ပြည်သူ့စစ် မဟာဗျူဟာနည်းလမ်းဟာ စစ်ကောင်စီတပ်အတွက် ဂယ်ပေါက်တစ်ခု ဖြစ်လာနိုင်သလား
By Yu San.
ဆောင်းပါး – 16 October 2023 – Kachinwaves
စစ်အာဏာသိမ်းတာ ၂ နှစ်ကျော်ကြာလာပြီးနောက် ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ စစ်ကောင်စီတပ်က မြန်မာ နိုင်ငံရဲ့ဒေသ တော်တော်များများမှာ အရပ်သားတွေကို စစ်သင်တန်းတွေပေးပြီး ပြည်သူ့စစ်အဖြစ် ဖွဲ့စည်း စေတဲ့သတင်းကို နိုင်ငံတွင်းသတင်းမီဒီယာတွေမှာ မကြာခဏ မြင်တွေ့လာရပါတယ်။
မိမိနေထိုင်တဲ့ ရပ်ရွာဒေသကို ကာကွယ်ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒေသခံတွေကို စစ်ရေးသင်တန်း ပေးပြီးတော့ အဆိုပါ သင်တန်းဆင်းသူတွေကို စစ်တပ်ကလက်နက်တပ်ဆင်ပေးပြီး၊ စားနပ်ရိက္ခာနဲ့ ငွေအချို့ ထောက်ပံ့ပေးပြီးတော့ ပြည်သူ့စစ်အဖွဲ့အမည်ခံစေပါတယ်။
စစ်ကောင်စီရဲ့ ၁၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့စစ်ဖွဲ့စည်းရခြင်းရဲ့ ရေတိုရည်မှန်းချက်မှာ ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်မှုကို ချေမှုန်းရန်ဖြစ်ပြီး၊ ရေရှည်ရည်မှန်းချက်မှာ နိုင်ငံတော်ကာကွယ် စောင့်ရှောက်ရာတွင် ပြည်သူ့စစ်မဟာဗျူဟာရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ရန်တို့ဖြစ်ကြောင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့စစ်ရဲ့အနက်အဓိပ္ပာယ်ကို မိမိနိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ လူထုအတွက် လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဆိုပြီး ပြောကြားခဲ့ပြီး အခုလိုမငြိမ်မသက်ဖြစ်နေတဲ့ ကာလမျိုးမှာ ဒေသခံတွေက ရပ်ရွာလုံခြုံရေးအတွက် ပြည်သူ့စစ် ဖွဲ့စည်းလိုတယ်ဆိုပြီး တင်ပြလာရင် စိစစ်မှုနဲ့ ဖွဲ့စည်းခွင့်ပြုပြီး လိုအပ်တဲ့ လက်နက်တပ်ဆင်ပေးခြင်းနဲ့ စစ်သင်တန်းတွေ ပေးမယ်လို့ ဆိုခဲ့ ပါတယ်။
ပြည်သူ့စစ်ကို ၁၉၆၀ ခုနှစ်များတွင် အစိုးရရဲ့ သောင်းကျန်းသူဆန့်ကျင်ရေး အမျိုးသားမဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခု စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ ဂျွန် ဗျူခန်နန် (John Buchanan) ရဲ့ “မြန်မာနိုင်ငံမှ ပြည်သူ့စစ်အဖွဲ့များ” အကြောင်းရေးသားထားတဲ့ သုတေသနစာတမ်းမှာ တွေ့ရပါတယ်။
၎င်းစာတမ်းမှာ ပြည်သူ့စစ်ရဲ့ ပင်မသွင်ပြင်လက္ခဏာက မြန်မာစစ်တပ်နှင့် တိုင်ရင်းသား လက်နက်ကိုင် တပ်များရဲ့ လက်အောက်ခံဖြစ်ပြီး အမျိုးအစားလေးမျိုးခွဲထားကြောင်း ဖော်ပြထားပါတယ်။
သုတေသနစာတမ်းမှာ ခွဲပြထားတဲ့ ပြည်သူ့စစ်အမျိုးအစားတွေက ၁။ တိုင်းရင်းသား လက်နက်ကိုင်တပ် လက်အောက်ခံ ပြည်သူ့စစ် ၂။ တပ်မတော်တွင် တိုက်ရိုက်ပေါင်းစည်းထားသောပြည်သူ့စစ် (သို့ ) နယ်ခြား စောင့်တပ် (BGF) ၃။ တပ်မတော်တွင် တိုက်ရိုက်ပေါင်းစည်းမထားသော ပြည်သူ့စစ် ၄။ ရပ်ရွာအခြေပြု ပြည်သူ့စစ် တို့ ဖြစ်ပါတယ်။
ပြည်သူ့စစ်လေးမျိုးအနက် နံပါတ် (၁) အုပ်စုဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ် အောက်က ပြည်သူ့စစ်ကလွဲပြီး ကျန်သုံးမျိုးဟာ တပ်မတော် မြန်မာစစ်တပ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ တည်ရှိတယ်လို့ ဆိုပါတယ်။
နံပါတ် (၂) အုပ်စုဖြစ်တဲ့ တပ်မတော်တွင် တိုက်ရိုက်ပေါင်းစည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့ (သို့) နယ်ခြားစောင့် တပ်ဖွဲ့ (BGF) အဖွဲ့မှာ အရင်ကအစိုးရနဲ့ မိတ်ဖက်ဖြစ်ခဲ့ဖူးတဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ အစိုးရကိုဆန့်ကျင်ခဲ့ဖူးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပါတယ်။ လက်နက်ချ၊ အပစ်ရပ် တိုင်းရင်းသား အဲ့ဒီအဖွဲ့တွေကို တပ်မတော်ရဲ့ အမိန့်ပေးစနစ်အောက်မှာ ထည့်သွင်းစေပါတယ်။ ဒီအဖွဲ့တွေကို နယ်ခြားစောင့်တပ်များ (BGFs) လို့ အမည်ခေါ်တွင် စေပါတယ်။ ဒီတပ်ဖွဲ့ရဲ့ အဓိက ဝိသေသလက္ခဏာက တပ်မတော် (သို့) မြန်မာ စစ်သားတွေကို အဲ့ဒီတပ်ဖွဲ့တွေမှာ ထည့်သွင်းထားတာပဲဖြစ်ပြီး အဲ့ဒီတပ်ဖွဲ့တွေဟာ စစ်တပ်ကပေးတဲ့ လစာနဲ့အထောက်အပံ့တွေ ခံစားခွင့်ရှိပါတယ်။
နံပါတ် (၃) အုပ်စုဖြစ်တဲ့ ပြည်သူ့စစ်အုပ်စုမှာ တိုင်းရင်းသားမျိုးနွယ်စုအမည်ခံ လက်နက်ကိုင်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ခွဲထွက်လာကြတဲ့ အုပ်စုတွေပါဝင်ပါတယ်။ သီးခြားရပ်တည် ဖွဲ့စည်း ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်ပါတယ်။ အဆိုပါ ပြည်သူ့စစ်နံပါတ် (၃) အုပ်စုဟာ မြန်မာစစ် တပ်နဲ့ တိုက်ရိုက်ပေါင်းစည်းမှု မရှိပေမယ့် ၎င်းအဖွဲ့တွေကို နယ်မြေခံစစ်တပ်က ကြီးကြပ်ပါတယ်။ ကွာခြားချက်က အဆိုပါ အမျိုးအစား ပြည်သူ့စစ်အဖွဲ့ဟာ တပ်မတော်က ပေးအပ်တဲ့ လစာ၊ ရိက္ခာ မရရှိပါဘူး။
နံပါတ် (၄) အုပ်စုထဲမှာပါဝင်တဲ့ ရပ်ရွာအခြေပြုပြည်သူ့စစ်ဆိုတာ မိမိနေထိုင်ရာရပ်ရွာကို ကာကွယ် စောင့်ရှောက် ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နယ်မြေခံအရပ်သားတွေကို စစ်တပ်က ဦးဆောင်သင်တန်း ပေးပြီးတဲ့နောက် သင်တန်းဆင်းတွေကို လက်နက်တပ်ဆင်ပေးထားခြင်း ဖြစ်ပါတယ်။
အာဏာသိမ်းကာလနောက်ပိုင်း စစ်တပ်က အဓိကဖွဲ့စည်းလာတဲ့ ပြည်သူ့စစ်ပုံစံအမျိုးအစား ဖြစ်ပါတယ်။
လက်ရှိ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၂၀၁၀ ခုနှစ် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က မြန်မာနိုင်ငံ တဝှမ်းမှာ ပြည်သူ့စစ်အင်အား ၈ သောင်းကျော်ရှိပြီး ၃ သောင်းကျော်ကို လက်နက် တပ်ဆင်ပေးထား ကြောင်း အဆိုပါသုတေသနစာတမ်းတွင် ဖော်ပြထားပါတယ်။
ပြည်သူ့စစ်အဖွဲ့အစည်းများကို ကချင်၊ ရှမ်း၊ ကရင် စသည့် နယ်စပ်များတွင်သာ တွေ့ရှိခဲ့သော်လည်း ယခု စစ်အာဏာသိမ်း ကာလအတွင်းတွင် နိုင်ငံရဲ့အတွင်းဘက်ကျတဲ့ နေရာဒေသများမှာလည်း ရပ်ရွာအခြေပြု ပြည်သူ့စစ်များကို အထူးတလည် ဖွဲ့စည်းလာတာကို တွေ့မြင်နေရပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူ့စစ် ၇၇ ဖွဲ့ကို လက်နက် ၂ ထောင်ကျော် တပ်ဆင်ပေးထားကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က နေပြည်တော် အစည်းအဝေး၌ ပြောကြားထား တာရှိပြီး အဲ့အုပ်စုတွေထဲမှာမှ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက မဘသဆရာတော် ဦးဝါသဝ ဦးဆောင် တဲ့ ပြည်သူ့စစ်အုပ်စုဟာ အင်အားအကြီးမားဆုံးဖြစ်ကြောင်း The Irrawaddy ရဲ့ အောက်တိုဘာ ၆ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။
အဆိုပါသတင်းဆောင်းပါးမှာပဲ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာလည်း စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ဖို့ အတွက် ထပ်မံဖော်ပြထားတာက ရပ်ကွက်အလိုက်အမည်စာရင်းတွေ တောင်းခံနေကြောင်း ပါရှိပါတယ်။ ပဲခူးတိုင်းအတွင်းမှာလည်း စက်တင်ဘာလကစပြီး ရပ်ရွာအခြေပြု ပြည်သူ့စစ်သင်တန်းတွေဖွင့်ပြီး လက်နက် တပ်ဆင်ပေးနေပြီဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်နေ့က RFA မြန်မာပိုင်းသတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။
တော်လှန်ရေးအုပ်စုတွေဘက်က လူအင်အားနဲ့ စစ်လက်နက်အင်အား အားကောင်းလာတဲ့အချိန်မှာ ၁၉၅၀ ကျော်၊ ပါလီမန်ခေတ် ဝန်ကြီးချုပ်ဦးနုလက်ထက် ရောင်စုံသူပုန်သောင်းကျန်းသူ ခေတ်တုန်းက အသုံးပြုခဲ့ တဲ့ ပြည်သူ့စစ်မဟာဗျူဟာကို စစ်ကောင်စီတပ်က ပြန်လည်ထုတ်သုံးလာတာကို မြင်တွေ့ရပါတယ်။
ယခင်ကစစ်တပ်ဟာ အကျိုးအမြတ်အရလောက်သာ နယ်ခြားစောင့်တပ်အမည်ခံ ပြည်သူ့စစ်တွေနဲ့ ဖက်လဲ တကင်းရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ပြည်သူ့စစ်မဟာဗျူဟာက စစ်ကောင်စီအတွက် အရေးကြီးတဲ့ ကဏ္ဍ တစ်ခု ဖြစ်နေကြောင်းကို CDM ဗိုလ်ကြီးထက်မြက်က အခုလိုပြောပြပါတယ်။
“လက်ရှိအခြေအနေအရ အကြမ်းဖက်စစ်တပ်အတွက် သူတို့ဖွဲ့စည်းလာတဲ့ပြည်သူ့စစ်က အရမ်းအကျိုး ပြုတယ် ပြောရမယ်။ ဘာလို့လဲဆိုတော့ နေ့စဉ်နဲ့အမျှ တိုက်ခိုက်ရေးအင်အားတွေ ပြုန်းတီးနေတာဖြစ်လို့ ဒီလိုပြုန်းတီးတဲ့နေရာတွေမှာ အစားထိုး အသုံးပြုလို့ရလာမယ်။ အင်အား မလုံလောက်မှုကြောင့် နေရာ ဒေသအနှံ့က အုပ်ချုပ်မှု မဖြစ်နိုင်တော့တဲ့အခါ ပြည်သူ့စစ်အင်အားတွေကို အသုံးချလာလိမ့်မယ်။
သူတို့လုံခြုံရေး မယူနိုင်တဲ့နေရာတွေမှာပါ အစားထိုး အသုံးပြုတာတွေ လုပ်လာလိမ့်မယ်။ ရဲနဲ့ပြည်သူ့စစ်၊ စစ်တပ်နဲ့ပြည်သူ့စစ် ဒီလိုမျိုးတွေ ခိုင်းစေပြီးလုပ်မယ့် အလုပ်တွေလည်း ရှိလာလိမ့်မယ်”
တိုင်းပြည် ကို အဓမ္မနည်းနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီအတွက် ပြည်သူ့စစ်မဟာဗျူဟာက အရေးကြီးနေ လို့ အတင်းအကြပ် လုပ်ဆောင်နေကြောင်း အခုလိုဆိုပါတယ်။
“ပြည်သူ့စစ်တွေကို အကောင်အထည်ဖော်လာနိုင်တာနဲ့အမျှ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း သတိ ထား ရမယ့်အချက်တွေ၊ အကြောင်းအရာတွေ အများကြီးရှိလာလိမ့်မယ်။ ဒါ့အပြင် ပြည်သူတွေကြုံတွေ့ ရနိုင်တဲ့ ဒုက္ခတွေလည်း ပိုများလာတယ်။ တကယ်တော့ အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူ့စစ်ဆိုတာ ပြည်သူ ကိုစစ်ပွဲထဲ အတင်းထည့်နေတာနဲ့ အတူတူပဲ။ စုဆောင်းတဲ့အခါမှာလည်း နည်းလမ်းမျိုးစုံသုံးပြီး စုဆောင်း နေတယ်။ တစ်ရွာကို ပြည်သူ့စစ် ဘယ်နှစ်ယောက်ပေးရမယ်ဆိုပြီး ခြိမ်းခြောက်ပြီးတော့ အတင်းဝင်ခိုင်းတာ မျိူး၊ မဝင်ချင်ရင် ပိုက်ဆံပေးရတာမျိုးအပြင် အတင်းစုဆောင်းလို့ ရောက်သွားပြီးတော့ ပြန်ထွက်ချင်ရင် တောင်မှ သိန်းဘယ်နှစ်ဆယ်ပေးရမယ်ဆိုပြီး အကြပ်ကိုင်တာမျိုးတွေကအစ ရှိလာတယ်။
ဒီအခြေအနေမျိုးတွေကြောင့်မို့လို့ မဝင်ချင်တဲ့သူတွေက အခြားနေရာတွေကို ထွက်ပြေးတိမ်းရှောင် နေရ တာမျိုးအထိ ဖြစ်လာတယ်။ ဒါကတော့လတ်တလော ပြည်သူတွေ ကြုံနေရတာပေါ့နော်။”
စစ်ကောင်စီကို တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေလည်း ပြည်သူ့စစ်နဲ့ ပတ်သက်ပြီး သတိထားစီမံ ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း အခုလိုပြောပါတယ်။
“နောက်တစ်ချက်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ကြုံရမယ့်ဟာပေါ့။ သူတို့ရဲ့ပြည်သူ့စစ်လုပ်ငန်းတွေ အကောင် အထည်ပေါ်လာတဲ့အခါ တွင်တွင်ကျယ်ကျယ် အသုံးချလာနိုင်တဲ့အခါကျရင် တော်လှန်ရေးတပ်ဖွဲ့ တွေအတွက် အခက်အခဲတွေရှိလာနိုင်တယ်။ နယ်မြေစိုးမိုးရေးအတွက် နယ်မြေတွေကျဉ်းလာနိုင်တယ်။ တပ်ရဲ့အသုံးပြုနိုင်တဲ့အင်အားတွေက တပ်ထဲတင်မကဘဲနဲ့ တပ်ပြင်ပ ပြည်သူတွေကြားထဲမှာပါ ရှိလာမှာ ဖြစ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် လှုပ်ရှားရ ခက်ခဲလာလိမ့်မယ်။ ဥပမာ စစ်ရေးစီမံချက်တွေ ဖော်ဆောင် ဖို့ ဝင်လမ်း၊ ထွက်လမ်းတွေ ကြပ်မယ်။ ပိတ်ဆို့တားဆီးတာတွေ လုပ်လာနိုင်တဲ့အတွက် အချိန် ရရှိမှုတွေ ပိုမိုနည်းလာနိုင်မယ်။ ပူးပေါင်းစစ်ဆေးတာတွေ လုံခြုံရေးအင်အားတွေ ပိုတိုးပြီးလုပ်လာ နိုင်တဲ့ အတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာလည်း အခက်တွေ့လာနိုင်တယ်။ ဒါ့ကြောင့် ဦးဆောင်သူ တွေ အနေနဲ့ ကြိုတင်သိရှိပြီး ပြင်ဆင်ထားနိုင်ဖို့ အရေးကြီးလာပါတယ်။”
တစ်ဖက်မှာလည်း ပြည်သူတွေပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တစ်ဖက်မှာလည်း စစ်ကောင်စီက မွေးထုတ် ထားတဲ့ ပြည်သူတွေပါဝင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ဖြစ်နေတဲ့အတွက်ကြောင့် တော်လှန်ရေးမှာ တာဝန် ရှိသူတွေအနေနဲ့ သေချာစွာ စီမံကွပ်ကဲခြင်း မပြုနိုင်ရင် စစ်တပ်ကစားတဲ့ပွဲမှာ ပြည်သူတွေပဲ မိအေးနှစ်ခါနာရတဲ့အဖြစ်ကို ရောက်ရလိမ့်မယ်လို့ CDM ဗိုလ်ကြီး ထက်မြက်က အသိပေးပြော ဆိုလိုက် ပါတယ်။