ရေကြည်ရာမြက်နုရာ ရှာဖွေလာကြသော ကချင်လူငယ်များ
By YUME. 7 September 2023 – Kachinwaves
၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်း နိုင်ငံရေး ဆိုးရွားလာမှုနှင့် အခွင့်အလှမ်းရှားပါးလာပြီး စားဝတ်နေရေး ပိုမိုခက်ခဲလာသောကြောင့် ကချင်လူငယ် တော်တော်များများက ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ရန် ပြင်ဆင်လာကြသလို ပြည်ပတွင် ကျောင်းတစ်ဖက်နှင့် အလုပ်လုပ်နိုင်ရန် တာစူလာကြသည်။ ယင်းပြည်ပသို့ ထွက်ခွာမည့် လမ်းစကလည်း အနာဂါတ်ပျောက်နေသည့် လူငယ်များအတွက် အလင်းရောင်လေး တစ်စလို ဖြစ်နေပါသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်ပထွက်ခွာ၍ ကျောင်းတက်ခြင်းနှင့် အလုပ်လုပ်ကိုင်သော ကချင်လူငယ်အရေအတွက် အတိအကျ မသိရှိနိုင်သော်လည်း နှစ်စဉ်ရာနှင့်ချီသော ကချင်လူငယ်များ မိမိနိုင်ငံမှ ထွက်ခွာနေကြကြောင်းကို ယခုဆောင်းပါအတွက် ဖြေကြားခဲ့သည့် ပြည်ပရောက် ကချင်လူငယ်များ၏ ပြောပြချက်များအရ ခန့်မှန်း သိရှိရပါသည်။ ကချင်လူငယ်အများစု သွားရောက်နေသည့် နိုင်ငံများမှာ ထိုင်ဝမ်၊ ကိုးရီးယား၊ ဂျပန်၊ စင်္ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံများ ဖြစ်ကြောင်း သိရပါသည်။
ပြောင်းလဲသွားသော နိုင်ငံရေးနှင့် လူငယ်များ၏ အလုပ်အကိုင်နှင့် ပညာရေး အခြေအနေ
မြန်မာနိုင်ငံ၏ နိုင်ငံရေး မရေးရာမှုများကြောင့် အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များ ပြည်တွင်းမှ ထွက်ခွာမှုများလာခြင်းသည်လည်း လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလှမ်း ရှားပါးလာမှုဖြစ်ရသည့် အကြောင်းရင်း တစ်ခုဖြစ်သည်။ မြစ်ကြီးနား ဘုန်းတော်ကြီးတပိုင် ဗဟိုလူငယ်ကော်မတီမှ ကော်မတီဝင်တစ်ဦးက သာသနာ့ အသင်းတော်ထဲက လူငယ်တော်တော်များများသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပညာရေး ရပ်တန့်နေမှုများ ကြုံတွေ့ရသောကြောင့် အသက် ၂၀ မှ ၂၅ နှစ်ကြားအရွယ် လူငယ် ၁၀ ယောက်ထဲမှ ၈ ယောက်က ကိုးရီးယား၊ ဂျပန်နှင့် ထိုင်ဝမ် နိုင်ငံများသို့ သွားရောက်ပြီး ပညာသင်ယူလျှက် အလုပ်လုပ်ကိုင်ရန် တာစူနေကြကြောင်း ပြောပါသည်။
“လက်ရှိ မြန်မာနိုင်ငံမှာ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကျန်နေတဲ့ လူငယ်တွေက ဆုပ်လည်းစူး စားလည်းရူးဖြစ်နေတဲ့ အခြေအနေ ဖြစ်တယ်။ နိုင်ငံခြားမှာ ကျောင်းတက်ရင်း အလုပ်လုပ်နိုင်ဖို့လည်း ခက်ခဲပြီး လက်ရှိ နိုင်ငံတွင်းက ကျောင်းမှာပဲ မချစ်သော်လည်း အောင့်ကာနမ်း တက်လိုက်ရတဲ့ လူငယ်တွေ အများကြီး ရှိတယ်။ ကိုဗစ်ကနေ တစ်ပိုင်းတစ်စ ဖြစ်နေတယ်။ ဒီနိုင်ငံမှာပဲ နေဖို့ကလွဲပြီး ရွေးချယ်စရာ လမ်းမရှိတာကြောင့် ဒီနှစ်ပိုင်းမှာပဲ စစ်ပညာရေးရဲ့ တက္ကသိုလ်ကို တက်သွားတဲ့ သူတွေ အများကြီးကိုလည်း တွေ့ရတယ်။”ဟု အဆိုပါ လူငယ်ကော်မတီဝင်တစ်ဦးက ပြောသည်။ အခြားတစ်ဖက်တွင်လည်း လူမှုဖွံ့ဖြိုးရေးကျောင်းများတွင် တက်ရောက်နေသည့် လူငယ်တော်တော်များများရှိကြောင်းလည်း ၎င်းကဖြည့်စွက်ပြောဆိုသည်။
ကချင်ပြည်နယ် အခြေစိုက် လူမှုရေးနှင့် ဖွံ့ဖြိုးရေး ဘာသာရပ်များကို သင်ကြားပေးသည့်ကျောင်းမှ ဆရာတစ်ဦး၏ ဖြေကြားချက်အရ ၎င်းတို့၏ ကျောင်းတွင် တက်ရောက်ခဲ့သည့် လူငယ်များ ယခင်က သက်ဆိုင်ရာ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများတွင် အလုပ်ဝင်ရောက်လုပ်ကိုင်သူများရှိသော်လည်း ၂၀၂၁ ခုနှစ် နောင်းပိုင်းတွင် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူ များပြားလာကြောင်း သိရပါသည်။ ၄င်းတို့၏ ကျောင်းမှ ကျောင်းသားဟောင်းများ အများစုသွားရောက်ကြသည့် နိုင်ငံများမှာ စင်္ကာပူနှင့် မလေးရှား နိုင်ငံများဖြစ်ကြောင်း သိရှိရပြီး အင်ဒိုနီးရှား နိုင်ငံတွင် ပညာဆက်လက် သင်ယူသူများလည်းရှိကြောင်း အဆိုပါဆရာက ထည့်သွင်းဖြေကြားခဲ့သည်။ ယခုကဲ့သို့ ကချင်လူငယ်များ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ရန် ဦးစားပေးလာခြင်းမှာ အလုပ်အကိုင် ရှားပါးလာမှုနှင့် လုပ်ခလစာ နည်းသည့်အတွက်ကြောင့် ဖြစ်သည်ဟု ၄င်းက ဖြည့်စွက်ပြောဆိုပါသည်။
အခြားသင်တန်းကျောင်း ဆရာမတစ်ဦးကလည်း ပြည်တွင်း နိုင်ငံရေး ပြောင်းလဲသွားသည့် နောက်ပိုင်းတွင် ပညာရေးဘာသာရပ်နှင့် ကျောင်းပြီးထားသူများသည် အလုပ်အကိုင်ရရှိရန် ပိုမိုလွယ်ကူပြီး ပညာရေးနယ်ပယ်တွင် လိုသလောက်မရရှိသည့် အခြေအနေပင် ကြုံတွေ့ရသည်ဟု ဆိုသည်။
ရေခြားမြေခြား သွားရသည့် ဒုက္ခနှင့် သုက္ခများ
လက်ရှိကာလတွင် ပြည်ပထွက်ခွာရန် သက်ဆိုင်ရာ နိုင်ငံသံရုံးများတွင် မြန်မာနိုင်ငံသားများ ဗီဇာလျှောက်ထားရာ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာကို အကြောင်းပြကာ ဗီဇာငြင်းဆိုခံရသူများလည်း တော်တော်များများ ရှိနေကြောင်း သိရပါသည်။ ပြည်တွင်းဘဝ အကြပ်အတည်းများကြောင့် မြန်မာနိုင်ငံက လူငယ်များ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ရာတွင် တရားဝင်လမ်းကြောင်းမှတစ်ဆင့် သွားရောက်လုပ်ကိုင်သူများရှိသကဲ့သို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လုပ်ကိုင်သူများလည်းရှိပြီး ဖမ်းဆီးခံရမှုများကိုလည်း မကြာခဏ ကြုံတွေ့ရကြောင်း ထိုင်းနှင့် မလေးရှားသတင်းများတွင် တွေ့မြင်နိုင်ပါသည်။
ထို့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများသည် နိုင်ငံခြားသားများအကြား ခွဲခြားဆက်ဆံခံရမှုများကိုလည်း မကြာခဏ ကြုံတွေ့ရကြောင်း ယခုဆောင်းပါးအတွက် ဖြေကြားခဲ့သည့် ပြည်ပရောက် ကချင်လူငယ်များက ပြောကြသည်။ မကြာသေးမီက ကိုးရီးယားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး အမေရိကန်ဒေါ်လာငွေ လှဲလယ်ရာ၌ အတုဖြစ်ကြောင်း စိစစ်တွေ့ရှိမိသည့်နောက်ပိုင်း မြန်မာနိုင်ငံသားများ ဘဏ်များတွင် ငွေလှဲငွေလွှဲရန် ငြင်းဆိုခံရမှုကိုလည်း ကြုံခဲ့ရကြောင်း ကိုးရီးယားရောက် ကချင်လူငယ် အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ လူငယ်အမျိုးသမီးသည် ကိုးရီးယားသို့ သွားရောက်နိုင်ရန် ရန်ကုန် ကိုးရီးယား သံရုံး၌ ဗီဇာလျှောက်သည့်အချိန်ကလည်း ခက်ခက်ခဲခဲ ကြုံတွေ့ခဲ့ရသည်ဟု ဆိုပါသည်။ တုံကင် နံပါတ်ရဖို့အတွက် သံရုံးရှေ့၌ ညနေ ၅ နာရီမှစတင်ပြီး တန်းစီးခဲ့ရကာ ညသန်းခေါင်း ၁၂ နာရီခန့်ရောက်လာချိန်တွင် စစ်ကောင်စီရဲများ ကင်းလှည့်လာသည်ဟု ကြားရသောကြောင့် ဝရုန်းတုန်းကား ထွက်ပြေးခဲ့ရပြီး နီးစပ်ရာ အဆောက်အဦးတစ်ခု၏ လုံခြုံရေးဝန်ထမ်းကို အကူအညီတောင်းပြီး နံနက် ၃ နာရီအထိ ပုန်းရှောင်ခဲ့ရ၍ ညနေစာလည်း ငတ်ခဲ့ရကြောင်း ကိုးရီးယား ဗီဇာရဖို့အရေး ကြိုးစားခဲ့ရသည့် အခက်အခဲကို ပြန်ပြောင်း ပြောပြသည်။ ကိုးရီးယားသို့ ရောက်ရှိပြီးချိန်တွင်လည်း သူမ တက်ရောက်နေသည့်ကျောင်းတွင် မွန်ဂိုးလီးယား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံက ကျောင်းသူ၊ ကျောင်းသားများ များပြားပြီး အချိန်ပိုင်း အလုပ်လျှောက်ရာတွင် မြန်မာနိုင်ငံသားများကို သိပ်မကြိုက်ဘဲ ဗီယက်နမ် နိုင်ငံသားများကိုသာ ပိုမိုအလုပ်ခန့်သည်ကို ကြုံတွေ့ရကြောင်းလည်း ပြောသည်။
မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်လျှင် လုံခြုံမှုမရှိသည့်အပြင် လုပ်ခလစာနည်းပါးသည့်အတွက် ထိုင်ဝမ်တွင် ကျောင်းတစ်ဖက်နှင့် အလုပ်လုပ်ကိုင်နေသည့် ကချင်လူငယ် အမျိုးသမီးတစ်ဦးက “နိုင်ငံရေး ကောင်းတဲ့အချိန် ပြည်ပကိုထွက်ဖို့ လုံးဝ စိတ်မကူးခဲ့ဘူး။ ကိုယ့်မိသားစုနဲ့ အတူတူနေပြီး ကိုယ်ရတဲ့ အလုပ်မှာ အကောင်းဆုံး လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပေမဲ့ နိုင်ငံရေးကြောင့် ပြည်ပကို ထွက်လာခဲ့တယ်။ ကိုယ့်နိုင်ငံမှာ ဘွဲ့ရပညာတတ်ဖြစ်တာကြောင့် အရမ်းကြီးတော့ မဟုတ်ပေမဲ့ နေရာတစ်ခုမှာ ကိုယ်လုပ်နိုင်တဲ့ အခြေအနေ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီနိုင်ငံရောက်တဲ့အခါ လုံးဝ အောက်ခြေက ပြန်စလုပ်ရတယ်။ ဒါကြောင့် အစပိုင်းမှာ ခက်ခဲမှုရှိခဲ့တယ်။”ဟု သူမက ပြောသည်။
ပြည်ပနိုင်ငံသို့ ထွက်ခွာနိုင်ဖို့လည်း ငွေကြေးလိုအပ်ချက်တော့ ရှိသည်ဟု ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသည့် အသက် ၂၁ နှစ်အရွယ် ကချင်ပြည်နယ် ဗန်းမော်မြို့မှ ကချင်လူငယ်တစ်ဦးက ပြောသည်။
“သူများနိုင်ငံကို အလုပ်လုပ်နိုင်ဖို့ ပြင်ဆင်တဲ့အထဲမှာ အခက်အခဲဆုံးကတော့ ငွေရေးကြေးရေးဖြစ်တယ်။”ဟု အဆိုပါ လူငယ်က ဆိုသည်။
မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် ကချင်လူငယ်တစ်ဦးကလည်း ယခုလိုပြောပါသည်။ “မြန်မာနိုင်ငံမှာတော့ ကိုယ့်ပညာအရည်အချင်းနဲ့ အလုပ်နေရာတစ်ခုမှာ ရာထူးတစ်ခုနဲ့ နေခဲ့ရပေမဲ့ အခုဒီကိုရောက်တော့ စားသောက်ဆိုင်မှာ လုပ်ကိုင်ရတယ်။ အရင်က ကိုယ့်အစ်မရဲ့ ဆိုင်မှာတောင် မလုပ်ကူခဲ့ဖူးတာ၊ အခုတော့ သူများရဲ့ လက်အောက်မှာ အလုပ်ဝင်ရတော့ ကိုယ့်ပညာအရည်အချင်းနဲ့ တစ်လမ်းစီဖြစ်သွားတယ်။ ပြီးတော့ ကိုယ့်စီနီယာတွေရဲ့ နှိမ်တာခံရရင် အရမ်းဝမ်းနည်းရတယ်။”ဟု ပြောသည်။
မလေးရှားရောက် ကချင်လူငယ်အများစုသည် လက်သည်းဆိုင်၊ အကြောပြင်အနှိပ်ခန်းနှင့် စားသောက်ဆိုင်များတွင် အများစု ဝင်ရောက်လုပ်ကိုင်ကြကြောင်း သိရသည်။ လက်ရှိ မလေးရှားသို့ ရောက်ရှိနေသော လူငယ်အများစုမှာ အသက် ၁၈ နှင့် ၃၀ နှစ်ကြားဖြစ်ပြီး အမျိုးသမီးအရေအတွက် ပိုများသည်ဟု အဆိုပါ မလေးရှားရောက် ကချင်လူငယ်က ဆိုသည်။
သူများနိုင်ငံတွင် လုပ်ကိုင်နေရသည့်အတွက် အစစအရာရာ သတိထား ဆင်ခြင်နေထိုင်ရပြီး၊ ပြည်ပတွင် ကိစ္စရပ်တစ်ခုခုမှားပြီး ပြဿနာကြုံတွေ့ရလျှင် မိမိကိုကာကွယ်ပေးမည့် ခိုင်မာသည့် အဖွဲ့အစည်းမရှိဘဲ နိုင်ငံခြားရောက် လုပ်သားများ ကြားတွင်လည်း ခွဲခြားဆက်ဆံမှုများ မကြာခဏ ကြုံတွေ့နေကြရကြောင်း ဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ ဘန်ကောက်တွင် Bachelor (ဘွဲ့ကြို) အတန်းကို တက်ရောက်နေသူ ကချင်ကျောင်းသူတစ်ဦးကလည်း မြန်မာနိုင်ငံတွင် တက္ကသိုလ်တက်ခဲ့သော်လည်း ဘွဲ့လက်မှတ်ရယူရန် အဆင်မပြေမှုရှိခဲ့ပြီး ဘန်ကောက်တွင် ပညာရေးကို ဆက်လက်သင်ယူနေသည်မှာ ၃ နှစ်မြောက်ထဲဝင်နေပြီဟု ဆိုသည်။ သူမ ကျောင်းတက်ရန် ပြင်ဆင်ချိန်တွင် အကြံပေးလမ်းညွှန်ပေးမည့်သူ မရှိခဲ့သောကြောင့် မိမိတက်ရောက်မည့် ကျောင်းရွေးချယ်ရန်နှင့် ဗီဇာရရှိရန် လုပ်ဆောင်ရာတွင် အခက်အခဲရှိခဲ့ကြောင်း ပြောသည်။
“အလုပ်လုပ်ချင်တဲ့ လူငယ်တွေ၊ ကျောင်းတက်နေတဲ့ လူငယ်တွေက (မြန်မာ) အစိုးရကို ယုံကြည်မှု မရှိတော့ဘူး။ အစိုးရကလည်း ပြည်သူအတွက် ရပ်တည်ပေးတဲ့ အစိုးရမဟုတ်တာကြောင့် လူတိုင်းက မိသားစုကို ပြန်လည်ထောက်ပံ့နိုင်ဖို့ဆို ဝင်ငွေအဆင်ပြေတဲ့ နေရာကို ရွှေ့ပြောင်းရမှာပဲ။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်လည်း မိမိကို အာမ မခံပေးနိုင်တာကြောင့် အားလုံးက အစိုးရတည်ငြိမ်တဲ့နေရာကို ပြောင်းရွှေ့ရတာပဲ။ ဒီက အစိုးရကလည်း ကိုယ်တွေကို သူ့နိုင်ငံသူ၊ နိုင်ငံသားတွေလို မဆက်ဆံပေမဲ့ အလုပ်လုပ်နိုင်ဖို့၊ ကျောင်းတက်နိုင်ဖို့ ဗီဇာပေးထားတယ်။ ဗီဇာအတွက် ပုံမှန်ပေးရမဲ့ ငွေကြေးတွေပေးထားနိုင်ရင် လုံခြုံတယ်။ ဘယ်သူမှလည်း လာမရိုက်ဘူး။ ဒါပေမဲ့ နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့သူတွေလည်း ဗီဇာနေထိုင်မှုတွေနဲ့ ပတ်သက်ပြီး ခက်ခဲမှုတွေ အများကြီးကြုံရတယ်။ အခက်အခဲတွေ အများကြီးကြုံတွေ့ရပေမဲ့ ကိုယ့်ရဲ့အစိုးရ မိဘလို့ပြောမယ့်သူက မကောင်းတာကြောင့် မဖြစ်မနေ နိုင်ငံကနေ ထွက်ခွာရတဲ့သူတွေ များလာတာကို တွေ့ရတယ်။”ဟု သူမက ဆက်လက်ပြောပြသည်။
ကျောင်းသားဗီဇာ လုပ်ဆောင်မှုတွင် ယခင်က အနည်းငယ်လွယ်ကူခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ချင်းမိုင်တက္ကသိုလ် တက်ရောက်မည့် ကျောင်းသားများအတွက် ခက်ခဲမှုများ ရှိလာကြောင်းကိုလည်း သိရှိရပါသည်။ ခက်ခဲလာရခြင်းမှာ ချင်းမိုင်တက္ကသိုလ်တွင် တက်ရောက်သော မြန်မာနိုင်ငံမှ ကျောင်းသားများကို နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်နေသည်ဟု ယူဆလာသည့်အတွက်ကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါ ထိုင်းနိုင်ငံတွင် ကျောင်းတက်နေသည့် ကချင်လူငယ်က ပြောသည်။
ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်သည်မှာ ၅ နှစ်ပြည့်သွားပြီဖြစ်သည့် ကချင်လူငယ် အမျိုးသမီးတစ်ဦးကလည်း ရောက်ခါစတွင် နိုင်ငံ၏ အလေ့အထ မတူညီမှုများကြောင့် ကျောင်းတစ်ဖက်နှင့် အလုပ်လုပ်ရသည်မှာ စိတ်ပင်ပန်းမှုနှင့် ကိုယ်ပင်ပန်းမှုများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ ကျောင်းတက်ရန် ရည်ရွယ်ထားသည့် လူငယ်များအနေဖြင့် စာကို သေချာလေ့လာခဲ့စေလိုကြောင်း သူမက ယခုလိုပြောပါသည်။
“ဂျပန်နိုင်ငံက ကိုယ့်ကျောင်းစရိတ်၊ နေစရိတ်ကို ကိုယ့်ဟာကို ရှာနိုင်တာကြောင့် ကိုယ့်ဟာကို ရပ်တည်နိုင်တယ်။ ကိုယ့်ရည်မှန်းချက်ကို ပြည့်နိုင်တာကြောင့် ဂျပန်ကို ရွေးခဲ့တယ်။ ဂျပန်နိုင်ငံကို စကော်လာ (ပညာသင်ဆု) နဲ့ လာမယ်ဆိုရင်လည်း အခွင့်အရေးများတယ်။ ပထမ တစ်နှစ်က နေစရိတ်၊ စားစရိတ်ကို ကိုယ့်ဘာသာကိုယ်ရှာရတယ်။ ဒုတိယ တစ်နှစ်က ကျောင်းက စကော်လာရတယ်။ ဒါကြောင့် သက်သာတယ်။ ဂျပန်နိုင်ငံက အခွင့်အရေးတွေများတယ်။”ဟု ဆိုသည်။
လူငယ်များအနေဖြင့် အလုပ်လု်ပရန်ပဲဖြစ်ဖြစ်၊ ကျောင်းတက်ရန်ပဲဖြစ်ဖြစ် မိမိသွားမည့် နိုင်ငံ၏ ဘာသာစကား ပြောဆိုနိုင်လျှင် အလုပ်ဝင်လုပ်ရသည်မှာ ပိုမိုအဆင်ပြေစေသည်ဟု နိုင်ငံအသီးသီးတွင် ရောက်ရှိနေပြီး ယခုဆောင်းပါအတွက် မေးမြန်းချက်များကို ဖြေကြားပေးသည့် ကချင်လူငယ်များက ဆိုသည်။
ကချင်လူငယ်များသည် အခြေအနေ အရပ်ရပ်ကြောင့် ပြည်တွင်းမှ ထွက်ခွာမှုတစတစများလာသည်မှာ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲကြောင့်သာ မဟုတ်ဘဲ လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက ဖြစ်ပါသည်။ သို့သော်လည်း ပြည်ပထွက်ခွာမှု အရေအတွက် သိသိသာသာ ပိုမိုများပြားလာသည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာသည်ကို တွေ့ရှိရသည်။ ပြည်တွင်း နိုင်ငံရေး ပြဿနာ မပြေလည်သရွေ့ကတော့ ကချင်လူငယ်များ သာမက လူငယ်တော်တော်များများသည် အိမ်မက်သစ်ကို ရှာဖွေဖို့ တစ်နည်းတစ်ဖုံ စွန့်စားရှာဖွေကြမည်သာ ဖြစ်ပါသည်။