KIA နဲ့ မဟာမိတ်တို့ရဲ့ စစ်ဆင်ရေးကြောင့် ရတက်မအေး လှုပ်လှုပ်ရွရွဖြစ်နေရတဲ့ စကခ (၂၁)
အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။
စီစဉ်တင်ဆက်သူ – Yu San
27 March 2024 – Kachinwaves
KIA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေရဲ့ ဗန်းမော် – မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်မှာ မတ်လ ၇ ရက်နေ့ကစလိုက်တဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီရဲ့ တပ်စခန်းတွေ တစ်ခုပြီးတစ်ခု သိမ်းပိုက်လာတာ၊ အခုဆိုရင် တပ်စခန်းပေါင်း ၅၀ ကျော်ဟာ တော်လှန်းရေးအဖွဲ့တွေရဲ့ လက်ထဲရောက်နေပါပြီ။
၂၀၁၁ ခုနှစ် ကချင်တကျော့ပြန်စစ်ကာလတုန်းက စစ်တပ်အထိုင်ချနိုင်ခဲ့တဲ့ လိုင်ဇာအနီးက တပ်စခန်းတွေအပြင် KIA ဌာနချူပ်ဟောင်း ပါဂျောင်၊ နာဖော့ကိုလည်း ပြန်လည်ရယူအပြီးမှာတော့ ဗန်းမော်မြို့နဲ့ ၅ မိုင်ဝန်းကျင်သာဝေးတော့တဲ့ မိုးမောက်မြို့နယ်ဘက်က စစ်တပ်အထိုင်တပ်ရင်း ၅ ခုကိုပါ ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စခန်းသေး၊ စခန်းကြီး၊ ဗျူဟာကုန်းသိမ်းရာကနေ တပ်ရင်းအထိုင်ဌာနချုပ်တွေကိုပါ သိမ်းနေတဲ့ KIA နဲ့ မဟာမိတ်တွေရဲ့ စစ်ဆင်ရေးကြောင့် အခုဆိုရင် ကချင်ပြည်နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက စစ်ကောင်စီတပ်တွေဟာ လက်နက်ချသူ၊ ထွက်ပြေးသူ စခန်းစွန့်ဆုတ်ခွာသူတွေနဲ့ ပရမ်းပတာဖြစ်နေတဲ့ အခြေအနေ ဖြစ်နေပါပြီ။
ထိုးစစ်ဆင်မှု စတင်ကတည်းက လိုင်ဇာအနီးက တပ်စခန်းတွေဖြစ်တဲ့ ခါယာဘွမ်စခန်းကုန်းက စစ်ကောင်စီတွေနဲ့ ဒေါ့ဖုန်းယန်မြို့က ခလရ ၁၄၂ တပ်ရင်းတွေ လက်နက်ချခဲ့တာတွေရှိခဲ့ကြောင်း သိရပါတယ်။ ဘွမ်ရဲဘွမ်စခန်းကြီးနဲ့ နာဖော့စခန်းကြီးတွေမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေကလည်း လက်နက်မချခဲ့ပေမဲ့ တိုက်ခိုက်ခံရလို့ စခန်းစွန့်ခွာထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။
ဒီလိုအဖြစ်တွေအပြင် လောလောလတ်လတ် ဒီရက်ပိုင်းအတွင်းမှာတော့ မံစီမြို့နယ်ထဲက နန့်လင်းပါ၊ လွယ်ခမ်းနဲ့ မိုင်းခေါင်စတဲ့ စစ်တပ်စခန်း ၃ ခုကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက စွန့်ခွာသွားတယ်လို့ သိရပါတယ်။ စိတ်ဓာတ်ပျက်ပြားနေတဲ့ စစ်ကောင်စီတပ်တွေဟာ ထွက်ပြေးတဲ့အချိန်မှာတောင် လက်နက်ခဲယမ်းတွေကို လွှင့်ပစ်ထွက်ပြေးကြတဲ့ ရုပ်ပုံတွေလည်း လူမှုကွန်ရက် Facebook ပေါ်မှာ တက်လာတာကို တွေ့ရပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ တပ်ရင်းတွေနဲ့ တိုက်ပွဲမဖြစ်ဘဲ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့တပ်တွေဟာ ဗန်းမော်ဘက်ကို ဦးတည်နေပြီး ခံစစ်ပြင်မယ့် အလားအလာရှိနေတယ်လို့ မြေပြင်လှုပ်ရှားနေတဲ့ KPDF တွေက ထင်ကြေးပေး ပြောဆိုကြပါတယ်။ တကယ်တမ်းမှာလည်း ဗန်းမော်မြို့ကို KIA မသိမ်းပိုက်နိုင်ရေးအတွက် စစ်တပ်ဘက်က မြို့ရဲ့အမြင့်ပိုင်းနေရာမှာ လက်နက်ကြီး ထောင်ထားတာတွေ၊ ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေနဲ့ ခဲယမ်းရိက္ခာဖြည့်တင်းပြီး စစ်ရေးအတွက် ပြင်ဆင်နေတာတွေရှိတယ်လို့ မြို့ခံတွေထံကလည်း သိထားရပါတယ်။
ကချင်ပြည်နယ်မှာ မိုးကောင်း အခြေစိုက် အမှတ် (၃) နဲ့ ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) နှစ်ခုထဲက တစ်ခုဖြစ်တဲ့ စကခ (၂၁) ဌာနချုပ်နဲ့ ပိုပိုနီးလာတဲ့ စစ်ဆင်ရေးကြောင့် ဗန်းမော်မြို့က စစ်ကောင်စီတပ်တွေပါ ရတက်မအေး လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီး ဗန်းမော်ကို လာမတိုက်ဖို့အတွက် ကုန်သည်တွေကနေတဆင့် ညှိနှိုင်းတာတွေရှိခဲ့တယ်လို့ ဗန်းမော်မှာ တာဝန်ကျခဲ့ဖူးတဲ့ CDM ဗိုလ်ကြီးထက်မြတ် က ဆွေးနွေးခန်းတစ်ခုမှာ ပြောခဲ့ပါတယ်။
“ဗန်းမော်မှာ ဘယ်လောက် ပွဲပျက်နေသလဲဆို လေယာဉ်ပြေးလိုင်းတွေထိတော့ ပိတ်လိုက်ရော။ နောက် ၂ ရက် ၃ ရက်နေတော့ ပြန်ဖွင့်တယ်။ ဖွင့်တဲ့အချိန်မှာ လေယာဉ်လက်မှတ်တွေက ၄ လပိုင်းကုန်တဲ့အထိ အပြင်လူဝယ်လို့ မရတော့ဘူး။ အဲ့ဒီမှာလေယာဉ် ၅ စီးနဲ့ ၅ ခေါက် လာသယ်သွားတဲ့အပြင် အခုလာမယ့် လေယာဉ်လက်မှတ်တွေ အကုန်လုံးကို ဝယ်ထားပြီး။ အဲ့ဝယ်ထားတဲ့ ၈၀ ရာခိုင်နှုန်းက စစ်တပ်ကကောင်တွေ။ သူတို့ရဲ့သား၊ သမီးတွေ အကောင်အကြီးကြီးတွေရဲ့ ကတော်တွေ သူတို့ရဲ့မိသားစုတွေကို ရွှေ့ပြောင်းဖို့အတွက်ကို ရွှေ့ဖို့လုပ်နေပြီ။ လိုင်းကားတွေနဲ့အစ ခိုးပြီးတော့ ဆင်းနေကြတာ။။ ငါးအိုးတို့ဘာတို့ဘက်ကနေ အဲ့လိုမျိုးဆင်းနေရတဲ့ အနေအထားတွေ ဖြစ်လာပြီ။ တပ်ထဲမှာကို မနေရဲကြတော့ဘူး။ သူတို့ကိုယ်တိုင်လည်း မနေခိုင်းတော့ဘဲ ရွှေ့နေရတာတွေလည်း ရှိလာပြီ။ ပြောချင်တာက ဒီနေရာကြီးက ဌာနချုပ်ကြီးလို့သာ ပြောနေပေမယ့် သူတို့ကိုယ်တိုင်က ဌာနချုပ်လို့ မသတ်မှတ်ရဲတော့ဘူး။ ပြေးနိုင်မှ လွတ်မယ်တွေဖြစ်နေပြီ။ နောက်တစ်ခုက ဗန်းမော်ကို အတိုက်မခံရဖိုးအရေးကို တပ်နယ်မှူး စကခ ၂၁ က တပ်မမှူးနဲ့ ရဲက ခရိုင်မှူးနဲ့ တစ်ဆင့်ပေါင်းပြီးတော့ ကုန်သည်တွေနဲ့တစ်ဆင့်၊ ပြည်သူ့စစ်တွေနဲ့တစ်ဆင့် KIA ကိုညှိခိုင်းတယ်။ ငါတို့ကိုလာမတိုက်ပါနဲ့ တောင်းပန်တာ။ ညှိတာမဟုတ်ဘူး။”
ဗန်းမော်နဲ့အလားတူ ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာ အခြေစိုက်ထားတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာလည်း ဂယက်ရိုက်ခတ်မှုတွေ ရှိနေပေမယ့် လက်ရှိထိုးစစ်က ဗန်းမော်ဘက်ကိုပဲ ပိုမိုဦးတည်နေတဲ့အတွက် လတ်တလောမှာ ဗန်းမော်ရဲ့စစ်ရေး အခြေအနေက အထူးတလည် စောင့်ကြည့်ရမယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။
ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းကဒေသက စစ်မျက်နှာပြင်မှာ သာမက စစ်ရေးတင်းမာနေတဲ့ ဖားကန့်၊ ဆွမ်ပရာဘွမ်နဲ့ မချမ်းဘော့မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်တွေ စခန်းသိမ်းခံရသလို တိုက်ခိုက်မခံရဘဲ စခန်းစွန့်ခွာသွားတာတွေလည်း ရှိနေပါတယ်။ စစ်ရေးအရ ရှုပ်ထွေးနေတဲ့ အခြေအနေတွေအပြင် မတ်လ ၂၁ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်ရဲ့နေရာမှာ အလယ်ပိုင်းတိုင်စစ်ဌာနချုပ်ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးကို ပြောင်းလဲခန့်အပ်လိုက်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
အထက်လူကြီး အပြောင်းအလဲကြောင့် မြောက်ပိုင်းတိုင်းရဲ့ စစ်ရေးကို ဘယ်လိုပြောင်းလဲမှုတွေ လုပ်ဆောင်မလဲဆိုတာ မသိနိုင်ပေမယ့် KIA ရဲ့ ထိုးစစ်ကတော့ မရပ်တန့်ဘဲ ဆက်လက်တိုက်ခိုက်သွားမယ်ဆိုတဲ့ အခြေအနေမျိုး မြင်တွေ့နေရပါတယ်။
ဗန်းမော်မြို့ ပတ်ပတ်လည်က မြို့တွေဖြစ်တဲ့ မံစီနဲ့ မိုးမောက်မြို့ကတော့ စစ်ကောင်စီ စစ်ရှုံးနယ်မြေတွေအဖြစ် တဖြည်းဖြည်းပြောင်းလဲလာနေပါပြီ။ စကခ ၂၁ ဌာနချုပ်ရုံးစိုက်တဲ့ ဗန်းမော်မြို့နဲ့ တဖြည်းဖြည်းပိုမို နီးကပ်လာတဲ့ စစ်ပွဲအတွင်းမှာ ရှမ်းမြောက်က လောက်ကိုင် ဒကစ လိုမျိုး လက်နက်ချအလံဖြူထောင်တာကို ရွေးမလား၊ သိန္နီ စကခ ၁၆ လို တော်လှန်ရေးအဖွဲ့တွေ ဝင်တိုက်တဲ့အထိ စောင့်ဆိုင်းပြီး ထွက်ပြေးမလားဆိုတာတော့ သေသေချာချာကြီးကို စောင့်ကြည့်ရမယ့် အနေအထားမျိုးမှာ ရှိပါတယ်။