အန်ကယ်ကြီးများ၏ ပရိယာယ်များနှင့် ရင်ဆိုင်နေရသော ဒီမိုကရက်တစ် လူငယ်ခေါင်းဆောင် (သို့) မစ္စတာ ပီတာ
By YUME.
29 September 2023 – Kachinwaves
အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ယခုနှစ် မေလ နှင့် ဇူလိုင်လများ၌ အထွေထွေရွေးကောက်ပွဲ ရှေ့ဆင့်နောက်ဆင့် ကျင်းပခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် ဒီမိုကရက်တစ် လူငယ်နိုင်ငံရေးသမားဖြစ်သည့် Move Forward ပါတီ ခေါင်းဆောင် Pita ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ကမ္ဘောဒီးယားနိုင်ငံတွင် အာဏာရှင်၏သား Hŭn Manêt ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ Hŭn Manêt ထက် အသက် ၂ နှစ်ကျော်ငယ်သည့် ပီတာသည် ၎င်း၏ပါတီမဲအများဆုံး အနိုင်ရရှိခဲ့သော်လည်း ဝန်ကြီးချုပ် ဖြစ်ခွင့် မရခဲ့ပါ။ သို့သော် လွတ်လပ်တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲမှတဆင့် အာဏာရှင်၏သား၊ စစ်တပ်အကြီးအကဲဖြစ်သူ အသက် ၄၅ နှစ်အရွယ် Hŭn Manêt က ဝန်ကြီးချုပ်ဖြစ်လာသည်။
ကမ္ဘောဒီးယားနိုင်ငံကို ၃၈ နှစ်အုပ်စိုးခဲ့သည့် အာဏာရှင်ဝန်ကြီးချုပ် ဟွန်ဆန်၏သား Hŭn Manêt (ဟွန်မယ်နေး) ဝန်ကြီးချုပ်ဖြစ်လာသည်ကို အထူးအဆန်း ပြောစရာ မဟုတ်သော်လည်း စစ်တပ်ကြိုးကိုင် ပြီး ကျင်းပခဲ့သည့် ထိုင်းရွေးကောက်ပွဲတွင် ပြည်သူ့ထောက်ခံမဲ အများဆုံးရရှိခဲ့သည့် ပြုပြင်ပြောင်းလဲရေး လုပ်လိုသူ ပညာတတ်၊ နိုင်ငံရေးနှင့် စီးပွားရေးသမား Pita Limjaroenrat (ပီတာ လင်ဂျာရိုရတ်) ဝန်ကြီးချုပ် ဖြစ်မလာနိုင်အောင် အကွက်ဆင်ဟန့်တားမှုများသည် ဝေဖန်မှုများခဲ့သော ကိစ္စရပ်ဖြစ်ခဲ့သည်။
- စိန်ခေါ်မှုများသော Pita Limjaroenrat (ပီတာ လင်ဂျာရိုရတ်) ၏ နိုင်ငံရေး လမ်းခရီး
ပီတာ လင်ဂျာရိုရတ်သည် ဘန်ကောက်မြို့ရှိ သာမာဆတ် တက္ကသိုလ်မှ ဘဏ္ဍာရေးဆိုင်ရာဘွဲ့၊ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ လူထုမူဝါဒဆိုင်ရာ မဟာဘွဲ့နှင့် မက်ဆာချူးဆက် နည်းပညာအင်စတီကျုမှ MBA ဘွဲ့များကို ရရှိထားသူ ဖြစ်ကြောင်း သိရသည်။
ပီတာသည် စိုက်ပျိုးရေးဝန်ကြီးဌာနတွင် အကြံပေးဖြစ်ခဲ့သည့် ကွယ်လွန်သူ မစ္စတာ ပေါင်ဆက် လင်ဂျာရိုရတ်၏ သားဖြစ်ပြီး၊ ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်၏ လက်ထောက်တစ်ဦးဖြစ်ခဲ့သူ မစ္စတာ ပါဒွန်လင်ဂျာရိုရတ်၏ တူလည်း ဖြစ်သည်။
ပီတာသည် ၂၀၁၉ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် Future Forward (အနာဂတ်ရှေ့သို့ချီ) ပါတီ ခေါင်းဆောင်၏ ဖိတ်ကြားချက်အရ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောက်လွှတ်တော်အမတ်အဖြစ် အနိုင်ရရှိခဲ့သည်။ Future Forward ပါတီသည် စစ်တပ်နှင့် ရှေ့ရိုးစွဲသမားများ၏ အငြင်းပွားဖွယ်ရာ စွပ်စွဲချက်များကြောင့် ပါတီဖျက်သိမ်းခံခဲ့ရပြီး ပါတီခေါင်းဆောင် မစ္စတာသနာသွန်လည်း လွှတ်တော်ကိုယ်စားလှယ် အရည်ချင်းမပြည့်မီမှုနှင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခဲ့ရသည်။
ယခု ၂၀၂၃ ခုနှစ်တွင်လည်း Future Forward ပါတီမှ ဖြစ်ပေါ်လာသော Move Forward ပါတီ၏ ခေါင်းဆောင် ပီတာလည်း ဝန်ကြီးချုပ်ဖြစ်ခွင့် လွှဲခဲ့ရသည့်အပြင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်း နုတ်ထွက်ခဲ့ရပြန်သည်။
Move Forward (ရှေ့သို့ချီ) ပါတီ ခေါင်းဆောင် ပီတာသည် နိုင်ငံရေးတွင် စစ်တပ်ပါဝင်နေမှု ဖယ်ရှားရေး၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားသည့် ဥပဒေများကို ပြုပြင်ရေး စသည့်အချက်များကို လုပ်ဆောင်လိုကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုသည့် နိုင်ငံရေးသမား ဖြစ်သည်။
ယခုနှစ် မေလ ၁၄ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် လူငယ်မျိုးဆက်သစ်များ ခေါင်းဆောင်သော Move Forward ပါတီသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် တည်ထောင်ခဲ့သည့် Pheu Thai (ဖွေ့ထိုင်း) ပါတီကို ကျော်လွန်ကာ မဲအများဆုံးဖြင့် အနိုင်ရခဲ့သည်။ မဲအများဆုံးရရှိထားသည့်ပါတီ၏ ခေါင်းဆောင် လက်ရှိအသက် ၄၃ နှစ်အရွယ် ပီတာလည်း ဝန်ကြီးချုပ်သစ်ဖြစ်လာရန် အလွန်ရေပန်းစားခဲ့သည်။
ထိုင်းမဲဆန္ဒရှင်ပြည်သူ ၃၉ သန်းကျော် (၇၅.၂၂ ရာခိုင်နှုန်း) က မဲပေးခဲ့ကြပြီး ထိုင်းရွေးကောက်ပွဲ သမိုင်းတစ်လျှောက် မဲပေးမှုအများဆုံး စံချိန်တင်ခဲ့သည့် ရွေးကောက်ပွဲ၌ လူငယ်များ ဦးဆောင်သည့် ပါတီက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ စစ်တပ်ခြယ်လှယ်ခွင့် အားသာနေသော ဖွဲ့စည်းပုံဥပဒေအောက်တွင် လူငယ်နိုင်ငံရေးသမား ပီတာ ခေါင်းဆောင်သည့်ပါတီ အစိုးရဖွဲ့နိုင်တော့မည်လော၊ မျှော်လင့်ချက်ဖြင့် စိတ်ဝင်စားခဲ့ကြခြင်း ဖြစ်ပါသည်။
ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပြီးနောက် ရေးဆွဲခဲ့သော ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော် အမတ်နေရာ (၅၀၀) အတွက်သာ ပြည်သူကမဲပေး ရွေးကောက်ရသည်။ ထို့အပြင် ယင်း အမတ်နေရာ ငါးရာထဲမှ လေးရာကိုသာ နိုင်သူအကုန်ယူ (FPTP) ဖြင့် ရွေးကောက်ရခြင်းဖြစ်ပြီး ကျန်အမတ်နေရာ ၁၀၀ အတွက်ကိုမူ ပါတီစာရင်း အချိုးကျကိုယ်စားပြုမှုဖြင့် ရွေးကောက်သည့် စနစ်ဖြစ်သည်။ အထက်လွှတ်တော်အမတ် ၂၅၀ ဦးသည် ရွေးကောက်ခံစရာမလိုဘဲ စစ်တပ်က ခန့်အပ်သည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအကြီးအကဲ ဝန်ကြီးချုပ်ဖြစ်ရန် အထက်နှင့်အောက် လွှတ်တော်နှစ်ရပ်ပေါင်း၏ ထောက်ခံမဲ ၃၇၆ မဲ ရရှိရန်လိုအပ်သည်။ သို့ဖြစ်၍ Move Forward ပါတီသည် အမတ်နေရာ (၁၅၁) ဖြင့် အများဆုံး အနိုင်ရထားသော်လည်း ပါတီခေါင်းဆောင် ပီတာ ဝန်ကြီးချုပ်ဖြစ်နိုင်ရန် အမတ် (၂၂၅) ဦး၏ ထောက်ခံမဲလိုအပ်နေသည်။ ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက်တွင် Move Forward ပါတီသည် ပါတီ ၈ ပါတီနှင့် မဟာမိတ်ညွန့်ပေါင်းဖွဲ့ခဲ့ပြီး အမတ် ၃၁၂ ဦး၏ ထောက်ခံမဲရရှိတော့မည် ဖြစ်သော်လည်း သတ်မှတ်ချက်ပြည့်မီရန် နောက်ထပ်အမတ် ၆၄ ဦး၏ ထောက်ခံမဲ လိုအပ်နေသေးသည်။
ယခုလို စိန်ခေါ်မှုများနှင့် ကြုံနေရသည့်အချိန်မှာပဲ မီဒီယာကုမ္ပဏီတစ်ခုတွင် ပီတာက အစုရှယ်ယာ ပိုင်ဆိုင်မှုသည် ထိုင်းရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းဖောက်ဖျက်ရာရောက်ကြောင်း တိုင်ကြားချက်ကို ကျိုးကြောင်းဆီလျော်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပြန်သည်။ ထို့အပြင် ဝန်ကြီးချုပ်သစ် မရွေးချယ်မီ တစ်ရက်အလိုတွင် ပီတာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားရန် ရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တိုင်ကြားထားခဲ့သည်။ ရွေးကောက်ပွဲရလဒ် ထွက်လာပြီးနောက် Move Forward ပါတီက ယခုလို အဟန့်အတားများနှင့် ရင်ဆိုင်လာရခြင်းသည် ဒီမိုကရေစီ အခွင့်အရေးများနှင့် ဆန့်ကျင်နေသည့် နိုင်ငံ၏ တင်းကျပ်ပြီး ပြင်းထန်သော ဥပဒေများကို ပြုပြင်ပြောင်းလဲရန် လိုလားသောကြောင့် ဖြစ်သည်ဟု စောင့်ကြည့်လေ့လာသူများက ထောက်ပြဝေဖန်ခဲ့ကြသည်။
ပီတာ တို့ပါတီ အစိုးရဖွဲ့ရန် မဖြစ်နိုင်တော့သည့်အချိန်တွင် ၁၀ ဦးအကွာဖြင့် ဒုတိယ အများဆုံး အနိုင်ရထားသည့် Pheu Thai (ဖွေ့ထိုင်း) ပါတီက ဦးဆောင်ပြီး ဝန်ကြီးချုပ် တင်မြောက်ကာ အစိုးရဖွဲ့ခဲ့ကြသည်။ အများဆုံးနိုင်သည့် Move Forward ပါတီက အတိုက်အခံပါတီ ဖြစ်သွားပါသည်။ ထိုင်းနိုင်ငံ၏ ယခုလို ဖြစ်ရပ်မျိုးကို ထိုင်း – မြန်မာ ဆက်ဆံရေးကို လေ့လာဆန်းစစ်သူ ISP (Myanmar) ၏ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက နိုင်သူအကုန်ယူ မဟုတ်ဘဲ ရှုံးသူအကုန်ယူ ဖြစ်သွားသည်ဟု ဘီဘီစီမြန်မာပိုင်းနှင့် ဆက်သွယ်မေးမြန်းချက်တွင် ထောက်ပြခဲ့သည်။
Pita (ပီတာ) က “ထိုင်းနိုင်ငံဟာ မေလ ၁၄ ရက်ကတည်းက ပြောင်းလဲသွားပြီလို့ ကျွန်တော်ထင်ပါတယ်။ တစ်ကယ်လို့ ပြည်သူတွေက တစ်ဝက်အောင်နိုင်ခဲ့ရင် အခြားသော လမ်းခရီးတစ်ဝက် လိုပါသေးတယ်။ ကျွန်တော့် တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခဲ့ပေမဲ့ ဒီမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို စုပေါင်းပြီး ပြည်သူတွေကို ဂရုစိုက်ပေးကြပါလို့ မှာချင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် လွှတ်တော်ဥက္ကဌ။”ဟု လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံရသဖြင့် လွှတ်တော်အစည်းအဝေး ခန်းမထဲမှထွက်ခွာခဲ့စဉ် ပြောကြားခဲ့သည်ကို Bangkok Post သတင်းစာ၌ တွေ့ရှိရပါသည်။
Move Forward ပါတီနှင့် ပီတာ၏ အဖြစ်အပျက်ကိုကြည့်လျှင် ထူးချွန်ထက်မြက်ပြီး ခေါင်းဆောင်ဖြစ်ရန် အရည်အချင်းနှင့် ပြည့်မီသော်လည်း စစ်တပ်နှင့် အာဏာရှင်စနစ်၏ အငွေ့အသက် မကုန်းခမ်းသေးသော အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် လူငယ်နိုင်ငံရေး သမားများ ခေါင်းဆောင်မှုနေရာရရှိရန် ခက်ခဲနေဆဲဖြစ်သည်ကို ပြသနေပါသည်။ ထို့အပြင် ဒီမိုကရေစီနည်းအရ ပြည်သူလူထုပေးလိုက်သော ဆန္ဒမဲရလဒ်များလည်း လျစ်လျှူရှုခြင်းခံရသည်ကို ပြသနေပါသည်။