ဗန်းမောက် တောင်ပိုင်းက စစ်ရှောင်များ အမေ့လျော့ခံ ဖြစ်နေလား
ဆောင်းပါး။
By ရောင်နီ
27 April 2024 – Kachinwaves
နွေရဲ့အပူရှိန်ကို အန်တုဖို့ သနပ်ခါးထူထူလိမ်း ပုဆိုးအကွက်ကို ခေါင်းပေါင်းထားပြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းက စစ်ရှောင်ပြည်သူတွေဟာ နဖူးကချွေး ခြေမကျတဲ့အထိ ကျောက်ကောက်တဲ့ နေ့စားအလုပ်နဲ့ ရွှေချက်တဲ့ အလုပ်ကို လုပ်ကိုင်ရင်း တစ်နေ့သာအတွက် ဝမ်းစာကို ဖြေရှင်းလို့နေပါတယ်။
၎င်းစစ်ဘေးရှောင်တွေဟာ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်ကနေ စစ်ဘေးရှောင်လာတာ ဖြစ်ကြပါတယ်။ သူတို့ဟာ ဗန်းမောက်မြို့နယ်နဲ့ ဝန်းသိုမြို့နယ်အစပ်မှာရှိတဲ့ ဆည်ကြီးကျေးရွာအနီးက ချောင်းကမ်းဘေးလေးတစ်ခုမှာ မိုးကာတဲလေးတွေ ဆောက်ပြီး နေနေကြပါတယ်။
အဲ့ဒီဒေသဟာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့အတွက် အဆိုပါ စစ်ရှောင်တွေရဲ့အကြောင်းကို လူမသိသူမသိ ဖြစ်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
သူတို့တွေဟာ လွန်ခဲ့တဲ့ ၆ လလောက်က မြို့သိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်းတော့မယ့် သတင်းတွေကြောင့် စစ်ကောင်စီစစ်ကြောင်းတွေ ထိုးလာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ကိုယ့်ဒေသမှာ မနေရဲတော့ဘဲ နေရပ်စွန့်ခွာလာကြတဲ့ ပြည်သူတွေ ဖြစ်ကြပါတယ်။
အဆင်ပြေရာနိုးနိုးနဲ့ ရွှေပြောင်းလာကြရင်း ဒီဗန်းမောက်တောင်ဘက်ခြမ်းနဲ့ ဝန်းသိုအစပ် ဆည်းကြီးရွာအနီးက ချောင်းကမ်းဘေးကို ရောက်လာတဲ့ စစ်ဘေးရှောင်တွေဟာ ထိုက်သင့်တဲ့ အကူအညီပေးမှုတွေ မရရှိဘဲ ဒုက္ခအတော် ရောက်နေကြတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေက ပြောကြပါတယ်။
အဲ့ဒီ စစ်ရှောင်တွေထဲမှာ အသက် ၃၅ နှစ်အရွယ် သားနှစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ မဇင်မာ (အမည်လွှဲ) တို့ သားအမိတွေလည်း ပါဝင်ပါတယ်။
မဇင်မာတို့ သားအမိတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်နဲ့ မြို့သိမ်းမယ်ဆိုတဲ့ သတင်းတွေကြောင့် ဝန်းသိုမြို့ပေါ်မှ ဗန်းမောက်နယ်သို့ စစ်ဘေးရှောက်လာရခြင်းဖြစ်တယ်လို့ မဇင်မာက ပြောပါတယ်။
“အိမ်မှာကျတော့လေနော် ဘယ်နေ့ဆိုဖြစ်မှာတဲ့၊ နောက်ရက်ဆို ဖြစ်တော့မှာတဲ့ ပြောနေကြတာလေနော်။ အဲ့တာနဲ့ ကြောက်လို့ပေါ့လေ ဘယ်တော့ ဖြစ်မယ်မှန်းလည်း မသိ၊ ညဆိုလည်း လက်နက်ကြီးတွေက ဘယ်ကပစ်လို့ ပစ်မှန်းလည်းမသိ တအုံးအုံးနဲ့ဆိုတော့ အမတို့လည်း ရှောင်ခဲ့ကြတော့တာ”လို့ မဇင်မာက ဆိုပါတယ်။
ပထမတော့ မဇင်မာတို့ သားအမိတွေဟာ ဝန်းသိုမြို့အနီးတစ်ဝိုက်မှာ စစ်ရှောင်နေရာကနေ အဆင်မပြေလာတဲ့အတွက် ဗန်းမောက်တောင်ပိုင်းကို ရောက်ရှိလာခဲ့ရခြင်းဖြစ်တယ်လို့ မဇင်မာက ၎င်းတို့ရဲ့ စစ်ရှောင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြပါတယ်။
“အမတို့ အဲ့အနီးနား တစ်ဝိုက်လေးတွေ နေသေးတာ ဒါပေမဲ့လည်း အဆင်မပြေပါဘူး။ စစ်ကြောင်းတွေက ခဏခဏ ထိုးပြန်နဲ့ဆိုတော့ တစ်နေရာရွှေကြပြန်ရော အဲ့လို ရွှေရင်းရွှေရင်းနဲ့ ဒီကိုရောက်ခဲ့တော့တာပါ့။”လို့ ဆိုပါတယ်။
ဗန်းမောက်မြို့နယ် တောင်ပိုင်းမှာ စစ်ဘေးရှောင်နေရင်း ဝမ်းရေးဖြေရှင်းရတာနဲ့ ပတ်သက်ပြီး မဇင်မာက အခုလို ဆက်ပြောပါတယ်။
“ကျွန်မတို့ စစ်ရှောင်လာတော့ ရင်းနှီးစရာ (ကျောက်စာမှုန့်ပုံ) ၁ တန်စာလေး ပိုက်ဆံပါလာတယ်။ ပိုက်ဆံလေး ပါလာတယ်ဆိုတာ၊ ပါလာတဲ့ လက်စွပ်လေး ရောင်းလိုက်လို့ ပြီးတော့ အဲ့ပိုက်ဆံလေးနဲ့ အဖွဲ့အစည်းကရောင်းတဲ့ ကျောက်စာမှုန့်ပုံလေးကို ရွှေချက်တယ်။ ကိုယ်က လုပ်ဖူးလုပ်စတော့ မရှိဘူး။ သူများလုပ်လို့ လိုက်လုပ်ကြည့်တာ သိပ်ပြီးတော့လည်း အဆင်မပြေပါဘူး။ အဲ့တာနဲ့ နေ့စားလေးလည်း လုပ်ဖြစ်ရင်း ထမင်းစားဖို့ကို လုပ်နေရတယ်။”လို့ ဆိုပါတယ်။
မဇင်မာတို့ သားအမိတွေလို ကောလင်းမြို့ပေါ်က စစ်ရှောင်လာကြတဲ့ ဒေါ်ခင် (အမည်လွှဲ) တို့ မိသားစုလည်း ပါဝင်ပါတယ်။
အသက် ၆၀ နှစ်ကျော်အရွယ် ဒေါ်ခင်ဟာ သားနဲ့သမီးနှစ်ယောက်ရှိပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က ကောလင်းမြို့ကို စစ်ကောင်စီတပ်မှ ပြန်လည်သိမ်းပိုက်ရန် စစ်ကြောင်းထိုးလာတဲ့အတွက် မြို့ကနေ စစ်ဘေးရှောင်လာတာဟာ ၃ လနီးပါးရှိနေပြီဖြစ်ပြီး ရှောင်ရင်းတိမ်းရင်းနဲ့ ဒီဘက်ကို ရောက်လာတာလို့ ပြောပါတယ်။
“စစ်သားတွေက မြို့ကိုပြန်သိမ်းဖို့ စစ်ကြောင်းထိုးလာတော့ အကုန်လုံး တစ်မြို့လုံးပဲလေ သူများက ထွက်ထွက်ဆိုတော့ ထွက်လာလိုက်တာ၊ ဘာမှကို ယူချိန်မရှိလိုက်ဘူး။ အဝတ်စားဘာညာ ဘာမှမပါဘူး။ ခြုံစရာစောင်တစ်ထည် မပါခဲ့ဘူး။”လို့ ပြောပါတယ်။
ဒေါ်ခင်တို့ မိသားစုဟာ ပထမတော့ ကောလင်းမြို့အနီးတစ်ဝိုက်မှာ စစ်ရှောင်နေခဲ့ပေမဲ့ ကြာတော့ ကြပ်တည်းလာပြီး လုပ်ငန်းလုပ်ကိုင်ရန် အဆင်ပြေရာနိုးနိုးနဲ့ ဗန်းမောက်တောင်ပိုင်းဘက်ကို ရွှေ့ပြောင်းလာခဲ့တယ်လို့ ပြောပါတယ်။
ဒေါ်ခင်တို့ သားအမိတတွေဟာ ကောလင်းမြို့ပေါ်မှာ အရင်အချိန်က ပရိဘောဂ အလုပ်ကိုလုပ်ကိုင်ခဲ့ပေမဲ့ အခုတော့ ဘိုးဘွားပိုင် အိမ်ယာတွေကိုစွန့်က ယာယီမိုးကာတဲလေးနဲ့ပဲ နေထိုင်နေရတယ်လို့လည်း ပြောပါတယ်။
ဗန်းမောက်မြို့နယ် တောင်ပိုင်းနဲ့ ဝန်းသိုမြို့နယ်အစပ် ဆည်ကြီးရွာအနီးက ချောင်းကမ်းဘေးမှာ နေထိုင်ကြရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကြောင့် ရှောင်တိမ်းလာရပေမဲ့ ကူညီထောက်ပံ့ပေးမယ့်သူ မရှိတဲ့အပြင် လာရောက်ကြည့်ရှုပေးသူတွေလည်း မရှိဘူးလို့ ပြောပါတယ်။
“NUG အစိုးရအဖွဲ့ရဲ့ စစ်ရှောင်စာရင်းမှာ ကျွန်တော်တို့ မပါသေးဘူး ထင်တယ်။ စစ်ရှောင်စာရင်း လာကောက်တဲ့သူလည်း မရှိဘူး။ အဆင်ပြေလားဆိုပြီး လာရောက်ကြည့်ရှု ပေးတာမရှိဘူး။”လို့ ပြောပါတယ်။
၎င်းနေရာရှိ စစ်ရှောင်ပြည်သူအများစုဟာ NUG အစိုးရရဲ့ ကျောက်ရွှေလုပ်ကွက်ကနေ ရောင်းချပေးတဲ့ ၆ သိန်း ၂ သောင်းတန် မြေစာပုံကို ဝယ်ယူပြီး ရွှေချက်သလို ကျောက်ကောက်တဲ့ နေ့စားအလုပ်ကိုလုပ်ပြီး ဝမ်းရေးကို ဖြေရှင်းနေရတယ်လို့ ဝန်းသိုမြို့နယ်ကနေ စစ်ဘေးရှောင်လာတဲ့ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့က အရင်းနှီးလေး နည်းနည်းပါလာတော့၊ NUG ကရောင်းတဲ့ ကျောက်စာပုံကို ဝယ်ပြီးရွှေချက်တယ်။ ရွှေချက်တယ်ဆိုတာ ကံတရားပဲလေ ရချင်လည်းရမယ်၊ မရချင်လည်း မရဘူး။ ကျွန်တော်တို့မှာ ထမင်းစားဖို့စာ အနည်းငယ်လေးပဲရတယ်။ ကျောက်စာပုံဈေးကို နည်းနည်းလေးတော့ ဈေးလျှော့စေချင်တာပေါ့။”လို့ အဆိုပါအမျိုးသားက ဆိုပါတယ်။
တစ်ချို့စစ်ရှောင်တွေကလည်း ကျောက်စာမှုန့်ဝယ်စရာ အရင်းအနှီးမရှိတဲ့အတွက် တစ်ရက် ၅၀၀၀ ရတဲ့ ကျောက်ကောက်တဲ့ နေ့စားအလုပ်ကို လုပ်ကိုင်ပြီး ဝမ်းရေးဖြေရှင်းနေရတယ်လို့ ၎င်းအမျိုးသားက ဆက်ပြောပါတယ်။
၎င်းစစ်ရှောင်တွေ ရှိတဲ့နေရာဟာ ဝေးလံတဲ့နေရာဖြစ်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိသလို ဆေးဝယ်ဖို့အတွက်လည်း ခက်ခဲနေတယ်လို့လည်း ပြောပါတယ်။
“သောက်နေရတဲ့ သောက်သုံးရေလည်း မသန့်သလို နွေရာသီဆိုတော့ ကလေးတွေ ဝမ်းပျက်ဝမ်းလျှောနဲ့ ယားနာဖူးတွေ ပေါက်ကြတယ်။ ဆေးခန်းအဝေးကြီး သွားမပြနိုင်လို့ သူများသွားတဲ့သူရှိရင် ဆေးလေးလမ်းကြုံပါးရတယ်။”လို့ အထက်မှာပြောတဲ့ အမျိုးသားက ဆက်ပြောပါတယ်။
ဆည်ကြီးရွာက စစ်ရှောင်တွေဟာ လာမဲ့မိုးတွင်းအတွက်လည်း ဘာလုပ်စားပြီး ဘယ်ကိုထပ်ပြီး ပြောင်းရွေ့ရမလဲဆိုတာ စိုးရိမ်လို့ နေပါတယ်။
“ဒီချောင်းက ရေတအားကြီးတယ် စစ်ရှောင်တဲတွေ နားထိရောက်တယ်။ ပြီးတော့ ကျွန်မတို့က ဒီချောင်းရေကိုပဲ သောက်နေရတာ မိုးတွင်းရေကြီးပြီဆို ချောင်းရေက နှောက်တယ်။ ပြီးတော့ ဘာအလုပ်မှလည်း ဖြစ်မှာမဟုတ်ဘူး။ ဘာနဲ့စားကြရမလဲ မသိဘူး။”လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။
ဗန်းမောက်တောင်ပိုင်းက စစ်ရှောင်ပြည်သူတွေ ထောက်ပံ့မှုမရရှိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) တာဝန်ခံ ဦးစိုးထွဋ် ကို ဆက်သွယ်မေးမြန်းကြည့်ရာ အဲ့ဒီဘက်မှာ စစ်ရှောင်တွေရှိတာ မသိရှိကြောင်းနဲ့ စစ်ရှောင်တွေရှိတာသိရင် ကူညီမှာဖြစ်ကြောင်း ပြောပါတယ်။
“အဲ့ဒီနေရာက လူကြီးတွေက စစ်ရှောင်တွေရှိတာကို အကြောင်းမကြားလာဘူး။ အကြောင်းမကြားလာတော့ ကျွန်တော်တို့လည်း မလှူရဘူးပေါ့နော်။ တကယ်လို့ သူတို့ကိုယ်သူတို့ စစ်ရှောင်တွေလို့ သတ်မှတ်ရင် လာအကြောင်းကြားလာပါ၊ ကျွန်တော်တို့ လှူပေးမှာပါ တခြားစစ်ရှောင်တွေကိုလည်း လူသားစာနာအဖွဲ့က မိသားစုတစ်စုလျှင် တစ်ရက်ကို ဆန်၊ နို့ဆီဗူး ၃ ဗူးလှူပေးနေတာရှိတယ်။ အသေးစိပ်ကတော့ လူသားစာနာကိုမေးမှသိမှာ”လို့ ဦးစိုးထွဋ် က ပြောပါတယ်။
ဗန်းမောက်မြို့နယ် လူသားချင်စာနာထောက်ထားမှု တာဝန်ခံကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါ။
ဗန်းမောက်မြို့နယ် တောင်ပိုင်းတစ်ခုလုံးတွင် အနယ်နယ်အရပ်ရပ်ကနေ စစ်ဘေးရှောင်လာတဲ့ စစ်ရှောင်ဦးရေ ၈၀၀ ကျော် ရှိနေပေမဲ့လည်း အခုအချိန်ထိ ထောက်ပံ့ကြေးမရရှိသလို လူသားချင်းစာနာထောက်ထားမှုများ မရရှိသေးဘူးလို့ စစ်ရှောင်လာသူတွေက ပြောဆိုကြပါတယ်။