ကချင် စစ်ရှောင်ကျောင်းမှ ထိုင်း တက္ကသိုလ်ဆီသို့
ဆောင်းပါး။
By YUME.
27 April 2024 – Kachinwaves
“ငယ်ငယ်တုန်းကတော့ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုတဲ့ စကားပုံအတိုင်း နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အိပ်မက်မရှိခဲ့ဘူး။”
မံစီမြို့နယ် ကိုင်ထိပ်ကျေးရွာ၌ မွေးဖွားခဲ့သူ မအမွန်းဖြစ်သည်။ မောင်နှမ ၄ ဦးထဲတွင် အကြီးဆုံးသမီးဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်နှင့် မြန်မာစစ်တပ်ကြား တကျော့ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေရသည့် မိသားစုမှ ဖြစ်သည်။ သူမ အသက် ၁၀ နှစ်အရွယ်ခန့်ထိ နေထိုင်ခဲ့သော မွေးရပ်မြေ ကိုင်ထိပ်ကျေးရွာရှိ မြန်မာအစိုးရကျောင်း၌ ပဥ္စမတန်း တက်ရောက်နေချိန် ၂၀၁၁ ခုနှစ်တွင် တကျော့ပြန်စစ် ပြင်းထန်လာသောကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ဒေသသို့ ခိုလှုံခဲ့ရသည်ဟု ဆိုသည်။
မအမွန်း၏ မွေးရပ်မြေ ကိုင်ထိပ်ကျေးရွာသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ကို ဆက်ထားသည့် လမ်းမပေါ်ရှိ ကျေးရွာဖြစ်သောကြောင့် စီးပွားရေး အချက်အချာကျသည့် ရွာလေးတစ်ရွာ ဖြစ်သည်။ မိဘများသည် မျှစ်ပေါ်ချိန် တောတောင်မှ မျှစ်များကို ချိုးရောင်းခဲ့ပြီး နောက်ပိုင်းတွင် မအမွန်း၏ မိခင်က အိမ်ဆိုင်ဖွင့်ကာ ကုန်ခြောက်၊ ဓါတ်ဆီနှင့် ခေါက်ဆွဲများကို တင်ရောင်းကာ မိသားစုဝမ်းရေးကို ဖြေရှင်းခဲ့ရသည်ဟု ပြောပြသည်။
“ကျွန်မတို့ ကျေးရွာမှာနေတုန်းက အမှတ်ရတာဆိုရင် မန်ဝင်းနဲ့ ဗန်းမော်လမ်းမှာ ကျွန်းသစ်တွေအများကြီး သယ်ယူပို့ဆောင်ကြတယ်။ ဆိုင်ကယ်ကယ်ရီနဲ့ ကျွန်းသစ်ကို သယ်ယူကြတယ်။ ကျွန်မတို့ရွာမှာက မျှစ်တွေချိုးပြီး အခြောက်ခံပြီး ရှမ်းပြည်နယ်ဘက်ကို ကုန်ကြမ်းရောင်းပေးတာတွေ ရှိတယ်။ သစ်ဂျပိုးခေါက်တွေကို သစ်ပင်ကနေခွာယူပြီး ဒေသခံတွေက ရှမ်းအမျိုးသမီးတွေကို ရောင်းချကြတာတွေ ရှိတယ်။ အခြေခံစီးပွားရေး အနေနဲ့ဆိုရင် လမ်းမကြီးပေါ်မှာရှိတဲ့ရွာမို့လို့ အဆင်ပြေကောင်းမွန်တယ်လို့ ပြောလို့ရတယ်။”
မအမွန်း၏ မွေးရပ်မြေ ကိုင်ထိပ်ကျေးရွာ၌ အထိုင်ချနေသော စစ်ကောင်စီတပ်စခန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သည်။
ရွာမှာကတည်းက အိမ်ဆိုင်ရောင်းခဲ့သူ မအမွန်း၏ မိခင်က စစ်ဘေးရှောင်စခန်းသို့ ရောက်လာသောအခါတွင်လည်း ခိုလှုံနေထိုင်ရန် အိမ်ခန်းကျဉ်းကျဉ်းလေး၏ တစ်ခြမ်းက ဆိုင်ခန်းနေရာ ဖြစ်သွားသည်ဟု ဆိုသည်။
“စစ်ရှောင်စခန်းမှာနေတဲ့ချိန် အခက်ခဲဆုံးကြုံရတာက အိမ်သာနဲ့ ရေဟုတ်တယ်။ ရေကိုလည်း လုပြီးခပ်ရတယ်။ လူကအရမ်းများတော့ ရေခပ်တဲ့နေရာက မလုံလောက်ဘူး။ တစ်ခါတစ်လေဆိုရင် ညဘက်မိုးချုပ်တဲ့အထိ ခပ်ရတယ်။ တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ။”ဟု သူမက ပြောပြသည်။
မအမွန်း၏ ဖခင်က အခြေခံပညာ နဝမတန်းအထိ သင်ယူခဲ့သူဖြစ်ပြီး မိခင်သည် တတိယတန်းအထိ သင်ယူခဲ့သူ ဖြစ်သည်ဟု ဆိုသည်။ မိခင်သည် အတန်းပညာ နည်းသော်လည်း စီးပွားရှာတော်သူတစ်ဦးဖြစ်ကာ သူမကို အခြေခံပညာ ဒသမတန်းထိ ပြည့်ပြည့်စုံစုံဖြစ်အောင် ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု မအမွန်းက ပြောပြသည်။
မအမွန်း ပဥ္စမတန်း တက်ရောက်နေချိန်တွင် စစ်ဘေးရှောင်ခဲ့ရသောကြောင့် အတန်းပညာကို သေချာစွာ မသင်ယူခဲ့ရဘဲ စစ်ဘေးရှောင်စခန်းသို့ ခိုလှုံရောက်ရှိခဲ့ရပြီး အဌမတန်းအထိ စစ်ရှာင်စခန်းတွင် ဖွင့်လှစ်ထားသော ကျောင်း၌ ပညာကိုသင်ယူခဲ့ကြောင်း သိရသည်။ အဆိုပါကျောင်းတွင် အဌမတန်းအား KIO အစိုးရစစ် စာမေးပွဲကို ဖြေဆိုခဲ့ရာ ဘာသာရပ်ရှစ်ခုထဲမှ (၆) ခုကို ဂုဏ်ထူးရမှတ်ဖြင့် ထူးချွန်အောင်မြင်ခဲ့၍ အဆင့် (၁) ရရှိခဲ့သော ထူးချွန်သည့် ကျောင်းသူ ဖြစ်သည်။
နဝမတန်းနှင့် ဒသမတန်းကို KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် စစ်ရှောင် ကျောင်းသားကျောင်းသူများအတွက် ဖွင့်လှစ်ပေးထားသော ဘော်ဒါဆောင်၌ သွားရောက်နေထိုင်ပြီး တက်ရောက်ခဲ့ကြောင်း ပြောပါသည်။ မအမွန်းသည် ဆယ်တန်းကို အစိုးရစစ်ပြန်လည် ဖြေဆိုခဲ့ရာတွင်လည်း သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များ၌ ဂုဏ်ထူးရမှတ်ဖြင့် အောင်မြင်ကာ အဆင့် (၁) ထပ်မံရရှိခဲ့သည်။
ဒသမတန်းကို KIO ကျောင်းတွင် အဆင့် (၁) ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော်လည်း တက္ကသိုလ်ဆက်လက် တက်ရောက်သင်ယူရန် အကန့်အသတ်များ ရှိနေသေးသည့်အတွက် ဆရာမကြီး၏ အကူအညီဖြင့် မြစ်ကြီးနားမြို့ရှိ ဘော်ဒါဆောင်တစ်ခု၌ နေထိုင်ကာ မြန်မာအစိုးရကျောင်း၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထပ်မံဖြေဆိုခဲ့ရသည်ဟု ဆိုသည်။
“နိုင်ငံရပ်ခြားကို ဆက်ပြီးပညာသင်ယူနိုင်ဖို့ဆိုရင် မြန်မာအစိုးရကျောင်းကပဲ တရားဝင်တယ်။ KIO ကျောင်းက တရားမဝင်သေးဘူး ဆိုပြီးတော့ မြန်မာအစိုးရကျောင်းက ဆယ်တန်းကို ပြန်ဖြေပါ။ ဆရာမ ထောက်ပံ့ပေးတဲ့သူကို ရှာပေးမယ်ဆိုပြီး အဲ့နောက်နှစ်မှာပဲ မြစ်ကြီးနားမှာ ဘော်ဒါဆောင်နေပြီး ဆယ်တန်းပြန်လည် ဖြေဆိုခဲ့တယ်။”ဟု မအမွန်းက ပြောပြသည်။
မအမွန်းသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလည်း ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များတွင် ဂုဏ်ထူးရမှတ်ဖြင့် ထပ်မံထူးချွန်အောင်မြင်ခဲ့သည်။ သင်္ချာဘာသာရပ်ကို ဂုဏ်ထူးရမှတ်ရရန် ၃ မှတ်သာလိုခဲ့သည်ဟု ပြောပြပါသည်။
နိုင်ငံခြားသို့ ကျောင်းဆက်တက်နိုင်မည့် အိမ်မက်ခရီး
မအမွန်းသည် ငယ်စဉ်က နိုင်ငံရပ်ခြားတွင် ပညာသွားရောက်သင်ယူရန် အိပ်မက်မရှိခဲ့သော်လည်း သူမသည် ထူးချွန်ကျောင်းသူဖြစ်သောကြောင့် အခွင့်အလမ်းများရှိကြောင်း သိလာရခဲ့သည်ဟု ဆိုသည်။
“ငယ်ငယ်တုန်းကတော့ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုတဲ့ စကားပုံအတိုင်း နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အိပ်မက်မရှိခဲ့ဘူး။ ပြီးတော့ ဒီလိုအခွင့်အလမ်းမျိုး ရှိတာကိုလည်း ဘယ်သူကမှ မပြောပြခဲ့ဘူး။ ငယ်တုန်းကတော့ ကြီးလာရင် ဆရာမဖြစ်ဖြစ်၊ nurse (သူနာပြု) ဖြစ်ဖြစ် လုပ်မယ်ဆိုပြီး အိပ်မက်ရှိခဲ့တယ်။ ၉ တန်းရောက်တော့ ကျွန်မက စာဘက်ထူးချွန်တော့ ဆရာ၊ ဆရာမတွေက သမီးစာသေချာလေး ကြိုးစားရင် KIO ပညာရေးရုံးက ထောက်ပံ့တာတွေ ရနိုင်တယ်။ အခွင့်အရေးတွေရှိတယ်။ ကြိုးစားဖို့ပဲလိုတယ်လို့ ပြောပြခဲ့တာတွေ ရှိတယ်။“ဟု သူမက ဆိုသည်။
မအမွန်း တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးနောက် Mai Ja Yang Institute of Education (MI ကျောင်းပြီးထားသူများ အဆိုပါ (MIEd) ကျောင်း၌ ရှားပါးနေသောကြောင့် Bioscience ဘာသာရပ်ကို ထိုင်းနိုင်ငံတွင် တက်ရောက်နိုင်ရန် လမ်းညွှန်ပေးကာ သူမကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ထိုအချိန်မှ စတင်ကာ သူမ၏ အိပ်မက်သစ်အတွက် ထိုင်းနိုင်ငံတွင် ပညာဆက်လက်သင်ယူနိုင်ရန် လိုအပ်သည့် အင်္ဂလိပ်စာ ပြင်ဆင်မှုများနှင့် ကွန်ပျူတာသုံးစွဲမှုများကို လေ့လာခဲ့သည်ဟု ဆိုသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းလျှောက်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ စတင်ကာ (Asia-Pacific International University) တက္ကသိုလ်၌ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
“ကျွန်မက မြန်မာကျောင်း ၁၀ တန်းအောင်လက်မှတ်နဲ့ပဲ ဒီကျောင်းလျှောက်ခဲ့တော့ entrance (ဝင်ခွင့်) ဖြေရမယ်ဆိုပြီး ဖြေခိုင်းခဲ့ပြီးတော့ entrance အောင်ပြီး University course ကို တက်ရောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့တုန်းက First semester ကို မြန်မာနိုင်ငံကနေပဲ Online နဲ့ပဲ တက်ခဲ့ရတယ်။”ဟု သူမက ပြောပြသည်။
Online ဖြင့် တက်ရောက်ခဲ့ချိန်တွင် လက်တွေ့ဓာတ်ခွဲခန်း ဝင်ရသည့်အရာများနှင့် Field trip (ကွင်းဆင်း) သွားရသည့် သင်ခန်းစာများကို သင်ယူခွင့်မရရှိခဲ့ပဲ ၂၀၂၂ ခုနှစ် ဇွန်လကျမှ ကျောင်းစာသင်ခန်းသို့ လူကိုယ်တိုင် တက်ရောက်သင်ယူနိုင်ခဲ့သည်ဟု ဆိုသည်။
ရေခြားမြေခြားတွင် ကျောင်းတက်စဉ် ကြုံတွေ့ရသော အရာများ
“စစချင်းရောက်တုန်းကဆို နိုင်ငံရပ်ခြားက သူငယ်ချင်းတွေနဲ့လည်း စကားမပြောရဲဘူး။ သူတို့ စကားပြောလာမှာကို ကြောက်ပြီးတော့ စိတ်ထဲကနေ စကားလာမပြောပါစေနဲ့ မပြောပါစေနဲ့ဆိုပြီး ကျိတ်ပြီး အတွေးထဲက ငြင်းနေခဲ့ရတာ။”ဟု နိုင်ငံခြားက တက္ကသိုလ်စာသင်ခန်းတွင် ကြုံခဲ့ရသော အမှတ်ရစရာ အဖြစ်အပျက်များကို ပြုံးရွှင်လျှက်ပြန်ပြောင်း ပြောပြသည်။
မအမွန်း ပထမဦးစွာကြုံတွေ့ရသည့် ဒုက္ခမှာ ဘာသာစကားမတူသည့် ဒုက္ခဖြစ်သည်။ သူမလည်း ထိုင်းစကားမတတ်သလို ထိုင်းနိုင်ငံတွင် အင်္ဂလိပ် ဘာသာစကားဖြင့် နေရာတိုင်းတွင် ဆက်သွယ်ပြောဆိုမှု ပြုလုပ်ရန် ခက်ခဲခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စာသင်ခန်းထဲ ဆရာ၏ လေယူလေသိမ်း အသံအနေအထားကိုလည်း အစပိုင်းတွင် နားမလည်ခဲ့၍ တစ်လခန့် ဒုက္ခရောက်ခဲ့သည်ဟု ဆိုသည်။ ပထမနှစ်တွင် စာသင်ခန်း၌ ပို့ချချိန် နားမလည်သော သင်ခန်းစာများကို You Tube ပေါ် ပြန်လည်ရှာဖွေပြီး နားလည်အောင် ကြည့်ယူခဲ့ရသည်ဟု ဆိုသည်။ မအမွန်းသည် လက်ရှိ သူမ တက်ရောက်နေသည့် ကျောင်းတွင်လည်း ထူးချွန်ကျောင်းသူစာရင်းထဲ ပါဝင်နေဆဲဖြစ်ကြောင်း သိရသည်။
“ဒီကျောင်းမှာက semester တစ်ခုချင်းစီမှာ GPA (Grade Point Average) 3.5 အထက် ရတဲ့သူတွေကိုဆိုရင် outstanding award ဆိုပြီးတော့ ပေးတယ်။ အခုထက်ထိဆိုရင် semester (၄) ခုပြီးပြီ၊ အဲ့ဒီ semester တိုင်းကိုတော့ outstanding award ရခဲ့တယ်။ အခုလာမဲ့ semester မှာတော့ ဘယ်လိုလာမလဲ မပြောတတ်သေးဘူး။”ဟု အမွန်းက ဆိုသည်။
သူမသည် လက်ရှိ တက်ရောက်နေသည့် တက္ကသိုလ်ဘွဲ့တစ်ခုရပြီးလျှင် မွေးရပ်ဌာနေသို့ ပြန်ကာ လူထုအကျိုးပြုလုပ်ငန်းများကို သုံးနှစ်ခန့် လုပ်ကိုင်ပြီး၊ Biological Laboratory (ဇီဝဓာတ်ခွဲခန်း) ဘာသာရပ်ဖြင့် ဘွဲ့လွန် (Master) ကို ဆက်လက်တက်ရောက်လိုကြောင်း အနာဂတ်ပညာရေး မျှော်မှန်းချက်ကိုလည်း ပြောပြပါသည်။
ထို့အပြင် စစ်ရှောင်ကျောင်းသူဘဝမှ ပညာရေးမှာ ထူးချွန်ခဲ့သော မအမွန်းက လူငယ်များ လက်မလျှော့လိုက်ကြရန် ယခုလို တိုက်တွန်းပြောဆိုသည်။
“ဒီတိုင်း ကျောင်းတက်ချင်တယ်ဆိုပြီး နေနေတာမျိုး မဟုတ်ပဲ၊ ကိုယ်သွားချင်တဲ့ နိုင်ငံနဲ့ ကိုယ်တက်ချင်တဲ့ ကျောင်းကို သေချာလေး သိရမယ်။ ကိုယ် scholarship (ပညာတော်သင်ဆု) ရချင်တယ်ဆိုရင် အခွင့်အရေးတွေကိုလည်း ကိုယ်ကိုယ်တိုင် ရှာတတ်ဖို့ လိုတယ်။ ကျောင်းတက်ချင်တယ်ဆိုတာနဲ့ပဲ မပြီးသွားဘူး။ ကိုယ်ပြင်ဆင်ထားသင့်တဲ့ အရာတွေကို သေချာလေး ပြင်ဆင်ထားရမယ်။ IELTS ဒါမှမဟုတ် GED ဖြေထားတာမျိုး ပြုလုပ်ထားသင့်တယ်။ အခွင့်အရေးတွေကို ကိုယ်ကိုယ်တိုင် ရှာဖွေတတ်ရမယ်လို့ ပြောချင်တယ်။ ကိုယ်စိတ်ဓာတ် မကျသွားဖို့က အရေးကြီးတယ်။ စိတ်ဓာတ်မကျဘဲ ဆက်ကြိုးစားနေဖို့ပဲ လိုတယ်။”
===
အမည်ရင်းအစား “အမွန်း” ကို အမည်လွှဲအဖြစ်ဆောင်းပါး၌ အသုံးပြုထားပါသည်။