လွယ်ဂျယ်ကို လွတ်မြောက်နယ်မြေ ဖြစ်ဖို့ရည်ရွယ်တဲ့ ယောယုံစခန်းသိမ်း တိုက်ပွဲ (သို့) မတူတဲ့ခေတ်နှစ်ခုမှာ မတူတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဆင်နွှဲခဲ့ရတဲ့ သမိုင်းဝင် တိုက်ပွဲတစ်ခု
ဆောင်းပါး။
29 March 2024 – Kachinwaves
ကချင်ပြည်နယ် မိုးမောက်မြို့နယ်က ယောယုံတောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) တို့က ၁၉၈၄-၈၅ ခုနှစ်မှာ ပူးပေါင်းစစ်ဆင်းရေး ဖော်ဆောင်ခဲ့ကြပါတယ်။ ၎င်းစစ်ဆင်ရေးကို “ရွှေရာအောင်” (Shwi Ya Awng) စစ်ဆင်ရေးအမည်နဲ့ ဆင်နွှဲခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယောယုံစခန်းဟာ တရုတ်မြန်မာ နယ်စပ်မြို့လေးဖြစ်တဲ့ လွယ်ဂျယ်နဲ့ ၁၉၄၅ ခုနှစ်မှာ ဖက်ဆစ်ဂျပန်ကို စစ်နိုင်တဲ့ အောင်မြင်ခြင်းအထိမ်းအမှတ် မနောင်ပွဲတော် (Padang Manau) ဆင်နွှဲခဲ့တဲ့ စိန်လုံကျေးရွာကြားက စခန်းကြီး ဖြစ်ပါတယ်။
ယောယုံတောင်ကုန်းစခန်းဟာ KIA အမှတ် (၃) တပ်မဟာ နယ်မြေအတွင်း ကျရောက်ပြီး လွယ်ဂျယ်မြို့ကို မိုးထားတဲ့ ဗျူဟာကျတဲ့ စခန်းကြီးဖြစ်သလို ယောယုံစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ရည်ရွယ်ချက်ကလည်း လွယ်ဂျယ်မြို့ကို လွတ်မြောက်နယ်မြေ ဖြစ်ဖို့ ရည်ရွယ်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး လဗျနော်ဒင့်က ရေးသားထားပါတယ်။
သတင်းပေါက်ကြားမှုကြောင့် စစ်ဆင်ရေးခရီးကြန့်ကြာခဲ့ပြီး မရည်ရွယ်တဲ့ တိုက်ပွဲတွေ တိုက်ခဲ့ရ
KIA အမှတ် (၄) တပ်မဟာနဲ့ CPB တပ်တို့ ပူးပေါင်းထားတဲ့ စစ်အင်အား (၁၀၀၀) လောက်ရှိတဲ့ “ရွှေရာအောင်” စစ်ဆင်ရေးစစ်ကြောင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ကချင်ပြည်နယ်ရှိ KIA တပ်မဟာ (၃) နယ်မြေသို့ အင်အားဖြည့်တင်းရန် ချီတက်လာတဲ့ သတင်းကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရတပ်က သတင်းရရှိသွားပြီး လမ်းကြောင်းကို ပိတ်ဆို့တားဆီးမှု ပြုလုပ်ခဲ့တဲ့အတွက် စစ်ဆင်ရေးစစ်ကြောင်းက ကချင်ပြည်နယ်ဘက်ကို ခရီးမဆက်နိုင် ဖြစ်ခဲ့ပါတယ်။
အဲဒါကြောင့် ကချင်ပြည်နယ်သို့ ချီတက်သွားမယ့်လမ်းကြောင်းမှာ ပိတ်ဆို့နေတဲ့ မဆလ စစ်တပ်တွေ နောက်ပြန်လှည့်သွားဖို့အတွက် ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မယ့်အလား စစ်ရေးပရိယာယ်ပုံဖော်ကစား ခဲ့ရတယ်။ အဲသလို လမ်းကြောင်းပိတ်ဆို့ထားတဲ့ မဆလ တပ်တွေ နောက်ကြောင်းပြန်လှည့်စေဖို့ စစ်ပရိယာယ်ဆင်နေစဉ်၊ ၁၉၈၄ ခုနှစ် ဒီဇင်ဘာလက တာမိုးညှဲဒေသမှာ မဆလ စစ်တပ်ရဲ့ တမ်မ ၈၈ လက်အောက်ခံ အမှတ် (၃) ခလရ တပ်ရင်းက အင်းအား (၃၀၀)ကျော်နဲ့ ကောင်းခါး၊ လွယ်ကန်၊ နောင်ဟိုင်ကျေးရွာရဲ့ အနောက်မြောက်ဘက်ကုန်းမှာ နေရာယူတပ်ချနေတဲ့ KIA တပ်ခွဲနဲ့ CPB တပ်ခွဲတို့ကို တောင်ကုန်းရဲ့ အနောက်ကျောဘက်ကနေ လက်ဦးမှုရယူပြီး လျှပ်တပြက် ဝင်ရောက်တိုက်ခိုက် ခဲ့ကြတယ်။
အဲဒီလျှပ်တပြက် ဝင်ရောက်တိုက်ခိုက်လာတဲ့ မဆလ တပ်ဖွဲ့ ရောက်ခါနီးနီး သေနတ် မဖောက်သေးမီအချိန်၊ KIA တပ်ကြပ်ကြီး အိုက်မွန် ပျားဖွတ်နေတဲ့ အထက်နားမှာ CPB တပ်ခွဲအဖွဲ့က ဖဲရိုက်နေကြတယ်။ မဆလ တပ်က ဖဲရိုက်နေတဲ့နေရာရဲ့ အနောက်ဘက်ခြမ်းကနေ ဝင်ရောက်တိုက်ခိုက်လာတာဖြစ်လို့ CPB တပ်ခွဲက ရန်သူနဲ့ အနီးကပ်ပစ်ခတ်နေရစဉ်၊ ကံကောင်းသွားတာက တပ်ကြပ်ကြီး အိုက်မွန် ပျားဖွတ်ခဲ့တဲ့မီးက မီးစွဲပြန့်နှံ့လာပြီး တောမီးလောင်မှုဖြစ်ကာ ရန်သူအလစ်အငိုက် ဝင်ရောက်တိုက်ခိုက်လာတဲ့ သက်ငယ်ခြံကုန်းပေါ်ကိုလည်း မီးကူးပြီး လောင်ကျွမ်းသွားတယ်။ အဲဒီတောင်မီးလောင်မှုနဲ့အတူ ရန်သူကို တန်ပြန်တိုက်ခိုက်နေစဉ် နောင်ဟိုင်ရွာဘက်က CPB အမှတ် (၅၀၁) တပ်ရင်းရဲ့ အမှတ် (၅) တပ်ခွဲ စစ်ကူးရောက်ရှိလာတယ်။ KIA အမှတ် (၂) တပ်ရင်းနဲ့ CPB အမှတ် (၆) တပ်ရင်းတို့ကလည်း ရန်သူတပ်ရဲ့ နောက်ကျောအလယ်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ပြီး ဖြတ်တောက်နိုင်ခဲ့တယ်။
အဲဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေ့ ညနေ ၄ နာရီလောက်မှာ သက်ငယ်ခြံတောင်ကုန်းကို ပြန်လည်ရရှိခဲ့ပါတယ်။ တောင်မီးလောင်မှုကြောင့် မဆလ စစ်သားတွေရဲ့ အလောင်းတွေနဲ့ CPB တပ်ဖွဲ့ဝင် “ဝ” ရဲဘော်တွေရဲ့ အလောင်းတွေဟာ မီးစွဲလောင်ကျွမ်းသွားခဲ့ပါတယ်။
သက်ငယ်ခြံတိုက်ပွဲမှာ KIA နဲ့ CPB ပူးပေါင်းတပ်တို့က လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုတဲ့ ကျွဲ၊ နွှား (၁၂) ကောင်တို့ကို သိမ်းပိုက်ရရှိခဲ့ကြတယ်။
ဒါပေမဲ့ အဲဒီ သက်ငယ်ခြံတောင်ကုန်း တိုက်ပွဲမှာ CPB တပ်ဖွဲ့ဝင် (၉) ဦးကျဆုံးပြီး (၅) ဦး ဒဏ်ရာရရှိခဲ့သလို KIA တပ်ဖွဲ့ဝင် (၁) ဦးကျဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်သူတပ်ရဲ့ နောက်ကျောဘက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် (၆) ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မဆလ စစ်တပ်ဘက်ကတော့ (၅၀) ဦးထက်မနည်း ကျဆုံးခဲ့ပြီး လက်ကျန်ရန်သူတွေကို လိုက်လံတိုက်ခိုက် ရှင်းလင်းနေစဉ်မှာပဲ နေဝင်မိုးချုပ်သွားတယ်လို့ KIA ဒုဗိုလ်မှူးကြီး လဗျနော်ဒင့်က ရေးထားပါတယ်။
မဆလ စစ်တပ်ဘက်ကလည်း တပ်မ (၈၈) က စစ်ကူးအင်အားထပ်မံရောက်ရှိလာတဲ့အတွက် KIA နဲ့ CPB တပ်ဖွဲ့တွေဟာ နောင်ဆိုင်နဲ့ လုံဝိုင်ကနေ ဆုတ်ခွာလာခဲ့ရတယ်။ အဲဒီနောက် ယိန်းမော်ရွာဘက် ဆက်တက်သွားကြပြီး နောင်ဟိုင်တိုက်ပွဲမှာ သိမ်းပိုက်ရရှိခဲ့တဲ့ ကျွဲ၊ နွှားတွေကိုလည်း ခွဲယူခဲ့ကြပါတယ်။
KIA နဲ့ CPB ပူးပေါင်းစစ်ကြောင်းက ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ကချင်ပြည်နယ် KIA တပ်မဟာ (၃) နယ်မြေသို့ ချီတက်လာမယ့် အစီအစဉ်ကို မဆလ တပ်တွေက သတင်းရရှိသွားတဲ့အတွက် နောင်ဟိုင်မှာ ထွက်ပေါ်လာတဲ့ မဆလ တပ်ဖွဲ့တွေကို တိုက်ခိုက်ရှင်းလင်းခဲ့ရတယ်။ အဲဒီနောက် စစ်ဆင်ရေးကို ရုပ်သိမ်းလိုက်တဲ့သဘော စစ်ပရိယာယ်ပြန်ဆင်ပြီး မူလကိုယ့်တပ်နေရာသို့ ပြန်ဆုတ်ခွာပြခဲ့ရပါတယ်။
ဒုတိယအကြိမ် ချီတက်
တစ်လလောက်ကြာပြီးနောက် လမ်းကြောင်း ပိတ်ဆို့နေတဲ့ မဆလ တပ်ဖွဲ့တွေ ရုပ်သိမ်းသွားပြီဖြစ်ကြောင်း သတင်းရရှိတာနဲ့ ကချင်ပြည်နယ်ကို ချီတက်မယ့် ရွှေရာအောင် စစ်ဆင်ရေး စစ်ကြောင်းတွေကို ချက်ချင်း နဂိုအတိုင်း အလျင်အမြန် စုဖွဲ့မှုပြုလုပ်ပြီး ဒီမား(ပါ)၊ ဟူဖက်(ပါ) ဘက်ကို ကျော်ဖြတ်သွားကြပါတယ်။ ဟူဖက်ဒေသမှာ ရောက်ရှိနေစဉ်မှာပဲ KIA အမှတ် (၄) တပ်မဟာမှူး ဆိုင်းဖုန်း ဖျားနာလာတဲ့အတွက် နောက်တန်းကို ပြန်ဆုတ်ခဲ့ရပါတယ်။ သူ့အစား အမှတ် (၉) တပ်ရင်းမှူး ဗိုလ်ကြီး လွမ်ခေါင်က ဗျူးဟာမှူးအဖြစ် ပြန်လည်တာဝန်ယူပြီး ဒုတပ်ရင်းမှူး လမုန်ဂမ်က စစ်ကြောင်းမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။
၁၉၈၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၀ ရက်နေ့မှာ ကွတ်ခိုင်မြို့နဲ့ နမ်ဖတ်ကာကျေးရွာကြားက နမ့်ဖလွန်စာသင်ကျောင်း ကွင်းပြင်နေရာမှာ မဆလ တပ်ဖွဲ့တွေ စောင့်ကြိုနေတဲ့ကြားကနေ တိုက်ခိုက်ဖြတ်သန်းသွားခဲ့ရတယ်။ အဲဒီတိုက်ပွဲမှာ CPB အမှတ် (၆) တပ်ရင်းရဲ့ တပ်ရင်းမှူးနဲ့ တပ်ခွဲမှူးတို့နှစ်ဦး ထိခိုက်ဒဏ်ရာရသွားတဲ့အတွက် နောက်တန်းသို့ ဆုတ်သွားခဲ့ရတယ်။ စာသင်ကျောင်းဘေးနားက နေအိမ်လည်း မီးလောင်ပျက်စီးခဲ့ပြီး သားအမိ (၃) ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ စစ်ကြောင်းက နေ့ရောညပါ မနားတော့ဘဲ ရွှေလီမြစ် (Nmau Hka) ကို ဒွမ်ဘုတ်မြစ်ဆိပ်နေရာမှာ ဖြတ်ခဲ့ကြတယ်။
ရွှေလီမြစ်ရဲ့ ဟိုဘက်ကမ်းဒီဘက်ကမ်းကို ကြိမ်ကြိုးတန်းပြုလုပ်ပြီး၊ ကမ်းနှစ်ဖက်မှာ ဝါးလုံးနှစ်ခုနဲ့ တုတ်ချည်ထားပြီး ဝါးဖောင် နှစ်ဆယ်လောက်ကို ကြိုးတန်းနဲ့ ချိတ်ချည်၊ ဖောင်တစ်ခုချင်းစီကို ဝါးလုံးတွေနဲ့ ပြန်ဆက်ကာ ဝါးဖောင်တံတားပြုလုပ်ပြီး မြစ်ကို ဖြတ်ကျော်ခဲ့တယ်။ အဲဒီဝါးဖောင်တံတားနဲ့ လူအင်အား တစ်ထောင်ကျော်ရှိတဲ့စစ်ကြောင်းက ရွှေလီမြစ်ကို တစ်ရက်တည်းနဲ့ ဖြတ်ကျော်နိုင်ခဲ့တယ်။
ရွှေရာအောင် (Shwi Ya Awng) စစ်ဆင်ရေးစစ်ကြောင်းအဖွဲ့တွေက ရှမ်းပြည်မြောက်ပိုင်း KIA အမှတ် (၄) တပ်မဟာကနေ ကချင်ပြည်နယ် တပ်မဟာ (၃) ကို ရောက်ရှိလာပြီးနောက် KIA ဗဟိုဌာနက စစ်ဦးစီးချုပ် လမုန်တူးဂျိုင်လည်း ရောက်ရှိလာပြီး အစည်းအဝေး ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီနောက် ယောင်ယုံတောင်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ဖို့ စစ်ဆင်ရေး ရေးဆွဲတယ်။ စစ်မြေပြင်မှာ လက်တွေ့ ဦးဆောင်တိုက်ခိုက်ကြမယ့် တပ်ခွဲမှူးအဆင့်တွေပါဝင်တဲ့ အရာရှိတွေနဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယောယုံတောင်စခန်းရဲ့ မြေပုံနဲ့ မြေပြင်စစ်ဆင်ရေး တာဝန်တွေကို ခွဲဝေညွှန်ကြားခဲ့ပါတယ်။
ယောယုံတိုက်ပွဲစပြီ
မဆလ စစ်တပ် ဗိုလ်မှူးတစ်ဦး ဦးစီးတဲ့ အင်အား ၆၀ ကျော်ရှိတဲ့ ခလရ ၄၇ ယောယုံတပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်သွားကြမယ့် KIA နဲ့ CPB ပူးပေါင်းတပ်ဖွဲ့တွေဟာ ၁၉၈၅ ခုနှစ် မတ် ၂၂ ရက်နေ့မှာ လွယ်ဂျယ်အနီး မိုင်ဘတ်ရွာမှာ ညနေစာချက်စားပြီး မနက်စာအတွက်လည်း ထုပ်ယူပြီးနောက် ညနေမှောင်စပြုလာတာနဲ့ ရှန်တိုင်တောင် (Shangtai Bum) ရဲ့ အပေါ်ကြောကနေ တက်သွားခဲ့ကြတယ်။
နောက်နေ့ မတ် ၂၃ ရက်နေ့ မနက် ၄ နာရီကနေ KIA အမှတ် (၈) တပ်ရင်းက ဗိုလ်လဘန်ဘရန်မိုင် ဦးဆောင်တဲ့တပ်ဖွဲ့နဲ့ CPB အမှတ် (၃) တပ်ရင်းတပ်ဖွဲ့တွေက ရှန်တိုင်တောင်နဲ့ ယောင်ယုံစခန်း လုံခြုံရေးအတွက် တပ်ချထားတဲ့ မဆလ တပ်တွေကို စတင်တိုက်ခိုက်လိုက်တယ်။ ဗိုလ်ကြီး အင်ဘွေဂမ် ဦးဆောင်တဲ့ KIA အမှတ် (၂) တပ်ရင်းနဲ့ CPB တပ်ရင်း (၆.၄၀၄၈) တပ်တွေက ယောယုံစခန်းရဲ့ အရှေ့မြောက်ဘက်ကနေ တိုက်ခိုက်ပြီး၊ ဗိုလ်လမုန်ဂမ်ဆိုင်း ဦးဆောင်တဲ့ KIA အမှတ် (၉) လှုပ်ရှားတပ်ရင်းနဲ့ CPB အမှတ် (၅၀၁) တပ်ရင်းတပ်ဖွဲ့တွေက ယောယုံတပ်စခန်းရဲ့ အနောက်တောင်ဘက်ကနေ တိုက်ခိုက်ခဲ့ပါတယ်။
KIA အမှတ် (၉) တပ်ရင်းရဲ့ အမှတ် (၁) တပ်ခွဲမှူး အရာခံဗိုလ် လွမ်ခေါင်တို့တပ်ဖွဲ့၊ အမှတ် (၂) တပ်ခွဲမှူး ဒုဗိုလ်ခန်းဒါဂမ်ဆိုင်း ဦးဆောင်တဲ့တပ်ဖွဲ့နဲ့ CPB အမှတ် (၅၀၁) တပ်ရင်းရဲ့ အမှတ် (၅၊ ၆၊ ၇) ပူးပေါင်းတပ်ဖွဲ့တို့က ရှန်တိုင်တောင်ရဲ့ အနောက်ဘက်ကနေ ဝင်ရောက်ခဲ့ကြတယ်။
ရှန်တိုင်တောင်မှာ သေနတ်သံစကြားတာနဲ့ ယောယုံ မဆလ တပ်စခန်းကနေ ၈၁ မမ၊ ၈၄ မမ၊ ၆၀ မမ၊ MG42 စက်သေနတ်တွေနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်တယ်။ ယောယုံစခန်းကို ဝင်ရောက်တိုက်ခိုက်မယ့်တပ်ဖွဲ့တွေ တပ်စခန်းအနားတောင် မရောက်သေးမီ၊ ယောယုံစခန်းကို လက်တွေ့ဦးဆောင် တိုက်ခိုက်မယ့် ဗိုလ်လမုန်ဂမ်ဆိုင်း အပါအဝင် တပ်ဖွဲ့ဝင် (၈) ယောက်လောက် ကျဆုံးသွားခဲ့တယ်။ အယောက် ၂၀ လောက် ထိခိုက်ဒဏ်ရာ ရသွားတာကြောင့် စခန်းကိုအနီးကပ် ထိုးစစ်ဆင်တိုက်ခိုက်ရမယ့် တပ်ဖွဲ့တွေက ထိခိုက်သွားတဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေကို ကာကွယ်ကယ်ထုတ်နေရတဲ့အလုပ်နဲ့ အလုပ်ရှုပ်သွားကြပြီး စခန်းကို အလျင်အမြန် မတိုက်ခိုက်နိုင်ကြတော့ပါ။
ဖလန်ဘက်ကနေ ချဉ်းကပ်တိုက်ခိုက်လာတဲ့ KIA အမှတ် (၂) တပ်ရင်းတပ်ဖွဲ့နဲ့ CPB အမှတ် (၆. ၄၀၄၈) တပ်ရင်းတွေကလည်း မနက်ပိုင်းမှာပဲ နှစ်ကြိမ်တိုင်တိုင် ထိုးတက်တိုက်ခိုက်ခဲ့ရာ ထိခိုက်ကျဆုံးမှု များလာတဲ့အတွက် တိုက်ပွဲကို ခေတ္တဆိုင်းခဲ့ရပြန်တယ်။
ဒါပေမဲ့ မနက် ၉ နာရီလောက်မှာ ရှန်တိုင်ဘွမ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီတောင်ကုန်းကနေ ၇၅ မမ (၂) လက်၊ ၅၇ မမ (၂) လက်၊ ၈၂ မမ မော်တာ (၁) နဲ့ (AA. Gun) စက်သေနတ်တစ်လက် စတဲ့ လက်နက်ကြီးတွေကို နေရာချတပ်ဆင်ပြီးတော့ ယောယုံတပ်စခန်းရဲ့ ဗန်ကာကတုတ်ကျင်းတွေကို တစ်ခုပြီးတစ်ခု ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်။ မွန်းလွဲ ၂ နာရီအချိန်မှာ နောက်ထပ်တစ်ကြိမ် အင်အားနဲ့ တကျော့ပြန် တိုက်ခိုက်ခဲ့တယ်။ ညနေ ၄ နာရီအချိန်မှာတော့ မဆလ စစ်တပ်က ဂျက်တိုက်လေယာဉ် လေးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စခန်းကိုအနီးကပ် တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေ တစ်ခါနောက်ဆုတ်ခဲ့ရပြန်တယ်။ တစ်ချို့တပ်ဖွဲ့တွေက ယောယုံစခန်းထဲတောင် ဝင်စီးလာနေပြီ ဖြစ်ပေမယ့်လည်း စိန်လုံဘက်ကနေ စစ်ကူလာတဲ့စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ရမယ့် KIA တပ်မဟာ (၃) က ဗိုလ်လဖိုင်ဇော်တန် ဦးဆောင်တဲ့တပ်ဖွဲ့က သူတို့နေရာယူဖို့ စီစဉ်ထားတဲ့နေရာမှာ မဆလ စစ်တပ်က လက်ဦးနေရာယူသွားပြီး တန်ပြန်တိုက်ခိုက်တာခံခဲ့ရ ပြန်တယ်။ အဲဒါကြောင့် စိန်လုံဘက်က တက်လာတဲ့ စစ်ကူတွေကို ဟန့်တားမှု မလုပ်နိုင်ပဲ ဖြစ်ခဲ့တယ်။
ယောယုံစခန်းသိမ်း တိုက်ပွဲ မအောင်မြင်ခဲ့ရတဲ့ အကြောင်းရင်း
ရွှေရာအောင် စစ်ဆင်ရေးအတွင်း မအောင်မြင်ခဲ့တဲ့ ယောယုံစခန်းသိမ်းတိုက်ပွဲကို KIA ဒုဗိုလ်မှူးကြီးလဗျနော်ဒင့်က အခုလို သုံးသပ်ထားပါတယ်။
“ယောယုံတပ်စခန်းကို အနီးကပ်ဝင်တိုက်တဲ့ တပ်ဖွဲ့တွေက နယ်မြေကျွမ်းကျင်သူတွေ မပါတဲ့ တပ်ဖွဲ့တွေ ဖြစ်သွားတယ်။ ရှမ်းပြည်မြောက်ပိုင်း အမှတ် (၄) တပ်မဟာကနေ တက်လာတဲ့ “ရွှေရာအောင်” စစ်ဆင်ရေး စစ်ကြောင်းတွေပဲ ယောယုံစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခိုင်းတဲ့အတွက် လက်နက်နဲ့ လူအင်အား ဘယ်လောက်များများ၊ ယောယုံစခန်းကုန်းကြီးကို သိမ်းပိုက်နိုင်ခြင်း မရှိဘဲ ဆုတ်ခွာခဲ့ရပါတယ်။”
နောက်ဆုံးတော့ သိမ်းနိုင်ပြီ
လွန်ခဲ့တဲ့ ၃၉ နှစ်က မအောင်မြင်ခဲ့တဲ့ ယောယုံစခန်းသိမ်းတိုက်ပွဲအတွင်း KIA နဲ့ CPB ပူးပေါင်းတပ်ဖွဲ့ဘက်က ၄၀ နီးပါးကျဆုံးခဲ့သလို ၆၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ရေးထားပါတယ်။
မဆလ စစ်တပ်ဘက်ကတော့ ၄၀ ကျော်သေဆုံးတယ်လို့ သိရပါတယ်။ နောက်ဆုံး လေကြောင်းပစ်ကူ ရောက်လာတဲ့အထိ ယောယုံစခန်းကို ခုခံကာကွယ်တိုက်ခိုက်ခဲ့တဲ့ မဆလ စစ်တပ် ဗိုလ်မှူးတစ်ယောက်အပါအဝင် အယောက် ၂၀ လောက်ဟာ လက်နက်ကြီးနဲ့ အပြင်းအထန် ပစ်ခတ်မှုခံရတာကြောင့် နားကန်းသွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သူတို့က ရာထူးတိုးပေးပြီး ဂုဏ်ပြုချီးမြှင့်တာ ခံရတယ်လို့ ဒုဗိုလ်မှူးကြီး လဗျနော်ဒင့်ရေးထားတဲ့ စာအုပ်မှာပါရှိပါတယ်။
၁၉၈၅ ခုနှစ် မတ်လမှာ သီသီလေးနဲ့ လွတ်သွားခဲ့ရတဲ့ ယောယုံစခန်းကို မနေ့က မတ်လ ၂၈ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃၉ နှစ်က ယောယုံတိုက်ပွဲမှာ ပါဝင်ခဲ့ပြီး သက်ရှိထင်ရှားရှိနေသေးတဲ့ တော်လှန်ရေးရဲဘော်တွေကို ဝမ်းသာပီတိဖြစ်စေမယ့် သမိုင်းဝင် ယောယုံစခန်းသိမ်းတိုက်ပွဲ ဖြစ်ပါတယ်။
===
Ref;
Dingda Ginwang Gingjaw Masat (4) Dap Ba KIO/KIA A Rawt Malan Hkrun Lam, Du Kaba Labya Naw Din. 2016. (ဒုဗိုလ်မှူးကြီး လဗျနော်ဒင့် ရေးတဲ့ KIA အမှတ် (၄) တပ်မဟာရဲ့ တော်လှန်ရေးခရီး စာအုပ်ထဲက “ယောယုံတိုက်ပွဲ” ကို ကောက်နုတ်ဘာသာပြန်ထားတာ ဖြစ်ပါတယ်။)