ်တွေဆောက်လုပ်ခဲ့တဲ့ မီးရထားရေစင်ကြီးရှိတယ်။ အဲ့ဒီရေစင်ကြီးက ကိုလိုနီခေတ်ကနေ ယနေ့အချိန်ထိ နှစ်ပေါင်း ၁၃၀ ကျော်တိုင်တိုင် မြန်မာ့မီးရထားလုပ်ငန်းကို အကျိုးပြုခဲ့တယ်။
အဲ့ဒီရေစင်ကြီးဟာဆိုရင် အင်္ဂလိပ်ခေတ်က နဘားချောင်းမှ ချောင်းရေအား ဆိုင်ဖွန်နည်းပညာ (Siphon Effect) သုံးကာ စိမ့်စမ်းရေသွယ်ခြင်းစနစ်ဖြင့် ဘူတာထိရေပိုက်များ သွယ်တန်းပြီး စက်မောင်းဆီ တစ်စက်မှမကုန်ပဲ ရေစင်ပေါ်သို့ရေကို တင်ယူခဲ့ခြင်း ဖြစ်ပါတယ်။ မီးရထားစက်ခေါင်းများ၊ ရထားတွဲများ၊ ဘူတာတွင်းနှင့် ဘူတာဝန်ထမ်းအိမ်ယာများအားလုံးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်ကနေ ယနေ့အချိန်ထိ ရေပေးဝေနေဆဲပင်ဖြစ်တယ်။
မီးရထားတွေအားလုံး နဘားရောက်ရင် ဒီရေစင်ကြီးမှာပဲ ရေဖြည့်ရတဲ့အတွက် ရထားရပ်ရတာကြာတော့ ဒီဘူတာမှာ ဈေးရောင်းတဲ့ ဈေးသည်တွေအတွက် ရောင်းရတာပိုအဆင်ပြေတာပေါ့။ တချို့ဘူတာတွေဆို ၅ မိနစ်လောက်ပဲရပ်တော့ ဈေးသည်တွေ ဈေးရောင်းရတာ အခက်တွေ့ကြတယ်လေ။
“အမေ သမီးတို့ ဒီမှာပဲ တစ်သက်လုံးနေသွားရအောင်နော်”
“နေမှာပေါ့ ငါ့သမီး အမေတို့ ဒီမှာလုပ်ကိုင်စားသောက်ရတာ ဝမ်းဝရုံတင်မကဘူး၊ လက်ထဲငွေစုမိတော့ သမီးကိုလည်း ကျောင်းထားနိုင်တယ်လေ”
မအေးမြင့်တို့ သားအမိတစ်တွေ ရေသန့်ဗူးတင်မကပဲ အချိုရည်၊ အချည်ပေါင်း၊ မုန့်ပဲသရေစာအပြင် ရာသီပေါ် အစားသောက်တွေဖြစ်တဲ့ ပေါင်းတင်း၊ ခေါပုပ်နဲ့ ဒေသထွက်အစားအစာ ငါးကြီးချဉ်၊ ငါးလေး ချဉ်ထုပ်တွေပါ ရောင်းခဲ့တယ်။
မအေးမြင့်တို့ဘဝတွေ ဒီကိုရောက်မှ ဘဝတစ်ဆစ်ချိုး ပြောင်းလဲခဲ့တယ်လို့ ဆိုရမယ်။ သမီးသက်ထားလေးကလည်း အစစအရာရာ အဆင်ပြေနေတော့ ဒီမှာနေထိုင်ရတာကို ပျော်နေခဲ့တယ်။
မအေးမြင့်မှ မဟုတ်ပါဘူး ရေကြည်ရာ၊ မြက်နုရာ ရှာဖွေရင်း ဒီကိုရောက်လာတဲ့ တစ်နယ်တကျေးက လူတွေလည်း အများကြီးရှိနေခဲ့တယ်။ သူတို့ကိုတော့ ဒေသအသုံးနှုန်းအရ ပျံကျတွေလို့ ခေါ်ကြတယ်။ တချို့လူတွေဆို ပျံကျတွေကို အထင်အမြင်သေးတာတွေ နှိမ်တာတွေ အပေါင်းအသင်း မလုပ်ချင်တာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ဘယ်သူတွေ ဘယ်လိုပဲ နှိမ်နှိမ် သူတို့အတွက်ကတော့ နဘားဘူတာကြီးဟာ ထမင်းအိုး ကြီး ဖြစ်ခဲ့တယ်။
မအေးမြင့်တို့ သားအမိတွေ အဆင်ပြေ နေသားကျနေတဲ့အချိန်အတွင်းမှာပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်ပွားခဲ့တဲ့ Covid-19 ကပ်ရောဂါကြီး ဖြစ်ပွားလာခဲ့တယ်။ COVID ဖြစ်ပွားလာပြီးနောက် ခရီးသွားစုံတဲ့ နဘားဘူတာကြီးမှာ Covid-19 ပြန့်ပွားလာပြီး မီးရထားဝန်ထမ်းတွေ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့အတွက် နဘားဘူတာကြီးကို ပိတ်ချလိုက်ရတယ်။ ကိုဗစ်ကူးစက်တဲ့အချိန်တုန်းကဆို အင်းတော်မြို့နယ်မှာ နဘားဘူတာက ပထမဆုံး ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ နေရာဖြစ်ခဲ့တယ်။
အဲ့ဒီဘူတာမှာ ဈေးရောင်းနေတဲ့ ဈေးသည်တွေအားလုံး အဆင်မပြေဖြစ်ကုန်ကြတယ်။ မအေးမြင့်တို့ သားအမိလည်း အများနည်းတူ အဆင်မပြေဖြစ်ပေမဲ့ နိုင်ငံတော်ကထောက်ပံ့မှုတွေ အလှူရှင်တစ်ချို့ရဲ့ ထောက်ပံ့မှုတွေကြောင့် အရမ်းကြီးခက်ခဲတာမျိုးတော့ မရှိခဲ့ပါဘူး။
နောက်မကြာခင်လေးမှာပဲ ကိုဗစ်ကူးစက်မှုတွေ နည်းနည်းလျော့လာတော့ ရထားတွေလည်း ပုံမှန်ပြန် ပြေးဆွဲလာခဲ့တယ်။ နဘားဘူတာဟာလည်း ပြန်လည်အသက်ဝင်ခဲ့ပေမဲ့ အရင်လို စည်ကားတာကြီးမျိုး တော့ မဟုတ်ခဲ့ဘူးပေါ့။
အဲ့ဒီလိုနဲ့ မအေးမြင့်တို့သားအမိလည်း နဲနဲချောင်လည်လာခဲ့တယ်။ အရင်လို ပုံမှန်ပြန်ဖြစ်လာဖို့ အရှိန်ယူ နေစဉ်ကာလအတွင်းမှာပဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်တယ်။
“အမေ့ တိုင်းပြည်ကို အာဏာသိမ်းလိုက်ပြီကြားတယ် အဲ့တာ ဘာကိုခေါ်တာလဲ”
သမီးသက်ထားလေး က ဈေးထဲမှာ သူကြားခဲ့တာလေးကို အမေကို ပြန်ပြောပြတယ်။
“သူတို့လူကြီးချင်း လုပ်ကြတဲ့ကိစ္စနေမှာပါ အမေတို့နဲ့ဘာမှ မဆိုင်ပါဘူး”
ဒီလိုနဲ့ အာဏာသိမ်းပြီး ၃ ရက်လောက်နေတော့ ဆန္ဒပြပွဲတွေဖြစ်ပေါ်လာပြီး လူထုသပိတ်တွေ ဆင်နွှဲခဲ့ကြ တယ်။ ပြီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပြီး အများနည်းတူ နဘားရွာရှိ မီးရထားဝန်ထမ်းတွေလည်း CDM လှုပ်ရှားမှုမှာ တခဲနက်ပါဝင်လာခဲ့တယ်။
နဘားဘူတာကြီးလည်း ရထားသွားလာမှု လုံးဝ ရပ်တန့်သွားခဲ့တယ်။
“အမေ ရထားတွေလည်း မထွက်တော့ဘူးနော်”
သမီးဖြစ်သူက ဈေးမရောင်းရတော့ ငြီးရှာတယ်။
“မီးရထား ဝန်ထမ်းတွေ စစ်အာဏာသိမ်းတာကို မကြိုက်လို့ အလုပ်မဆင်းပဲ ဆန္ဒပြနေကြတယ်တဲ့ အမေလည်း တခြားဈေးသည်တွေဆီက ကြားခဲ့တာ”
မအေးမြင့်တို့ သားအမိအပါအဝင် နဘားဘူတာကို အားကိုးနေရတဲ့သူတွေအားလုံး အလုပ်လက်မဲ့ဖြစ်ပြီး အခက်အခဲတွေ စကြုံလာရတော့တယ်။
“မအေးမြင့်ရေ ဒီအရေးခင်းကြီးက ကြာဦးမှာလား ငါတို့တွေတော့ ဘာလုပ်လို့ လုပ်ကိုင်စားရမလဲ မသိတော့ဘူး၊ ဒုက္ခတော့ရောက်ပြီထင်တယ်”
မအေးမြင့်တို့နဲ့ အိမ်ချင်းကပ်လျှက်ဖြစ် ပျံကျဈေးသည်ချင်း ဘဝတူဖြစ်တဲ့ ဒေါ်တုတ်က လှမ်းပြောတယ်။
“မကြာတော့ပါဘူး အမရယ်၊ ကျွန်မတို့ခဏပဲ သည်းခံရမယ်ထင်တယ် TV မှာလည်း စစ်အစိုးရကို ဆန္ဒတွေပြနေကြတယ်။ ဒီပုံစံတိုင်းဆို မကြာခင် ရထားတွေပုံမှန်ပြန်ပြေးဆွဲတော့မှာ အမရယ်”
“အေးပါအေ ငါလည်း အဲ့လိုပဲမျှော်လင့်ပါတယ် တော်ရေ”
ဒီလိုနဲ့ အာဏာသိမ်းမှုကြာလာတာနဲ့အမျှ နဘားဘူတာကြီးကို မှီခိုပြီး လုပ်ကိုင်စားသောက်နေရတဲ့သူတွေဟာ ဝမ်းရေးအတွက် မငတ်အောင် ရရာအလုပ်ကို လုပ်ကိုင်ကြရတော့တယ်။
အောက်ပြည် အညာဒေသက ပြောင်းရွေ့လာတဲ့သူတွေဆိုရင်လည်း ကိုယ့်အရပ်၊ ကိုယ့်ဒေသကို ပြန်မယ် ဆိုတော့လည်း သူတို့ဒေသမှာ တိုက်ပွဲတွေဖြစ် ရွာတွေမီးရှို့ခံရနဲ့ဆိုတော့ မပြန်နိုင်ပဲ ဒီနေရာမှာပဲ ကြုံရာ အလုပ်ကို လုပ်ကိုင်ခဲ့ကြတယ်။
တစ်ချို့ဆို ဖားကန့်ဘက်တွေ ကျောက်တူးသွားတဲ့ဟာသွား၊ ဗန်းမော်ဘက်၊ ရွှေကူဘက်တွေ ရွှေမျှောသွား လုပ်တဲ့ဟာလုပ်၊ တစ်ချို့ဈေးပဲရောင်းစားတတ်တဲ့ အမျိုးသမီးတွေဆို အသက်အန္တရာယ်စွန့်ပြီး နန့်စီးအောင်၊ အင်းတော် စတဲ့ ရဲဂိတ်တို့ စစ်တပ်ဂိတ်တို့မှာ ဈေးသွားရောင်းတဲ့ဟာ ရောင်းပေါ့။
သက်ကြီးရွယ်အို၊ ကလေးငယ်တွေနဲ့ တစ်ချို့အမျိုးသမီးတွေကြတော့လည်း ထမင်းမငတ်ဖို့အတွက် ဒီအင်းတော် – နဘား – မော်လူး ကားလမ်းတွေမှာ ပေါက်ပြား၊ ဂေါ်ပြားတွေကိုင်ပြီး လမ်းပေါက်တွေဖာရင်း လာသမျှကားတွေဆီက ပိုက်ဆံတွေ လိုက်တောင်းကြတယ်။ မန္တလေးကနေ မြစ်ကြီးနားကို ကားနဲ့လာဖူးတဲ့ သူဆို ပေါက်ပြားလေးတွေ ဂေါ်ပြားလေးတွေကိုင်ပြီး လမ်းပေါက်တွေဖာနေကြတဲ့ ကလေးလူကြီးအရွယ်စုံ လူတွေကို မြင်ဖူးကြမှာပါ။
အရာရာဈေးတက်နေတဲ့ ကာလကြီးမှာ တစ်ချိန်က နဘားဘူတာကြီးကို မှီခိုပြီး စားသောက်နေထိုင်ခဲ့တဲ့ သူတွေဟာ ဒီအချိန်မှာ ဆန်ဝယ်မစားနိုင်ပဲ အသက်ရှင်သန်ဖို့အတွက် ရသမျှပိုက်ဆံလေးနဲ့ ဆလပ်(စားကွဲ) ကိုသာ စားနေကြရတော့တယ်။
“အမေ သမီးတို့ဘယ်ကို သွားကြပြန်မလဲဟင်”
သက်ထားလေးက အထုပ်ကလေးပိုက်လို့ ကားလမ်းမှာ ကားစောင့်နေရင်း သူ့အမေကို လှမ်းမေးတယ်။
“အဆင်ပြေမဲ့ တစ်နေရာရာပေါ့သမီး အမေတို့ ဒီရွာကို ဘူတာကြီး ပြန်ဖွင့်မှ ပြန်လာကြမယ်လေ အခုတော့ အမေတို့ မြစ်ကြီးနားဘက် ငှက်ပျောတောတက်ပြန်မလားလို့ အဲ့မှာ အမေတို့အမျိုးတွေလည်း အလုပ်လုပ် နေကြတယ်။ ပင်ပန်းပေမဲ့ အဆင်ပြေတယ်ပြောတယ်”
မအေးမြင့်တို့ သားအမိတွေဟာ မငြိမ်းချမ်းသေးတဲ့ တိုင်းပြည်မှာ အဆင်ပြေရာနိုးနိုးရေကြည်ရာ မြက်နုရာရှာဖွေရင်း ဘဝလောကရဲ့ ဇာတ်ခုံပေါ်မှာ ကျရာနေရာ ကနေကြရတယ်။
မအေးမြင့်တို့သားအမိမှ မဟုတ်ပါဘူး။ ဒီခေတ်ပျက်ကြီးထဲမှာ ဒီလိုပဲ ဘဝကို ရုန်းကန်ရင်း ရေကြည်ရာ၊ မြက်နုရာ ရှာဖွေနေတဲ့သူတွေ ရှိနေဆဲပါ။
===
ဆောင်းပါးမှာ သုံးထားတဲ့ နာမည်တွေဟာ “အမည်လွဲ” တွေ ဖြစ်ပါတယ်။