မူးယစ်နွံထဲကျွံမိ၍ ရုန်းကန်ခဲ့ရသော ကလေးမိခင်နှစ်ဦး
အထူးဆောင်းပါး။
By YUME.
29 April 2024 – Kachinwaves
“ကျွန်မအမျိုးသားရဲ့ သူငယ်ချင်းက ဘိန်းဖြူထိုးဖို့ ပိုက်ဆံမရှိဘူးဆိုပြီး၊ ကျွန်မကို ဘိန်းဝယ်တဲ့နေရာ ခေါ်သွားတယ်။ သူကတော့ သေသွားပြီ။ ဘိန်းထိုးတဲ့အချိန်ရှော့ခ်ဖြစ်ပြီး သေသွားတယ်လို့ ကြားတယ်။ သူကစပြီး ဘိန်းကို နည်းနည်းစီ ထိုးပေးကတည်းက မူးယစ်ဆေးဝါး သုံးစွဲလာမိတယ်။”
ယခုလို ပြောဆိုခဲ့သူမှာ အသားအရည် ခပ်လတ်လတ်ရှိပြီး အသက်နှစ်ဆယ်ကျော်ဆိုသော်လည်း ၎င်း၏လက်ရှိ အသက်အရွယ်ထက် အနည်းငယ်အရွယ်ပိုရင့်နေသလိုရှိကာ စကားပြောလျှင် အသံနေအသံထား ပြတ်တောက်ပြတ်တောက် ဖြစ်နေသလို မရွှင်မလန်းသော မျက်နှာသွင်ပြင် ပေါ်လွင်နေသူ မမာကော့ ဖြစ်သည်။ သူမသည် မကြည်မလင် မရွှင်မလန်း ဖြစ်နေသေးသည်ဟု ၎င်း၏မိခင်ကလည်း ပြောသည်။ မမာကော့နှင့် ဘဝဖြတ်သန်းမှု ပုံရိပ်အချို့ တူညီမှုရှိခဲ့သူမှာ မအခေါန် ဖြစ်သည်။ စကားပြော သွက်လက်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိကာ အနာဂတ်အတွက် ရှင်းရှင်းလင်းလင်း စဉ်းစားဆုံးဖြတ်ထားသူဖြစ်ကြောင်း ၎င်း၏ စကားပြောဟန်နှင့် အမူအရာများကို ကြည့်ခြင်းအားဖြင့် အကဲဖြတ်မိသည်။ ၎င်းတို့နှစ်ဦးသည် မူးယစ်ဆေးဝါးနွံထဲ နွံနစ်ခဲ့ဖူးသည့် အတွေ့အကြုံရှိကြသော ကလေးမိခင်များ ဖြစ်ကြသည်။
ကြီးပြင်းလာသော ပတ်ဝန်းကျင်
○ မာကော့
မမာကော့၏ မွေးရပ်ဇာတိရွာမှာ ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လောဒ်ကျေးရွာ ဖြစ်သည်။ မွေးရပ်ကျေးရွာတွင် အထက်တန်းကျောင်း မရှိသောကြောင့် ဦးလေးနေထိုင်သည့် ဖားကန့်မြို့ရှိ မိဘမဲ့အဆောင်၌ နေထိုင်ကာ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း)ကို နှစ်နှစ်ဖြေဆိုပြီးမှ အောင်မြင်ခဲ့သူ ဖြစ်သည်။ မမာကော့သည် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ဥပဒေဘာသာရပ်ဖြင့် တက္ကသိုလ်အဝေးသင် ဒုတိယနှစ်အထိ တက်ရောက်ထားသူ ဖြစ်သည်။ ဆယ်တန်းအောင်ပြီးနောက် မွေးရပ်ဇာတိရွာတွင် နေထိုင်နေစဉ် မြန်မာ့တပ်မတော်နှင့် KIA (ကချင်လွတ်လပ်ရေးတပ်မတော်) တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့၍ ရွာမှထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး မြစ်ကြီးနားမြို့ရှိ ဖခင်ဖြစ်သူ၏ အသိမိတ်ဆွေနေအိမ်၌ ခိုလှုံနေထိုင်ကာ တက္ကသိုလ်ကျောင်းတက်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ မြစ်ကြီးနားမြို့တွင်နေပြီး ကျောင်းတက်နေသည့် ကာလမှာပဲ ဖခင်ဆုံးပါးသွားသဖြင့် စစ်ဘေးရှောင်စခန်းသို့ ပြောင်းရွှေ့ ခိုလှုံခဲ့ရသည်ဟု မမာကော့က တိုတိုပြတ်ပြတ် ပြောပြခဲ့သည်။ သူမသည် ချစ်သူရည်စားနှင့် တရားဝင် လက်မထပ်ရသေးမီ ကိုယ်ဝန်ရှိလာ၍ မမျှော်လင့်ဘဲ ကလေးမိခင်ဖြစ်လာသူ ဖြစ်သည်။ မမာကော့ သည် တက္ကသိုလ်ကျောင်းသူ ဖြစ်ခဲ့သော်လည်း အမျိုးသားဖြစ်သူနှင့် တက္ကသိုလ်ကျောင်းတွင် ဆုံကြိုက်ချစ်မိသွားခြင်း မဟုတ်ပဲ၊ ကျောင်းပြင်ပ လောကတွင် အပျော်လိုက်ခဲ့၍ သိကျွမ်းခဲ့ရသူဖြစ်သည်ဟု ပြောသည်။ လက်ရှိ အသက် ၂၇ နှစ်ရှိပြီဖြစ်သော မမာကော့သည် အသက်နှစ်နှစ်အရွယ် သားလေးတစ်ယောက်၏ မိခင်ဖြစ်သည်။
○ မအခေါန်
မအခေါန်သည် မြစ်ကြီးနားမြို့ပေါ်ရှိ ဝန်ထမ်းမိသားစုမှ ကြီးပြင်းလာသည့် အကြီးဆုံးသမီးဖြစ်ပြီး တက္ကသိုလ်ဝင်တန်း မအောင်မြင်ပဲ ကျောင်းနားခဲ့သူ ဖြစ်သည်။ ယင်းတက္ကသိုလ်ဝင်တန်း မအောင်မြင်ခဲ့သည့်အချက်သည် မောင်နှစ်မအချင်းချင်းကြား ပြောစရာဆိုစရာပေါ်လာလျှင် မိသားစုအတွင်း၌ မအခေါန်အား ထောက်ပြစရာ အားနည်းချက်တစ်ခုလို ဖြစ်ခဲ့သည်ဟု ဆိုသည်။ ၎င်းအားနည်းချက်ကို ထောက်ပြပြီး ပြောဆိုဆူပူခံခဲ့ရသည့် အကြိမ်ပေါင်းထပ်လာသောအခါ စိတ်ဖိစီးမှုအဖြစ် ခံစားလာရသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း မိသားစုနှင့် နေထိုင်ရသည့် စိတ်ဖိစီးမှုမှ အမြန်လွတ်မြောက်လိုသည့် ဆန္ဒရှိခဲ့၍ အသက် ၂၁ နှစ်အရွယ်တွင် စောစောစီးစီး အိမ်ထောင်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မအခေါန်က ပြောပြသည်။ သူမသည် သားသမီး ၄ ဦး၏ မိခင်ဖြစ်သည်။
- ကျောင်းပညာနှင့် အသက်မွေးဝမ်းကြောင်း အတတ်ပညာ
○ မမာကော့
မမာကော့ တက္ကသိုလ်ဝင်တန်း နှစ်နှစ်ဖြေဆိုခဲ့ရသည်မှာ ပင်ကိုယ်ဉာဏ်ရည် အားနည်းချက်ကြောင့် မဟုတ်ကြောင်း ဘာသာရပ်အားလုံးနီးပါးကို အောင်မှတ် (၇၀) ကျော်ဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့်အချက်ကို ထောက်ပြ၍ မိခင်ဖြစ်သူက ပြောပြသည်။ သို့သော်လည်း မမာကော့သည် အခြေခံပညာ အထက်တန်းကျောင်းသူဘဝ ကတည်းက မိသားစုနှင့် ခွဲခွာနေခဲ့ရသူ ဖြစ်သည်။ တက္ကသိုလ် တက်ရောက်ချိန်တွင်လည်း ဖခင်၏ အသိမိတ်ဆွေနေအိမ်၌ နေထိုင်ကာ ကျောင်းတက်ခဲ့ရသည်။ ၎င်း၏ ပြောပြချက်အရ တက္ကသိုလ်ကျောင်းသူဘဝမှစ၍ သူငယ်ချင်းအပေါင်းအသင်းများနှင့် အပျော်အပါး လိုက်စားတတ်လာပြီး အရက်၊ ဘီယာ ယာမကာများ စတင်သုံးစွဲတတ်လာပြီး မူးယစ်ဆေးဝါးကိုတော့ ထိုအချိန်အထိ မသုံးစွဲခဲ့ဖူးကြောင်း ဆိုသည်။ ပထမနှစ် အောင်မြင်ပြီးနောက် ဒုတိယနှစ်တွင် စာသိပ်မကျက်ခဲ့သောကြောင့် စာမေးပွဲကျခဲ့ပြီး လက်ရှိတွင် ကျောင်းရပ်နားထားကြောင်း ပြောသည်။
သူမသည် အဝေးသင်တက္ကသိုလ်ကို ဆက်လက်တက်ရောက်ရန် ဆန္ဒရှိခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်နှံ့လာမှုကြောင့် ကျောင်းများရပ်နားထားရာမှစ၍ ဆက်မတက်ဖြစ်တော့ကြောင်း ပြောသည်။ ၎င်းသည် စားသောက်ဆိုင်နှင့် ဖုန်းဆိုင်များတွင် အလုပ်ဝင်လုပ်ခဲ့ဖူးပြီး အခြားအသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခုကို လေ့လာသင်ယူလိုသော်လည်း ယခုချိန်ထိ သင်ယူတတ်မြောက်ထားခြင်း မရှိသေးကြောင်း ပြောပါသည်။
○ မအခေါန်
တက္ကသိုလ်ဝင်တန်းကျခဲ့ပြီးနောက် မအခေါန်ကို အသက်မွေးဝမ်းကြောင်း အတတ်ပညာထဲက စက်ချုပ်သင်တန်း သို့မဟုတ် အလှပြင်သင်တန်းတစ်ခုခုကို ရွေးချယ်သင်ယူရန် မိခင်ဖြစ်သူက တိုက်တွန်းခဲ့သည့်အတွက် အလှပြင်သင်တန်း တက်ရောက်ရန် ရွေးချယ်ခဲ့သည်ဟု မအခေါန်က ပြောပြသည်။
မအခေါန်သည် မူလတန်းမှ နဝမတန်းထိ မြစ်ကြီးနားမြို့တွင် ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်နှစ်၌ မိုးညှင်းမြို့တွင် အဆောင်နေကာ ကျောင်းတက်ဖြေဆိုရန် မိဘများက စီစဉ်ပေးခဲ့ကြသည်ဟု ဆိုသည်။ ထိုသို့ ကျောင်းအပြောင်းအရွှေ့ကြောင့် ကျောင်းစာတစ်လတာ နောက်ကျခဲ့ရပြီး စားမေးပွဲလည်း ကျခဲ့ရသည်ဟု ပြန်ပြောင်းပြောပြသည်။
- အလာမကောင်းခဲ့သော အိမ်ထောင်ရေး
○ မမာကော့
မမာကော့၏ အမျိုးသားသည် မူးယစ်ဆေးဝါးသုံးစွဲတတ်သူဖြစ်၍ မိခင်ဖြစ်သူက ၎င်းတို့နှစ်ဦးကို အစကတည်းက အိမ်ထောင်ပြုရန် သဘောမတူခဲ့ကြောင်း သိရသည်။ သို့သော် ကိုယ်ဝန်ရလာသည့်အတွက် မလွှဲမရှောင်သာ လက်ခံခဲ့ရသည်ဟု ဆိုသည်။ မမာကော့ တက္ကသိုလ်ကျောင်း ဆက်မတက်သေးဘဲ ကျောင်းနားနေစဉ်ကာလတွင် ၎င်း၏အမျိုးသားဖြစ်လာမည့်သူနှင့် ချစ်ကြိုက်မိသွား၍ ကိုယ်ဝန်ရရှိလာခြင်းဖြစ်ကြောင်း သိရသည်။
○ မအခေါန်
မအခေါန်သည် အလှပြင်ဆိုင်၌ ဝင်ရောက်လုပ်ကိုင်နေသည့်ကာလတွင် သူငယ်ချင်းတစ်ယောက်၏ ကိစ္စတစ်ခုကြောင့် အဖော်ပြုလိုက်ခဲ့ရာမှ မမျှော်လင့်ပဲ ၎င်းင်၏ခင်ပွန်းဖြစ်လာမည့်သူနှင့် ပထမဆုံး ဆုံခဲ့သည်ဟု ဆိုသည်။ မိဘများက သဘောမတူခဲ့သော်လည်း တစ်အိုးတစ်အိမ် ထူထောင်ကာ လွတ်လွတ်လပ်လပ် နေလိုစိတ် အလျင်လိုနေခဲ့သောကြောင့် အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ချက် စောခဲ့ရခြင်းဖြစ်သည်ဟု ပွင့်ပွင့်လင်းလင်း ပြောပြသည်။
တစ်အိုးတစ်အိမ် ထူထောင်ပြီး လွတ်လွတ်လပ်လပ် နေထိုင်ဖို့ မျှော်လင့်ခဲ့သော်လည်း အိမ်ထောင်ရေး ဒုက္ခနှင့်သာ ခက်ခက်ခဲခဲ ကြုံခဲ့ရကြောင်း ပြောပြသည်။
“ကျွန်မက အိမ်ထောင်စီးပွားရေး သာယာအောင် အလုပ်တွေမျိုးစုံလုပ်ခဲ့တယ်။ အလှပြင်ဆိုင်ဖွင့်တယ်။ ကြက်မွေး၊ ဝက်မွေး၊ အရက်ချက်ရောင်း၊ အဆုံးစွန် ကွမ်းယာအထိပါ ရောင်းခဲ့တယ်။”ဟု ပြင်းရှရှအသံဖြင့် ပြောပြသည်။
မအခေါန်သည် အလှပြင်အတတ်ပညာကို အိမ်ထောင်ရေး အသက်မွေးဝမ်းကြောင်းအတွက် ပိုမိုအထောက်အပံ့ ဖြစ်လာစေရန် ရည်ရွယ်ကာ ကလေး ၃ ဦး၏ မိခင်ဖြစ်နေသော်လည်း အလှပြင်အတတ်ပညာကို ထပ်မံလေ့လာသင်ယူနိုင်ရန် မန္တလေးမြို့နှင့် ရန်ကုန်မြို့များတွင် သွားရောက်သင်ယူခဲ့ကြောင်း ပြောသည်။ ထိုအချိန်ကာလမှာ မမျှော်လင့်ဘဲ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလာ၍ သင်ယူလေ့လာသည့်ကာလ တစ်နှစ်ကျော်ခန့်ကြာသွားခဲ့သည်ဟု ဆိုသည်။
- မူးယစ်ဆေးဝါး နွံကိုနင်းမိခဲ့သည့် အကြောင်းရင်းများ
“အခု အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးဆိုရင် ကန်စွန်းရွက်၊ ကုန်စိမ်းတွေ ဝယ်တာတောင်မှ ခက်အုံးမယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါး ဝယ်တာဆိုရင် လုံးဝ မခက်ဘူး။”
မြစ်ကြီးနားမြို့ရှိ လူငယ်ပြုစုပျိုးထောင်ရေးဂေဟာမှ တာဝန်ရှိဆရာတစ်ဦးက မှတ်ချက်ပြုလိုက်သည့် စကားဖြစ်ပါသည်။ အမျိုးသမီးသုံးစွဲသူဦးရေလည်း တိုးလာသည်ဟု ဆိုသည်။ အချို့က အိမ်ထောင်ရေး မပြေလည်သည့် ပြဿနာကြောင့် သုံးစွဲမိသွားသလို အချို့က နိုင်ငံရေး ပြဿနာကြောင့် ဖြစ်ပေါ်လာသည့် အကြပ်အတည်းထဲ KTV နှင့် Bar များတွင် အလုပ်လုပ်ကိုင်ကြရာမှ မူးယစ်ဆေးဝါးနှင့် ရင်းနှီးမိသွားသူများရှိကြောင်းလည်း အဆိုပါဆရာက ပြောပြသည်။
“ဘိန်းဖြတ်သင်တန်းကျောင်းကို ရောက်လာတဲ့ အမျိုးသမီးတွေနဲ့ စကားပြောမိတဲ့ အချိန်ဆိုရင် တစ်ချို့က အိမ်ထောင်ရေး မပြေလည်မှုကြောင့် သူ့ယောကျာ်းက မူးယစ်ဆေးဝါးသမား၊ သူကတော့ မသုံးတတ်သေးဘူး။ ဒါပေမဲ့ သူ့ယောကျာ်းကို ပြောမရတဲ့အဆုံးမှာ ကိုယ်ကိုယ်တိုင် သုံးစွဲလိုက်တာတို့၊ ဒါတွေက ကျွန်တော်တို့ ဒေသတွေမှာ ရှိတယ်။ တစ်မိသားစုလုံး မူးယစ်ဆေးဝါး အန္တရာယ်ထဲ ကျရောက်သွားတာတွေ ရှိတယ်။ အမျိုးသမီးတွေက တစ်ဦးနဲ့ တစ်ဦးက တူတာတော့ မတူဘူး။”ဟု လူငယ်ပြုစုပျိုးထောင်ရေးဂေဟာမှ တာဝန်ရှိဆရာက ဆက်ပြောသည်။
○ မမာကော့
မမာကော့သည် အမျိုးသားနှင့်အတူ စစ်ဘေးရှောင်စခန်းတွင် နေထိုင်ခဲ့ကြရာ ကလေး ၆ လသားအရွယ်ခန့်တွင် အမျိုးသားဖြစ်သူ ခရီးထွက်သွားပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်နေခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် မမာကော့ က အမျိုးသားဖြစ်သူ၏ သူငယ်ချင်းများထံ သွားရောက်စုံစမ်းခဲ့သည်။ ၎င်းတို့ကိုလည်း ကူညီစုံစမ်းကူရန် အကူအညီတောင်းခဲ့ရသည်ဟု ဆိုသည်။ သို့သော် အမျိုးသားကို လိုက်လံစုံစမ်းရန် ထွက်လာခဲ့သည့် ၎င်း၏ ခြေလှမ်းများသည် မူးယစ်ဆေးဝါး နွံကန်ထဲသို့ ဦးတည်ခဲ့သည့် ခြေလှမ်းများ ဖြစ်ခဲ့ပါတော့သည်။ မူယစ်ဆေးဝါး စတင်သုံးစွဲခဲ့သည့် အဖြစ်အပျက်ကို ယခုလို ပြောပြသည်။
“တမင်တကာ သောက်စားချင်လို့တော့ မဟုတ်ဘူး။ တိုက်ဆိုင်ပြီး ကြုံလာတော့ ဘိန်းရဲ့အရသာသိလာပြီး ယင်းကပ်လာတယ်။ ကျွန်မလည်း ကလေးရဲ့ အဖေကို အရမ်းဒေါသထွက်ချင်လာလို့ အဲ့လောက်ကောင်းရင် ဘယ်လောက်ထိတောင် ကောင်းတဲ့မျိုးလဲဆိုပြီး စမ်းသုံးကြည့်ချင်လာတယ်။ ကဲစမ်းကြည့်ရအောင်လေဆိုပြီး စခဲ့မိတာ။”
ခင်ပွန်းဖြစ်သူ၏ သူငယ်ချင်းက မမာကော့၏ သွေးကြောထဲသို့ ဘိန်းဖြူအနည်းငယ် ထိုးသွင်းပေးခဲ့သည်ဟု ဆိုသည်။ သူမသည် ခင်ပွန်းကို လိုက်ရှာရာမှ မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်လာ၍ သူမ၏သားကိုလည်း မိခင်ကသာ နို့မုန့်တိုက်ပြီး စောင့်ရှောက်ပေးခဲ့ရသည်ဟု ဆက်ပြောပြသည်။
“ကျွန်မသုံးတာက ဘိန်းဖြူထိုးတာဟုတ်တယ်။ တခါတရံမှာတော့ ယာမရှူဖြစ်တယ်။ အပြင် (စစ်ရှောင်စခန်းပြင်ပ) မှာ နေတုန်းက မူးယစ်ရဲတွေဖမ်းတာလည်း နှစ်ခါသုံးခါလောက် ခံခဲ့ဖူးတယ်။ အိမ်ကိုပြန်လို့ မရတာကြောင့် ရူးကြောင်ကြောင်ပဲ လိုက်လုပ်ကုန်တယ်။ မူးယစ်ဆေးရောင်းတဲ့ သူငယ်ချင်းနဲ့နေတော့ သူပေးပေးသောက်တယ်။ ယာမ မသောက်ဖူးပဲ၊ အဲ့တစ်ခေါက် စမ်းသောက်တဲ့ချိန်မှာ မူးယစ်ရဲတွေဝင်လာပြီး ဖမ်းသွားတာ ခံရတယ်။ ပိုက်ဆံပြန်ပေးခိုင်းလို့ ပြန်လွတ်လာတယ်။”ဟု မူးယစ်သုံးစွဲခဲ့သည့် အတွေ့အကြုံနှင့် စစ်ကောင်စီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲများ၏ ဖမ်းဆီးခြင်းခံရပြီး ပြန်လွတ်လာသည့် အတွေ့အကြုံကို ပြန်ပြောင်းပြောပြသည်။
မူယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုနှင့် ဖမ်းဆီးအရေးမှုများတွင် မြန်မာအစိုးရ စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ အဆင့်မြင့်အရာရှိများ ပါဝင်ပတ်သက်နေကြောင်း CDM ရဲအရာရှိများ၏ ပြောပြချက်ကို KIO မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ၏ ၂၀၂၂ – ၂၀၂၃ ခုနှစ် “မူယစ်ဆေးဝါး အစီရင်ခံစာ”၌ တွေ့ရှိရပါသည်။ မြို့နယ်ရဲမှူးနှင့် စခန်းမှူး စသည့်အရာရှိများက အပြင်မထွက်ဘဲ နယ်ထိန်းရဲများက မူးယစ်ဆေးဝါး ရောင်းသူများထံမှ ပိုက်ဆံလိုက်ကောက်ရပြီး အထက်အရာရှိများ ပြောအသည့်အတိုင်း လိုက်တောင်းခဲ့ရကြောင်း ၂၀၁၆ ခုနှစ်က ဖြစ်စဉ်ကို ရဲအရာရှိတစ်ဦး ပြောပြထားသည်။
စစ်တပ်ကို အသိမပေး သဘောမတူလျှင်လည်း ရဲတပ်ဖွဲ့သက်သက်ဖြင့် မူးယစ်ဆေးဝါး ဖမ်းဆီးခြင်း၊ ဖျက်ဆီးခြင်း ပြုလုပ်ခွင့်မရှိကြောင်း CDM ရဲအရာရှိတစ်ဦး၏ ပြောပြချက်ကိုလည်း KIO ၏ မူယစ်ဆေးဝါး အစီရင်ခံစာ၌ တွေ့ရသည်။
“တပ်ကလည်း သူတို့သဘောတူညီမှုမပါပဲ လူဖမ်းလို့ရှိရင် ကျနော်တို့ရဲတွေကို ရာထူးချတာတွေရှိတယ်။ ပြည်နယ်အဆင့်ရဲအရာရှိတွေကို ဖြုတ်ချလိုက်တဲ့ အဖြစ်အပျက်တစ်ခုကတော့ လွန်ခဲ့တဲ့ ၂၀၁၉ – ၂၀၂၀ ခုနှစ်မှာ ရဲဗိုလ်မှူးတစ်ဦး ဦးဆောင်ပြီးတော့ ပြည်သူ့စစ်နယ်မြေထဲက ဘိန်းချက်စခန်း ၃ ခုကို ဝင်သိမ်းပြီးဖျက်ဆီးလိုက်တော့ အဲဒီရဲဗိုလ်မှူးကို နေပြည်တော်ပြောင်းလိုက်ပြီး နောက် ၆ လလောက်ကြာတော့ သူ့ကို အခြားအမှုနဲ့ ရာထူးချလိုက်ကြတယ်။”ဟု အစီရင်ခံစာ၌ ပါရှိသည်။
○ မအခေါန်
မအခေါန်လည်း မိမိအမျိုးသားကြောင့် မူးယစ်ဆေးဝါးနွံထဲသို့ နင်းမိခဲ့သူ ဖြစ်သည်။ ရန်ကုန်တွင် အလှပြင်သင်တန်း တက်ရောက်ပြီး ပြန်လာချိန် ခင်ပွန်းဖြစ်သူက မူးယစ်ဆေးဝါးသုံးစွဲနေသည့် အခြားအမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန်နေခဲ့သည်ဟု ပြောပြသည်။
မအခေါန်သည် ပြောင်းလဲသွားသောအမျိုးသား၏ စရိုက်အပြုအမူများကြောင့် စိတ်အလိုမကျဖြစ်ကာ ဒေါသဖြစ်လွယ်ခဲ့သည်။ အမျိုးသားဖြစ်သူက မကြာခဏ ဒေါသထွက်နေသည့် ဇနီးကို ဒေါသစိတ်ဖြေဖျောက်ဖို့ မူးယစ်ဆေးဝါး သုံးစွဲကြည့်ရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ ခင်ပွန်းဖြစ်သူ၏ တိုက်တွန်းမှုသည် မကောင်းမှန်းသိခဲ့သော်လည်း စိတ်တူကိုယ်တူဖြစ်လာလျှင် ဇနီးလင်မယားနှစ်ယောက်ကြား ဆက်ဆံရေး ပြန်လည်ပြေလာမလားဆိုသည့် စိတ်ကူးကြောင့် မူးယစ်ဆေးဝါးကို သုံးစွဲကြည့်ရန် ဆုံးဖြတ်ခဲ့မိသည်ဟု ဆိုသည်။
“ဆေးကို စမသုံးခင်ကတည်းက ကျွန်မဆုံးဖြတ်ချက် တစ်ခုချတယ်။ အိမ်ထောင်တစ်ခုဖြစ်တာမို့လို့ မိသားစုဆိုတာအတူတူ စိတ်တူကိုယ်တူမှ မိသားစုက ပျှော်ရွှင်တယ်။ အခု ဒီအိမ်ထောင်ဦးစီးက ကျွန်မ ပြုပြင်ပြောင်းလဲလို့ မရဘူး။ ကျွန်မ သူ့နောက်ကို လိုက်မယ်။ ဘိန်းရှူရင်လည်း အတူရှူမယ်။ ဒါမှ ကိုယ်ချင်းစာစိတ် ရှိမယ်။ ကောင်းမယ်ဆိုရင်လည်း အတူကောင်းအောင်ကြိုးစားပြီး မိသားစုကို ပြန်တည်ဆောက်မယ်ဆိုပြီး ကျွန်မတွေး လိုက်တယ်။”
အမှန်တကယ်လည်း မအခေါန် ဘိန်းကိုရှူသည့်နောက် “လုံးဝစကား မပြောချင်တော့ဘူး။ အန်တယ်၊ တစ်ကိုယ်လုံး နှုံးချိပြီးတော့ ဘယ်သူ့ကိုမှလည်း မအော်နိုင်တော့ဘူး။ အဲ့လိုနဲ့ အိပ်ယာမှာပဲ ပစ်ပစ်လဲနေလိုက်တယ်။”ဟု ဘိန်းစရှူခဲ့သည့် နေ့များ၏ အဖြစ်အပျက်ကို ပြောပြသည်။
ခင်ပွန်းနှင့်အတူ ညီဖြစ်သူမတ်တို့က မအခေါန်၏ ဖုန်းနှင့် ဆင်းကဒ်များကို သိမ်းယူရောင်းစားလိုက်သည့်အတွက် အသိမိတ်ဆွေ မိသားစုများ အားလုံးနှင့် အဆက်အသွယ် ပြတ်သွားခဲ့ရသည်ဟု ဆိုသည်။ ၎င်းတို့နေထိုင်သည့် အိမ်ခြံဝင်းအတွင်း ခင်ပွန်းဖြစ်သူ၏ စောင့်ကြည့်ထိန်းချုပ်မှုအောက်မှ ရုန်းထွက်ရန် မလွယ်တော့ဘဲ ခက်ခက်ခဲခဲ နေခဲ့ရသည်ဟု ဆိုသည်။
“ဒီမူးယစ်ဆေးဝါးသုံးတာက ကျွန်မကိုယ်တိုင် အပြင်ထွက်ရှာစရာ မလိုဘူး။ ကျွန်မတို့အိမ်မှာ မူးယစ်ဆေးဝါး သုံးတဲ့သူက ကျွန်မယောကျာ်းသုံးတယ်။ ကျွန်မရဲ့ မတ် (အမျိုးသား၏ညီ) နှစ်ယောက်စလုံး သုံးတယ်။ ကျွန်မလည်း သုံးတယ်။ ပြီးရင်သူတို့ ယူထားတဲ့ မိန်းမလည်း သုံးတယ်။”
နောက်ထပ်သားသမီးငယ်၏ မျက်နှာမြင်ရလျှင် ခင်ပွန်းဖြစ်သူက အိမ်ထောင်ရေး ပြန်လည်တည်ဆောက်လိုစိတ် ဖြစ်ပေါ်လာမလားဟု မအခေါန်စဉ်းစားခဲ့မိ၍ ကလေးထပ်ယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပြသည်။
သို့သော်လည်း ခင်ပွန်းဖြစ်သူသည် သူမ၏ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ဆေးရုံ၌ ကလေးမွေးဖွားနေသည့် ရက်ပိုင်းမှာပင် ယခင်ဖောက်ပြန်ခဲ့ဖူးသော အမျိုးသမီးနှင့် ပြန်လည်ဖောက်ပြန်ခဲ့သည်ဟု ဆိုသည်။ ထိုမျှမက သူမ၏အမျိုးသားသည် လက်ထပ်မင်္ဂလာလက်စွပ်နှင့် ထမင်းအိုးပါမကျန် ရောင်းစားနေသည့် မူးယစ်ဆေးဝါးကျေးကျွန် ဖြစ်သွားသည်ဟု မအခေါန် က အဖြစ်အပျက်များကို မျက်ရည်ဝဲပြီး ပြန်ပြောင်းပြောပြခဲ့သည်။
သို့သော် မအခေါန်အတွက် ကံကောင်းသွားသည်မှာ သူမတစ်ဦးတည်း ဆေးရုံတက်နေစဉ် အသိမိတ်ဆွေတစ်ဦးက တွေ့ရှိသွားပြီး ၎င်းမိတ်ဆွေ၏ အကူအညီဖြင့် မိခင်မောင်နှမ မိသားစုများ သိရှိသွားသည့်အတွက် မအခေါန်ကို လာရောက်ကူညီစောင့်ရှောက်ပေးခဲ့ကြသည်ဟု ဆိုသည်။
“ရွေးချယ်မှုမှားခဲ့ပေမဲ့ အိမ်က အမေတွေ၊ မောင်နှမတွေက ပစ်မထားခဲ့ဘူး။ ဒီယောကျာ်းကို တစ်ဘဝလုံး ရွေးချယ်ခဲ့ပြီးမှ အိမ်ထောင်ဖက်အဖြစ် ရွေးခဲ့တဲ့သူက အရမ်းရက်စက်တယ်ဆိုပြီး၊ ကျွန်မစိတ်ထဲမှာ အရမ်းမုန်းသွားတယ်။ အဲ့အချိန်ကနေစပြီး သူ့ရဲ့လက်ထဲကနေ ထွက်သွားဖို့စိတ်ထဲမှာ ဒုံးဒုံးချခဲ့တယ်။”ဟု ငိုရှိုက်သံများနှင့် ရောပြွန်းပြီး ပြောပြခဲ့သည်။
- လွတ်မြောက်နိုင်ရန် ရုန်းကန်ခဲ့ရသော ဖြစ်ရပ်များ
○ မမာကော့
မမာကော့နှင့် ခင်ပွန်းဖြစ်သူ မူးယစ်ဆေးဝါး သုံးစွဲသည်ကို စစ်ရှောင်စခန်းမှ တာဝန်ရှိဆရာများ သိရှိသွားပြီးနောက် ၎င်းတို့နှစ်ဦးကို စခန်းထဲ နေခွင့်မပြုတော့ကြောင်း ပြောသည်။ ထို့ကြောင့် မမာကော့သည် အပြင်တွင် မူးယစ်ဆေးဝါးရောင်းသည့် သူငယ်ချင်းတစ်ဦးနှင့်အတူ နေခဲ့ရသည်ဟု ဆိုသည်။ မမာကော့ကို စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိဆရာများက ပြန်လည်ထူထောင်ရေး ဘိန်းဖြတ်စခန်းတစ်ခုသို့ ပို့ဆောင်ပေးခဲ့သော်လည်း သတ်မှတ်ကာလ မပြည့်သေးမီ ထွက်ပြေးခဲ့သဖြင့် စစ်ဘေးရှောင်စခန်းတွင်လည်း ၎င်းအား အဝင်မခံတော့ကြောင်း ပြောသည်။
“အရင်က စစ်ဘေးရှောင်က ဆရာတွေ ကျွန်မကို ဘိန်းဖြတ်စခန်းတစ်ခုကို အရင်ပို့လိုက်တယ်။ အဲ့တုန်းက ကလေးနို့မဖြတ်သေးတာကြောင့် နို့ကကိုက်၊ ဘိန်းသောက်ချင်၊ ယင်းကထနဲ့ ဘိန်းဖြတ်စခန်းကို ရောက်တာနဲ့ ခြေချင်းခတ်ပေး လိုက်တယ်။ အဲ့တုန်းက နှစ်ပတ်လောက်မှာပဲ ဘိန်းဖြတ်စခန်းကနေ ပြန်ထွက်ပြေးခဲ့တယ်။”
သို့သော်လည်း မမာကော့သည် မူးယစ်ဆေးဝါးကျေးကျွန်ဘဝမှ လွတ်မြောက်လိုသည့်အတွက် မိခင်နှင့်တိုင်ပင်ကာ ဘိန်းဖြတ်နိုင်ရန် အခြားပြန်လည်ထူထောင်ရေး ဘိန်းဖြတ်စခန်းသို့ ဒုတိယအကြိမ် သွားရောက်ခဲ့ကြောင်း ပြောသည်။
“အဲ့သောက်စားနေတုန်းက အခန်းငှားပြီးနေတော့ မျက်လုံးဖွင့်ပြီးတော့ ကိုယ့်ကိုယ်ကို အဓိပ္ပါယ်မရှိသလို ခံစားလာတယ်။ သူဟာသူ ခံစားချက်တွေ မကောင်းလာဘူး။ ဆေးထိုးရင်တော့ ကောင်းတယ်လို့ ပြောလို့ရတယ်။ ဆေးထိုးပြီး မနက်ထလာပြီဆိုရင် ကလေးနဲ့လည်း အတူနေလို့မရ၊ အရမ်းမပျော်သလို ခံစားလာလို့ အမေကိုပြောပြပြီး၊ ဘိန်းဖြတ်ပေးတဲ့စခန်း (Pat Jasan) ကို ပို့ပေးဖို့ပြောခဲ့တယ်။”
၎င်းဘိန်းဖြတ်စခန်းတွင် ၆ လတာနေထိုင်ပြီး ဆေးပြတ်နိုင်ပြီးနောက် လက်ရှိအချိန်တွင် မိခင်နှင့် သားနှစ်ယောက်စလုံးနှင့်အတူ နေထိုင်နေသည်။ မူးယစ်ဆေးဝါးကျေးကျွန်ဘဝမှ လွတ်မြောက်နေပြီဖြစ်၍ လမ်းမှားထပ်မရောက်အောင် ကြိုးစားကာ ဘဝအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခုကို သင်ယူလိုသည်ဟု မမာကော့ က ပြောသည်။ ထို့အပြင် ပတ်ဝန်းကျင်တွင် မိခင်ဖြစ်သူကြောင့် ကလေးမျက်နှာငယ် အရှက်ရစရာ မဖြစ်အောင် ကြိုးစားသွားမည်ဟု ပြောသည်။
မမာကော့၏ မိခင်ကလည်း သမီးဖြစ်သူ နောက်ထပ်လမ်းမှား မရောက်စေရန်အတွက် စောင့်ရှောက်ပေးနေရဆဲ ဖြစ်ကြောင်း ပြောပြသည်။
“ကျွန်မသူ့ကို စိတ်မချသေးဘူး။ သူတစ်ယောက်တည်းကို လွှတ်ထားလို့မရသေးလို့ အခုတစ်ကောက်ကောက်နဲ့ လိုက်ပြီးစောင့်ရှောက်နေရတယ်။ မသုံးစွဲတော့ဘူးဆိုပေမဲ့ အရင်က သူ့သူငယ်ချင်းတွေ ဖုန်းဆက်ပြီး ဆက်သွယ်လာရင် နောက်ဆက်တွဲ ပြန်သုံးစွဲသွားမှာကို ကြောက်တာကြောင့်။”ဟု မိခင်ဖြစ်သူက စိုးရိမ်ပူပန်စိတ်ဖြင့် ပြောပြသည်။
○ မအခေါန်
ဆေးရုံ၌ ကလေးမွေးဖွားခဲ့ပြီးနောက် မအခေါန်သည် ခင်ပွန်း အပေါ်ထားရှိသည့် သံယောဇဉ်စိတ်များ လုံးဝကုန်ဆုံးသွားခဲ့ပြီး အမျိုးသား၏ထိန်းချုပ်မှုနှင့် မူးယစ်ဆေးဝါးကျေးကျွန်ဘဝမှ အမြန်ဆုံး လွတ်မြောက်နိုင်မည့် အခွင့်ကောင်းပေါ်လာရန်သာ ဆုတောင်းနေတော့သည်ဟု ဆိုသည်။
“သူ့ကိုလွှတ်ချခဲ့မယ်။ ပြီးရင်သားသမီးတွေအတွက် စဉ်းစားမယ်။ သူပျက်စီးရင်လည်း ပျက်စီးပါစေတော့၊ ကျွန်မလက်တွဲခေါ်လို့ မရတော့ရင် ကျွန်မကောင်းအောင် ပြန်နေမယ်ဆိုပြီး စိတ်ထဲမှာ ဆုံးဖြတ်ချက်ချတယ်။ ပြီးတော့မှ ဖြည်းဖြည်းချင်း မူးယစ်ဆေးကိုလည်း လျှော့နေခဲ့တယ်။ သူ့ရဲ့လက်ထဲကနေ ဘယ်အချိန် လွတ်မြောက်နိုင်မလဲ ဆိုတာပဲ ဖြစ်ချင်တော့တယ်။”
သို့သော် ခင်ပွန်းဖြစ်သူက မအခေါန်၏ စိတ်ထဲကြံစည်နေမှုကို ရိပ်မိလာပြီး ၎င်းဘယ်သွားသွား သူမကို ခေါ်သွားတတ်သလို အိမ်ထောင်စုနှင့် ကလေးမွေးစာရင်းများကိုလည်း သိမ်းဆည်းထားကာ သတိထားစောင့်ကြည့်သည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲရန်အတွက် ငွေလိုလာလျှင်လည်း အတင်းအဓမ္မ ရိုက်နှက်နှိပ်စက်လာသည်ဟု ဆိုသည်။ အမျိုးသားက မအခေါန်ကို ထွက်သွားမည့်အခွင့်အရေး လုံးဝမပေးပဲ ထွက်သွားခဲ့လျှင်တောင် “ငါ့လက်ထဲက အသေပဲ ထွက်သွားရမယ်”ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟု ဆိုသည်။ ထိုသို့ ခင်ပွန်းဖြစ်သူ၏ လက်အောက်မှာ ဆင်းရဲဒုက္ခခံနေရသည်ကို မခံနိုင်သဖြင့် တစ်နေ့တွင် မအခေါန်က သူမ အသက်ဆက်မရှင်ချင်တော့ကြောင်း ကလေးများကို ရင်ဖွင့်ပြောဆိုခဲ့မိသည်။
“သားတွေက ကြီးတော့နားလည်နေပြီ။ သားရယ် အမေ သေချင်ပြီလို့ ပြောတော့၊ အမေ မသေပါနဲ့လို့တော့ မပြောဘူး။ ဒါပေမဲ့ အမေ သေရင် သားတို့လည်း မနေချင်တော့ဘူး။ အမေ့နောက်ကို လိုက်မယ်။ သားတို့ကိုလည်း မချန်ထားနဲ့ဆိုပြီး ပြန်ပြောလာတော့၊ ကျွန်မ မမြိုသိပ်နိုင်အောင် အရမ်းဝမ်းနည်းတယ်။ ငါဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအရှုံးပေးလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့အတွက်မှ အကျိုးမရှိရင်တောင် ငါ့သားသမီးတွေအတွက် ကျွန်မ အကျိုးရှိမှာပဲ။”ဟု တွေးမိလာပြီး လွတ်မြောက်နိုင်ဖို့ အမြဲဆုတောင်းနေခဲ့ကြောင်း မအခေါန်က အတိတ်အကြောင်းပြောလျှက် ကျလာသည့် မျက်ရည်များကို ထိန်းချုပ်ကာ ပြန်ပြောင်းပြောပြခဲ့သည်။
ထိုသို့ဆုတောင်းနေစဉ်မှာပဲ လွတ်မြောက်ဖို့ရန် အခွင့်ကောင်းတစ်ခု ပေါ်လာသည်ဟု မအခေါန် ပြောပြသည်။
“ကျွန်မ ဒီငရဲကနေ လွတ်ချင်ပြီ နေ့တိုင်းသေမင်းရဲ့ ချိုင့်ထဲမှာပဲ နေနေရတဲ့ဘဝကနေ လွတ်ချင်ပြီဆိုပြီး ကျွန်မ ဆုအရမ်းတောင်းတယ်။ တစ်ရက်တော့ ကျွန်မအခွင့်အရေး ရလာတယ်။ အဲ့မနက် သူဆေးသွားရှာတဲ့ချိန် ဘာဖြစ်လို့လဲ မသိဘူး၊ ကျွန်မကို လုံးဝမခေါ်သွားဘူး။ အိမ်မှာ နေခိုင်းထားတယ်။ နေခိုင်းထားလည်း လုံးဝ နှစ်ခါမစဉ်းစားတော့ဘူး။ ကျောပိုးအိတ် သေးသေးလေးလွယ်ပြီး ကလေးတွေလက်ဆွဲပြီး ကျွန်မ အဲ့ကနေ ထွက်ခဲ့တယ်။”
ထို့နောက် မအခေါန်သည် ကလေးများကို ဆွေမျိုးများထံ အပ်နှံထားပြီး ပြန်လည်ထူထောင်ရေး ဘိန်းဖြတ်စခန်းသို့ သွားရောက်ကာ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ကင်းကင်းရှင်းရှင်း လွတ်မြောက်နိုင်ခဲ့သည်။ နဂိုကတည်းက မူးယစ်ဆေးဝါးနွံထဲမှ လွတ်မြောက်နိုင်ရန် စိတ်အားပြင်းပြနေသော မအခေါန်သည် ယခုအချိန် သူမကိုယ်တိုင် လွတ်မြောက်သွားယုံမက ဘဝတူလူသားများလည်း လွတ်မြောက်နိုင်ရန် ပြန်လည်ထူထောင်ရေးစခန်း၌ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆက်ကပ်နေသည်။
မူးယစ်ဆေးဝါး ကျေးကျွန်ဘဝမှ လွတ်မြောက်နိုင်ရန် ကြိုးစားနေသူများကိုလည်း မအခေါန် က ၎င်း၏အတွေ့အကြုံကို ယခုလို မျှဝေပြောဆိုသည်။
“တစ်ကယ် ပြောင်းလဲချင်စိတ်ပဲ ရှိပါ။ မူးယစ်ဆေးဝါး သုံးနေသေးတယ် ဆိုရင်လည်း ဒီနေ့တစ်ရက်ကိုပဲ ထားနိုင်အောင် ကြိုးစားကြည့်၊ နောက်နေ့ဆိုရင်လည်း ဒီနေ့တစ်ရက်ကိုပဲ ထားနိုင်အောင် ကြိုးစားမယ်ဆိုရင် ဒီနေ့တစ်ရက်၊ ဒီနေ့တစ်ရက်နဲ့ ကြိုးစားသွားမယ်ဆိုရင် နေနိုင်သွားတယ်။ အများကြီးမစဉ်းစားနဲ့ ငါမလုပ်နိုင်ပါဘူးဆိုပြီး မစဉ်းစားနဲ့ ဒီနေ့တစ်ရက်ကိုပဲ ပိုပြီးကောင်းအောင် ကြိုးစားသွားရအောင်လို့ အဲ့လိုမျိုးစိတ်ထဲ ရှိတာလေးကို ပြောပြချင်ပါတယ်။”
===
ဆောင်းပါးတွင် အမည်ရင်းများအစား “မမာကော့” နှင့် “မအခေါန်”ဟု အမည်လွှဲများကို အသုံးပြုထားပါသည်။