လူသိနည်းခဲ့သော ကူးဆိပ်စံပြကျေးရွာမှ SNA နှင့် စစ်ကောင်စီတပ်တို့၏ သတ်ဖြတ်မှုများ
By ရောင်နီ။
27 March 2024 – Kachinwaves
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် အနောက်ဘက် ကူးဆိပ်စံပြကျေးရွာတွင် လွန်ခဲ့သော ၁ နှစ်၊ ၂၀၂၃ ခုနှစ် မတ်၌ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ PDF မိသားစုဝင်များနှင့် ထောက်ပံ့သူပြည်သူ ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များက ပြောဆိုကြပါသည်။
၎င်းဒေသသည် စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားသော ဒေသဖြစ်သည့်အတွက် လွန်ခဲ့သော ၁ နှစ်ခန့်တွင် ဖြစ်ပျက်ခဲ့သော်လည်း ယင်းအဖြစ်အပျက်ကြီးကို သတင်းသိရှိ ပြန့်နှံ့မှုမရှိသေးဘဲ လူသိနည်းနေခဲ့ပါသည်။
ထိုအချိန်က ကူးဆိပ်ရွာမှ ပြည်သူများသည် SNA နှင့် စစ်ကောင်စီတပ်တို့၏ လိုက်လံသတ်ဖြတ်မှုကြောင့် ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာအကုန်စွန့်လွတ်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။ SNA နှင့် စစ်ကောင်စီတပ်တို့က ထွက်ပြေးသွားသည့် ပြည်သူများ၏ ပစ္စည်းဥစ္စာများကို သိမ်းဆည်းကာ နေအိမ်များကိုလည်း ရိုက်ဖြိုဖျက်ဆီးခဲ့ကြကြောင်း ဒေသခံတော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပြသည်။
ကျေးရွာပြည်သူတို့ ပိုင်ဆိုင်သော ဆီပေပါများ၊ ရွှေတူးစက်မျှောများနှင့် ဘက်ဟိုးများကို သိမ်းယူခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ကူးဆိပ်ဈေးတန်းကြီးကို မီးရှို့ဖျက်ဆီးကာ ယင်းဈေးတန်းနေရာ၌ ရွှေတူးခဲ့ကြကြောင်းလည်း ဒေသခံတော်လှန်ရေး ရဲဘော်က ပြောပါသည်။
၎င်းအဖြစ်ပျက်ကြီးသည် ဒေသတွင်းမှာ သတင်းပျံ့နှံ့ခဲ့ပြီး ပြည်သူများကြား ဂယက်ရိုက်ခတ်မှုရှိခဲ့သည်ဟု ၎င်းရဲဘော်က ပြောပြသည်။
မညိုမြ (အမည်လွှဲ) တို့ မိသားစုကလည်း ပိုင်ဆိုင်သမျှစွန့်ကာ ထွက်ပြေးခဲ့ရသည့် ကူးဆိပ်စံပြကျေးရွာမှ မိသားစုတစ်စု ဖြစ်ပါသည်။
မညိုမြ၏ အမျိုးသားဖြစ်သူသည် PDF ထောက်ပံ့သူတစ်ဦးဖြစ်ပြီး SNA နှင့် စစ်ကောင်စီတပ်တို့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသလို မညိုမြတို့မိသားစုသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်ပြေးခဲ့ရသည်ဟု ယခုလို ပြောပါသည်။
“အမက အဲ့တုန်းက ရှမ်းနီ (SNA) တပ်တွေလည်း ဝင်လာပြီ ကူးဆိပ်ဈေးကြီးကိုလည်း မီးရှို့ပြီးပြီဆိုတော့ အမတို့ကားလေးနဲ့ပဲ ခါးဝတ်ခါးစားနဲ့ ထွက်ပြေးခဲ့ရတာ အမအိမ်ပစ္စည်းတွေလည်း ရှမ်းနီတွေ အကုန်သိမ်းသွားတာ ဖောကားကြီးနဲ့ သယ်သွားတာ ရွှေမျှောတွေရော မြေကြီးထဲမှာ မြုပ်ထားတဲ့ ဆီအလုံး (ပေပါပုံး) ၃၀ ပါ အကုန်မသွားတာ။”ဟု ဆိုသည်။
ပစ္စည်းများကို ထားရစ်ခဲ့ပြီး ထွက်ပြေးလာခဲ့ရပုံကို ယခုလို ဆက်ပြောပြပါသည်။
“ပထမတော့ အမလည်း အခါတိုင်းလိုပဲ ဖြစ်တယ်ထင်လို့ လက်နက်ကြီး ကျည်ဆံမကျဘူးဆိုရင် မပြေးဘဲ မျှောထဲပဲနေလိုက်မယ်ဆိုပြီး နေလိုက်တာ တခြားသူတွေကတော့ ကိုယ့်ပစ္စည်းသူ့ပစ္စည်း ယူသယ်ကုန်တယ်လေ၊ အမက ရွှေမျှောရှိတဲ့ တောထဲမှာပဲ ပစ္စည်းတွေချန်ပြီး ထွက်ပြေးလာရတာ”ဟု ဆိုသည်။
မညိုမြ၏ မျှောပစ္စည်းများသည် တောထဲတွင်ရှိနေသည့်အတွက် SNA နှင့် စစ်ကောင်စီတပ်တို့ မတွေ့ဘဲကျန်ရှိနေရာ ပစ္စည်းများကို ကြည့်ခိုင်းထားသည့် လူယုံတစ်ယောက်က SNA ကို လိုက်လံပြသခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သုံးဘီးဆိုင်ကယ်၊ တုန်ဖုံးကားများနှင့် သယ်ယူသွားကြောင်း ဆက်ပြောပါသည်။
“အမဆိုရင် ကလေးတွေနဲ့ဘာမှ မလုပ်စားတတ်ဘူး။ ဒီမျှောလေးတော့ ကျန်သေးတယ်ဆိုပြီး နေနေတာ အခုတော့ အဲ့လိုသိမ်းသွားပြီဆိုတော့ ကြားကြားချင်း မေ့တောင်လှဲတယ်။ အမတို့ကြားတာတော့ အရင်က PDF တွေကို အားပေးခဲ့တဲ့ ဒေသခံတွေလည်း SNA ရောက်လာတော့ SNA ဘက် ပါသွားပြန်တယ်။ အမရဲ့အသိလည်း သူတို့ကိုကြောက်လို့ သူတို့ဘက်ပါသွားတယ် ထင်တာပဲ။”ဟု မညိုမြက တောထဲဝှက်ထားသည့် ပစ္စည်းများ SNA တို့ သယ်ယူသွားသည့် ကိစ္စနှင့် ပတ်သက်၍ ရှင်းပြသည်။
SNA နှင့် စစ်ကောင်စီတပ်သည် ရွာထဲသို့ ပြန်ဝင်လာသည့် ပြည်သူများကိုလည်း ဖမ်းဆီးကာ PDF မိသားစုဝင်များနှင့် PDF ထောက်ပံ့သူများဟုဆိုကာ အစုလိုက် သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးများကို မုဒိန်းပြုကျင့်ခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပြသည်။
“ကူးဆိပ်ဈေးမီးရှို့ခံရပြီးနောက် အဲ့ဈေးထဲပြန်ဝင်ပြီး တစ်ချို့က ကိုယ့်ပစ္စည်းသူ့ပစ္စည်း ဘာတွေကျန်သေးလည်းပေါ့။ သွားကြည့်ကြတဲ့အခါ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်။”ဟု ဆိုသည်။
အောက်ပြည်အောက်ရွာဘက်မှ အခြေကျလုပ်ကိုင်လာသူများ ပေါသည့် ကူးဆိပ်ရွာနှင့်နီးသည့် ရွှေတော်နှင့် မင်းကုန်းရွာဘက်လည်း SNA က ပြည်သူများကို သတ်ဖြတ်ခဲ့သေးသည်ဟု ဒေသခံအမျိုးသမီးက ဆက်ပြောပြသည်။
“မင်းကုန်းဈေးတန်းက ပြည်သူတွေက အောက်ဗမာတွေများတော့ ဗမာဆိုရင် အကုန်သတ်ဆိုပြီး ဖမ်းတာ ၁၀၀ လောက်တော့ရှိမယ်။ ပြီးတော့ သူတို့တောထဲကို တုန်ဖုန်းကားတွေနဲ့ အကုန်ဖမ်းခေါ်သွားတာ အခုထိ ဘယ်ခေါ်သွားတယ် အကြောင်းမသိရဘူး။”ဟု ဆိုသည်။
မင်းကုန်းဈေးတန်းရှိ PDF များ အဝင်အထွက်များသည့် ဖုန်းဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးကိုလည်း လူပုံလယ်တွင် ရိုက်သတ်ခဲ့ပြီး ရွှေဖြူဝယ်သည့် သားအဖနှစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး သားအဖနှစ်ဦးကိုလည်း သတ်သွားသည်ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။
“အဲ့ခါတုန်းကဆိုရင်လေ SNA က PDF မိဘတွေရော အကုန်သတ်တယ်။ PDF ထောက်ပံ့တဲ့သူတွေရော အကုန်သတ်တယ်။ အသတ်ခံရတဲ့ သူတွေလည်းအတော်များတယ်။ အခုချိန်ထိ ရွာထဲမဝင်ရဲကြသေးဘူး။ အဲ့ဘက် တော်တော်များများက ရှမ်းနီလူမျိုးတွေကအစ PDF ကို အားပေးထောက်ခံကြတယ်။”ဟု ဆိုသည်။
မင်းကုန်းရွာနှင့် ကူးဆိပ်ရွာရှိ PDF ထောက်ပံ့သည့် နေအိမ်များကိုလည်း SNA က ချိပ်ပိတ် သိမ်းယူခဲ့သည်ဟု ပြောသည်။
အဆိုပါဖြစ်စဉ်များ မဖြစ်ပွားသေးမီ ၂၀၂၂ ခုနှစ်တွင် ကူးဆိပ်ရွာအပါအဝင် ဗန်းမောက် အနောက်ခြမ်းရှိ ကျေးရွာတော်တော်များများသည် PDF နှင့် KIA ထိန်းချုပ်ထားသည့် ကျေးရွာများဖြစ်ခဲ့ကြောင်းလည်း ပြောပါသည်။
ကူးဆိပ်ဈေးတန်းကြီး ဆိုလျှင်လည်း အိမ်ခြေ ၁၅၀ ကျော်ရှိပြီး စည်ကားလှသည့် ရွှေမှော်ကြီးဖြစ်ပြီး မင်းကုန်းရွာလည်း အလားတူပင် ဈေးဆိုင်တန်းများနှင့် အမြဲစည်ကားခဲ့သည်ဟု ပြောပါသည်။
“အဲ့ဘက်က ရွာတွေက အဲ့လောက်မကြီးကြဘူး။ မှော်ဆိုတော့ ဈေးတန်းကြီးတွေနဲ့ အမြဲစည်ကားနေတာ အခုတော့ မှော်ပျက်ဖြစ်သွားပါပြီ၊ သိပ်မစည်တော့ဘူး။”ဟု ၎င်းဒေသတွင်ရှိနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာတိုက်ပွဲတွင် အထိနာခဲ့သော SNA စစ်ကြောင်းက ၂၀၂၃ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ကချင်ပြည်နယ်မှ စစ်ကိုင်းတိုင်း ဗန်းမောက်နယ်သို့ ဆင်းလာပြီး၊ ဟုမ္မလင်းဘက်မှ စက်လှေဖြင့်တက်လာသည့် စစ်ကောင်စီတပ်၊ SNA ပူးပေါင်းစစ်ကြောင်းနှင့် ပူးပေါင်းကာ အင်အား ၃၀၀ ခန့်ဖြင့် ကူးဆိပ်ရွာဘက်သို့ စစ်ကြောင်းထိုးခဲ့သည်ဟု ကသာခရိုင်တပ်ရင်း (၄) ဗန်းမောက် PDF ရဲဘော်တစ်ဦးက ပြောသည်။ SNA တပ်သည် ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာတွင်လည်း အစုလိုက်ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
စစ်ကိုင်းတိုင်း အင်းတော်ဘက်မှ အင်အား ၄၀၀ ခန့်ရှိသည့် တပ်မ (၇၇) စစ်ကြောင်းလည်း ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့တ္ငင် ဗန်းမောက်ထဲသို့ စစ်ကြောင်းထိုးခဲ့၍ ကြောင်လည်ရွာကြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၎င်းရွာ၌ စစ်ကောင်စီတပ်က စတင်တပ်စွဲနေထိုင်ခဲ့ကြောင်း ဆိုသည်။
အင်အား (၇၀၀) ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်တို့နှင့် ကသာခရိုင်တပ်ရင်း (၄) ဗန်းမောက် PDF၊ မိုင်းတုန်တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ဗန်းမောက် PDF မှ ရဲဘော် ၂၄ ဦးကျဆုံးခဲ့ပြီး သေနတ် ၁၈ လက်လည်း ဆုံးရှံးခဲ့သည်ဟု ဗန်းမောက် PDF ရဲဘော်က ဆက်ပြောသည်။
တိုက်ပွဲတွင် အင်အားမမျှသည့်အပြင် စစ်ကောင်စီတပ်များသည် လေကြောင်းနှင့် လက်နက်ကြီးများသုံးကာ ကျေးရွာများရှိ ပြည်သူများကိုလည်း ကာဗာယူပြီး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“သူတို့က ပြည်သူကြားထဲ အရပ်ဝတ်တွေနဲ့ အရင်လာတာ၊ ပြီးမှရွာထဲကနေ ခံပစ်တာ၊ ကျွန်တော်တို့ အဖွဲ့တွေကလည်း ပြည်သူလူထုကြားဆိုတော့ ဘယ်လိုမှ ပစ်ကွင်းမသာခဲ့ဘူး။”ဟု ဗန်းမောက် PDF ရဲဘော်က ပြောသည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ဗန်းမောက် အနောက်ဘက်မှ တပ်ဆုတ်ခဲ့ရသည်ဟု ပြောပါသည်။
လက်ရှိကာလတွင် SNA တပ်နှင့် စစ်ကောင်စီတပ်တို့က ဗန်းမောက် အနောက်ပိုင်း ကြောင်လည်ရွာမှ ဟုမ္မလင်းနယ်စပ်အထိ နယ်မြေစိုးမိုးထားသေးကြောင်း သိရသည်။
အထက်ပါအတိုင်း စစ်ကိုင်းတိုင်း ဗန်းမောက်အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့် အနောက်ခြမ်းမှ ပြည်သူဦးရေ ၃၀၀၀ (သုံးထောင်) ခန့်သည် ဗန်းမောက် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အင်းတော်မြို့နယ်များတွင် စစ်ရှောင်ခိုလှုံနေရကြောင်း သိရသည်။