ဖားကန့်မြို့ကနေ ဆိုင်းတောင်ဘက်ကို စစ်ကောင်စီစစ်ကြောင်းလှုပ်ရှား၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်မှုရှိ
2 May 2024 – Kachinwaves
ဖားကန့်၊ ဆိုင်းတောင်ကျေးရွာမှာ မနေ့က ညနေပိုင်း ၄ နာရီဝန်းကျင်က လက်နက်ကြီး ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့ပြီး အရပ်သား ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ် ရှိခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုမဖြစ်မီ ဆိုင်းတောင်တံတားထိပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာ အရပ်သားတွေကို စစ်ဆေးမှုလုပ်ဆောင်နေခဲ့ပြီးနောက် လက်နက်ကြီး ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဆိုင်းတောင်မြို့နေ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“မနေ့ညနေက ဆိုင်းတောင်တံတားထိပ်မှာ အုပ်စုလိုက်ကြီး စစ်ဆေးနေတာ တွေ့ခဲ့တာ။ ဖားကန့်သွားမလို့ပဲ၊ ပြန်လှည့်ပြန်ခဲ့ရတာ။ ပြန်လှည့်ပြီး မကြာဘူး၊ အသံကြားရတာပဲ။
လက်နက်ကြီး ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် စန်းသီတာကုန်းရပ်ကွက်မှာ လက်နက်ကြီး ပေါက်ကွဲခဲ့ပြီး အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုပါတယ်။
“တိုက်ပွဲလိုလည်း မဟုတ်ဘူး။ ၄၊ ၅ ချက်ပစ်တာ။ နောက်ဆုံးအလုံးက အိမ်ရှေ့နားကျပြီး လက်နက်ကြီးအစ မှန်သွားတာတဲ့။”
အဆိုပါ အမျိုးသမီးအပြင် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် နောက်ထပ် ဒဏ်ရာရသူ ၂ ဦး ရှိသေးကြောင်း ဖြစ်စဉ်နေရာနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“ပြည်သူ ၃ ဦး ထိတယ်။ လက်နက်ကြီး မှန်တာ။ စစ်တပ်က ပစ်တာ။ တိုက်ပွဲမဖြစ်ဘူး။ စစ်ကြောင်းထိုးလာတာ”
ထိခိုက်ဒဏ်ရာရသူများမှာ ယခုလက်ရှိ ဖားကန့်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆိုင်းတောင် စစ်တပ်ကုန်းမှာ စစ်အင်အားဖြည့်တင်းရန် ဖားကန့်ဘက်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရှိရပါတယ်။
ဧပြီ ၃၀ ရက်နေ့ကလည်း ဆိုင်းတောင်မြို့အတွင်း စစ်ကောင်စီရဲ ၂ ဦးကို တော်လှန်ရေးအဖွဲ့ဘက်က သေနတ်ပစ်ဖောက် ဖမ်းဆီးတဲ့ဖြစ်စဉ် ဖြစ်ပွါးပြီးနောက် စစ်ရေးအခြေအနေ ပြန်လည် လှုပ်ရှားလာတဲ့အတွက် တိုက်ပွဲဖြစ်ပွါးမှာကို ဒေသခံတွေစိုးရိမ် ကြောင့်ကြနေကြတယ်လို့ သိရပါတယ်။