မိုးမောက်မှာ တစ်နေ့လုံး လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်တယ်လို့ ပြော
1 May 2024 – Kachinwaves
ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ မနေ့က တစ်နေ့လုံး နှစ်ဖက်တပ်က လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး လူနေရပ်ကွက်ထဲ လက်နက်ကြီး ကျပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၃၀ ရက်၊ မနေ့မနက်ပိုင်းကစပြီး တစ်နေကုန်နီးပါး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် ညနေ ၄ နာရီကျော်ဝန်းကျင်မှာ သေနတ်သံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“လက်နက်ကြီး ပစ်နေကြတာ နေတိုင်းနီးပါပဲ။ သေနတ်သံကြားတာတော့ ဒီညနေ ၄ နာရီလောက်မှ။ အခြားအချိန်တွေမှာတော့ လက်နက်ကြီးသံတွေပဲ ကြားရတယ်။”
မြို့အနီးပတ်ဝန်းကျင်ကို လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှုရှိခဲ့ပြီး ညနေ ၅ နာရီကျော်လောက်ထိ လက်နက်ကြီးသံတွေ ကြားနေခဲ့ရတယ်လို့ ဆိုပါတယ်။
အပြန်အလှန် ပစ်ခတ်စဉ်အတွင်း လက်နက်ကြီးတွေဟာ လူနေရပ်ကွက်အတွင်း ကျကွဲမှုရှိခဲ့ပြီး စစ်ရှောင်တွေ ခိုလှုံနေတဲ့ မန္တလေးပရိယတ္တိ စာသင်တိုက် ကျောင်းဝင်းထဲ လက်နက်ကြီးကျခဲ့တာကြောင့် မှန်တံခါး၊ ခေါင်မိုးနဲ့ ကားတွေကို လက်နက်ကြီးစ ထိမှန်တဲ့အတွက် ပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဧပြီ ၂၄ ရက်နေ့ကလည်း အဆိုပါ မန္တလေးစာသင်တိုက်ကျောင်းဝင်းထဲ လက်နက်ကြီး ကျရောက်ခဲ့ဖူးတဲ့ ဖြစ်စဉ် ဖြစ်ပွါးခဲ့ပါတယ်။
မိုးမောက်မြို့မှာ ယခုလက်ရှိ စစ်ကောင်စီတပ်တွေက နေရာယူအထိုင်ချထားပြီး နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပါတယ်။