ပြည်သူတစ်ရာနီးပါးကို ဆက်တိုက်ဖမ်းဆီးပြီး နှစ်ဦးသေဆုံးခဲ့ရတဲ့ မိုးကောင်းမြို့က ဖမ်းဆီးမှု NLD နဲ့ တော်လှန်ရေးကို အငြိုးထားတာလား

ဆောင်းပါး
1 October 2023 – Kachinwaves
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဩဂုတ်လ ၁၉ ရက်နေ့နောက်ပိုင်းနဲ့ စက်တင်ဘာလ အတွင်းမှာပဲ စစ်ကောင်စီ က KIA၊ PDF တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံပြည်သူ အယောက် ၁၀၀ လောက်ရှိကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲက စစ်ကြောရေးမှာ သေဆုံးခဲ့သူ နှစ်ယောက်ရှိကြောင်းလည်း ဒေသသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလို မိုးကောင်းမြို့မှာ အဖမ်းအဆီး ဆက်တိုက်ပြုလုပ်လာတာဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က ကျောင်းလာကြိုတဲ့ စစ်ကောင်စီကား ပစ်ခတ်ခံရတာကို အကြောင်းပြုပြီး စစ်ကောင်စီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ နွေဦးတော်လှန်ရေးကို အငြိုးထားပြီး ပြုလုပ်ခြင်း ဖြစ်တယ်လို့ ဒေသခံနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
မိုးကောင်းမြို့မှာ ဩဂုတ်လ ၁၉ ရက်နေ့ စစ်ကားပစ်ခတ်ခံရတဲ့ အဖြစ်အပျက်ကနေ အဖမ်းအဆီးကြမ်းလာ တာဟာ အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူး၊ ဗိုလ်မှူးချုပ် သန့်ဇင်ဦး ပြောင်းလာပြီးနောက် ဖြစ်ကြောင်း သိရပါတယ်။
ဖမ်းဆီးခံရတဲ့ သူတွေထဲက ဇင်ယော်ဓာတ်ဆီဆိုင်ပိုင်ရှင် အမျိုးသမီး အသက် ၅၀ နှစ်ဝန်းကျင်အရွယ် ဒေါ်ခင်မာရွှေနဲ့ KIA နဲ့ ပတ်သက်ကြောင်း စွပ်စွဲပြီး ဖမ်းဆီးခံရတဲ့ အသက် (၄၇) နှစ်အရွယ် ဦးဂျိုးဇက် ဝဘော်တန်ဂွန်းတို့နှစ်ဦးဟာ စစ်ကြောရေးမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
ဦးဂျိုးဇက် ဝဘော်တန်ဂွန်းနဲ့အတူ သူရဲ့ဇနီးနဲ့သားကိုလည်း စစ်ကောင်စီက ဩဂုတ်လ ၂၅ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ၂၄ နာရီအတွင်း ပြန်လည်လွတ်ပေးခဲ့ပေမဲ့ ဦးဂျိုးဇက် ဝဘော်တန်ဂွန်းက စစ်ကြောရေးမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားဖြစ်သူ သေဆုံးပြီးတဲ့ မနက်မှာပဲ သားနဲ့ ဇနီးဖြစ်သူကို လွတ်ပေး ခဲ့ကြောင်း သိရပါတယ်။
ဦးဂျိုးဇက် ဝဘော်တန်ဂွန်းနဲ့ နီးစပ်သူတစ်ဦးက “သူက (KIA) စစ်သားလုပ်တယ်ဆိုတာတော့ ကျွန်တော်တို့ တစ်ခါမှ မကြားမိပါဘူး။ သူတို့ မိသားစုက အိမ်မှာပဲ ကချင်ရိုးရာ အရက်ချက်ရင်း ဝက်ေမွးရင်း အိမ်မှာနေကြတာ။ သူတို့မှာ လယ်လည်းရှိတယ်။ အဲလယ်ကိုတော့ ငှားစားကြတယ်။ ကလေးတွေလည်း သူ့အလုပ်နဲ့သူပဲ။ အဲလိုနေနေတဲ့အချိန်မှာပဲ ဖမ်းဆီးပြီး ၂၄ နာရီအတွင်း သေသွားတာပဲ။ သူ့ဇနီးနဲ့ သူ့သားကိုတော့ သူသေတဲ့နေ့မှာပဲ ပြန်လွတ်လိုက်တာ။”လို့ ပြောပါတယ်။
မိုးကောင်းမြို့က ဇင်ယော်စက်သုံးဆီဆိုင် ၃ ဆိုင်ကိုလည်း စစ်ကောင်စီက စက်တင်ဘာ ၂ ရက်နေ့ညက ဝင်စီးခဲ့ပြီး ဆိုင်ဝန်ထမ်း ၂၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက်နေ့မှာ ဆိုင်ရှင်အမျိုးသားဖြစ်သူ ဦးမိုးကျော်ကို စစ်ကောင်စီတပ်က ညှိနှိုင်းဖို့ခေါ်ပြီး ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဦးမိုးကျော်ဖမ်းဆီးခံရတဲ့နေ့မှာပဲ ဆိုင်ရှင်ဇနီးဖြစ်သူ ဒေါ်ခင်မာရွှေက မြစ်ကြီးနားကနေ ပြန်လာခဲ့ပြီး စစ်တပ်က ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ သီးသန့်စစ်ဆေးခဲ့ကြောင်း သိရတယ်လို့ ၎င်းတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်ခင်မာရွှေဟာ စစ်ကြောရေးမှာပဲ စက်တင်ဘာ ၁၂ ရက်နေ့က သေဆုံးသွားပြီး မိသားစုကိုလည်း အသိမပေးပဲ မြေမြုပ်သင်္ဂြိုလ် လိုက်ကြတာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“နတ်ကြီးကုန်း သုဿန်မှာ ပရဟိတအသင်းတွေကိုခေါ်ပြီး သင်္ဂြိုလ်လိုက်ကြတယ်။ မျက်နှာကိုလည်း ကြည့်ခွင့် မရခဲ့ကြဘူး။ သူတို့က NLD ပါတီဝင်လည်း မဟုတ်သလို ဒီတော်လှန်ရေးမှာ ဆန္ဒပြတဲ့ အထဲလည်း မပါဘူး။ အဲတော့ မိုးကောင်းမှာ စစ်ကားကို ပစ်တာတွေခတ်တာတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ တော့ စစ်တပ်က ဒီတိုင်းအငြိုးနဲ့ လုပ်တာလို့ပဲ ထင်တယ်။”လို့ ပြောပါတယ်။
ဒေါ်ခင်မာရွှေတို့ဟာ ၂၀၂၀ ရွှေကောက်ပွဲကာလအတွင်း NLD ပါတီအောင်နိုင်ရေးမှာတော့ ပါဝင်ကူညီခဲ့တာ တွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စီးပွားရေးပဲလုပ်ပြီး အေးအေးဆေးဆေး နေနေကြချိန် အခုလိုဖမ်းဆီး ခံရပြီး သေဆုံးသွားတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်ကလည်း မိုးကောင်းမြို့မှာ အခုချိန်ထိ ဖမ်းဆီးခံရတာ ၁၀၀ နီးပါးရှိနေဆဲဖြစ်ပြီး အများပိုင်းကို စစ်ကြောရေးမှာပဲ ထားထားပြီး စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိထားရတယ်လို့ ပြောပါတယ်။
“အခု ကျန်နေတဲ့သူတွေလည်း ရုံးမထုတ်သေးဘူး။ စကခ မှာပဲ တောက်လျှောက် မျက်စိပိတ်ပြီးထားတယ်။ ရိုက်နက်စစ်ဆေးတာကတော့ အကြီးအကျယ် စစ်တယ်။ တောက်လျှောက် ၂၄ နာရီ မျက်နှာပိတ်ပြီးတော့မှ အမှောင်ခန်းမှာထားပြီး ချုပ်ထားတယ်လို့ သိရတယ်။ ရေလည်းပေး မချိုးဘူးပေါ့။ အခုထိတော့ စစ်ကြောရေးမှာ သေတာလည်း နှစ်ယောက်ရှိပြီ။ အစကတော့ ဆီဆိုင်ပိုင်ရှင် အမျိုးသမီးပဲ အပြစ်ရှိသလိုနဲ့ အခုက အမျိုးသားကိုလည်း ရဲဘက်လည်း မလွဲသေးဘူး။ သူ့မိသားစုကလည်း ဆက်သွယ်လို့ မရဘူး။”လို့ ပြောပါတယ်။
အခုလို မိုးကောင်းမြို့မှာ ဖမ်းဆီးတာက စကခမှူး အပြောင်းအလဲကြောင့်လည်းဖြစ်သလို ကျောင်းကားကို KPDF တွေ ဝင်ပစ်တာကိုလည်း အကြောင်းပြုပြီး ဖမ်းဆီးနေတာဖြစ်တယ်လို့ သုံးသပ်ရကြောင်းလည်း ဦးဝင်းနိုင်က ပြောပါတယ်။
အခုဖမ်းဆီးခံနေရတဲ့သူတွေက PDF တွေနဲ့လည်း မဆိုင်သလို လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဆန္ဒပြတဲ့သူတွေကို ကူညီတဲ့သူတွေ တချို့ကိုလည်း အငြိုးထားပြီး ဖမ်းဆီးနေတာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က မြစ်ကြီးနားမြို့နယ် ၂၁ မိုင်ဂိတ်မှာ ဖမ်းဆီးခံရတဲ့ NLD ပါတီရဲ့ မိုးညှင်းမြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမျိုးကျော်လည်း စစ်ကြောရေးမှာ သတိမေ့မြောနေစဉ် သေဆုံးသွားပြီလို့ ယူဆကာ သွားသင်္ဂြိုလ်ဖို့ထားထားစဉ်မှာ ပြန်သတိရလာတဲ့အတွက် အသက်ဘေးမှ လွတ်မြောက်ပြီး မြစ်ကြီးနားအကျဉ်းထောင်မှာ အကျဉ်းကျနေကြောင်း သိရပါတယ်။
အမည်မဖော်လိုတဲ့ ကချင်ပြည်နယ်က လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးကတော့ စစ်ကောင်စီက အခုလို ပြည်သူတွေကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖမ်းဆီးပြီး စစ်ကြောရေးမှာ သေဆုံးနေတာက ပြည်တွင်းပြည်ပ ဥပဒေ သာမက ဂျီနီဗာကွန်ဗင်းရှင်းကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့ ပြောပါတယ်။
“အရပ်သား ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ သတ်ပစ်တာက ကျွန်တော်တို့ ဒီဂျီနီဗာ ကွန်ဗင်းရှင်းကို ဆန့်ကျင်တဲ့ အနေအထားဖြစ်ပါတယ်၊ ဒီလိုလုပ်နေတာက ဒီဂျီနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်တယ်။ ပြီးရင် လူတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့် အခြေခံအခွင့်အရေးကို ချိုးဖောက် တာ ဖြစ်ပါတယ်။ ဥပဒေအတိုင်း မဟုတ်ပဲ မသင်္ကာလို့ပဲဖြစ်ဖြစ် စွပ်စွဲမှုအမျိုမျိုးနဲ့ ခေါင်းစဉ်တပ်ပြီး သတ်ဖြတ်တာက နိုင်ငံတကာ ဥပဒေမှာရော ပြည်တွင်းဥပဒေမှာရော မညီညွတ်ပါဘူး။”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် ပြန်ချက်အရ ကချင်ပြည်နယ်မှာ အဏာသိမ်းပြီးနောက် အသတ်ခံရသူ ၁၁၉ ဦးရှိပြီလို့ သိရပါတယ်။