အကြောက်တရား ရိုက်သွင်းနေတဲ့ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်ပေါ်က ခြိမ်းခြောက်မှုများ
ဆောင်းပါး။ 6 September 2023 – Kachinwaves
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ကို စစ်တပ်ကဝင်ရောက် စီးနင်းပြီး တစ်နှစ်ခွဲအရွယ် အမွှာကလေးငယ်တစ်ဦးကို ပစ်သတ်ပြီး မိခင်ဖြစ်သူနဲ့ နောက်အမွှာကလေး တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရတဲ့အမျိုးသမီးရဲ့ အိမ်ဘေးမှာနေထိုင်တဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ပစ်သတ်ခံခဲ့ရပါတယ်။
“ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တချို့ရှိတယ်” ဆိုပြီး စစ်ကောင်စီသတင်းပေး တယ်လီဂရမ်ချန်နယ်တွေရဲ့ စွပ်စွဲချက်တွေကြောင့် စစ်တပ်ကအခုလို စီးနင်းသတ်ဖြတ်မှုတွေ လုပ်ဆောင် သွားတာဖြစ်တယ်လို့ ဒေသခံတွေရဲ့အဆိုအရ သိရှိရကြောင်း “မောင်း” သတင်းမီဒီယာဌာနက ဩဂုတ် ၁၈ ရက်နေ့က ထုတ်ပြန်တဲ့သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
Facebook ရဲ့တင်းကြပ်တဲ့စည်းမျဉ်းနဲ့ မူဝါဒတွေကြောင့် စစ်ကောင်စီရဲ့ သတင်းမီဒီယာဌာနတွေ ပိတ်ပင်ခံ ရပြီးနောက်ပိုင်းမှာ စစ်လော်ဘီတွေဟာ သတင်းတု၊ သတင်းမှားတွေဖန်တီး လှုံ့ဆော်ရေးသားတာတွေ လုပ်ဆောင်ရန်အတွက် တယ်လီဂရမ်မှာ ပြောင်းလဲအခြေချလာတာဖြစ်ပါတယ်။
ဒီလိုမျိုး အမုန်းစကားပြောဆိုမှု၊ သွေးထိုး လှုံ့ဆော်မှုတွေကို လုပ်ဆောင်နေတဲ့ စစ်လော်ဘီတွေရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေ ၆၀ ကျော်ရှိတယ်လို့ တယ်လီဂရမ်ကို စောင့်ကြည့်နေတဲ့ အရပ်ဘက်သုတေသန အဖွဲ့အစည်းတွေရဲ့ လေ့လာချက်အရ သိရပါတယ်။
တယ်လီဂရမ်ဆိုတာ ၂၀၁၃ ခုနှစ်မှာ ရုရှားနိုင်ငံသား Pavel Durov က ဖန်တီးခဲ့တဲ့ လူတစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုလို့ရတဲ့ အွန်လိုင်းပလက်ဖောင်းတစ်ခုပဲ ဖြစ်ပါတယ်။ သုံးစွဲသူများ လုံခြုံစွာဆက်သွယ် ပြောဆိုနိုင်တဲ့ (end to end encryption) စနစ်ပါဝင်တဲ့အပြင် တယ်လီဂရမ်မှာ အဖွဲ့ဝင်နှစ်သိန်းအထိ ပါဝင် နိုင်တဲ့ Group Chat (အုပ်စုဖွဲ့စကားပြောခန်း) တည်ဆောက်လို့ ရနိုင်ပါတယ်။ ကိုယ်ပိုင်ချန်နယ်တွေ ဖန်တီး လို့ရပြီး အဖွဲ့ဝင် (members) အရေအတွက်ကို ကန့်သတ်ထားခြင်း မရှိပါဘူး။ အခြားဆိုရှယ်မီဒီယာ ပလက် ဖောင်းတွေလို တင်းကြပ်တဲ့စည်းမျဉ်းတွေ ချမှတ်မထားတဲ့အပြင် အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက် အလက်တွေကို ကွယ်ဝှက်ထားနိုင်တာကြောင့် တယ်လီဂရမ်ဟာ နိုင်ငံရေး လော်ဘီလိုမျိုး ဝါဒဖြန့်သူတွေနဲ့ အကြမ်းဖက် လှုံ့ဆော်လိုသူတွေ အခြေချတဲ့နေရာ ဖြစ်လာပါတယ်။
စစ်အာဏာသိမ်းကာလအတွင်းမှာ ရှင်သန်နေရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက်တော့ လူ့အခွင့်အရေး ကြေညာစာတမ်းထဲမှာ ဖော်ပြထားတဲ့ လူထုရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ပိုင်ခွင့်ဆိုတဲ့အချက်နဲ့ သက်ဆိုင်ခြင်း မရှိသလိုပါပဲ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတာကို မလိုလားတဲ့ စစ်ကောင်စီဟာ အာဏာသိမ်း ကာလအစမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူထုကို လက်နက်အသုံးပြု အကြမ်းဖက်ဖြိုခွင်းခဲ့ ရုံတင် မကပဲ ဆိုရှယ်မီဒီယာ ပလက်ဖောင်းကနေ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ လူတွေကိုလည်း ဖမ်းဆီး ထောင်ချတာတွေ လုပ်နေတာပါ။
Facebook လိုမျိုး မြန်မာပြည်သူတွေ အသုံးများတဲ့ ဆိုရှယ်ပလက်ဖောင်းပေါ်မှာ နိုင်ငံရေးနဲ့ပက်သက်တဲ့ အကြောင်း အရာတွေ တင်တဲ့သူတွေ အထူးသဖြင့် စစ်တပ်ကိုဆန့်ကျင်တဲ့ အကြောင်းအရာတွေနဲ့ ဆန့်ကျင် ဘက် အဖွဲ့အစည်းတွေဖြစ်တဲ့ NUG၊ CRPH တို့လို အဖွဲ့အစည်းတွေကို ထောက်ခံကြောင်း ရေးသားပြော ဆိုနေတဲ့သူတွေကို စစ်လော်ဘီတွေက အဓိကထား စောင့်ကြည့်နေတာဖြစ်တယ်လို့ Beautifier of Diversity Network ရဲ့ တယ်လီဂရမ် စောင့်ကြည့်လေ့လာသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ပက်သက်တာပဲဖြစ်ဖြစ် သူ့ရဲ့နိုင်ငံရေး အမြင်ကိုပဲဖြစ်ဖြစ် ပို့စ်တက်လာရင် တက်လာတဲ့ ပို့စ်ကို screen shot ယူတယ်။ screen shot ယူပြီးရင် (တယ်လီဂရမ် ချန်နယ်တွေမှာ) ပြန်တင်တယ်။ အဲ့ကိုယ်ရေး အချက်အလက်ကလည်း ဘယ်ကရလည်းဆိုတော့ အများစုက Facebook ပရိုဖိုင် (profile) ကို မွှေပြီးတော့ ရကြတာ”
စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေ ရေးသားဖြန့်ဝေသူတွေ၊ စစ်တပ်ကို မလိုလား ဆန့်ကျင်တဲ့ အကြောင်းအရာ ရေးသားဖြန့်ဝေတဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့အတူ ဖမ်းဆီး ပေးဖို့ လှုံ့ဆော်ရေးသားတဲ့စာတွေကို စစ်လော်ဘီတွေရဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ တွေ့ရတယ်လို့ သူမကဆက်ပြောပါတယ်။
“သူတို့က မြို့သိပြီဆိုတာနဲ့ ဥပမာထားပါတော့၊ ဘယ်သူကတော့ ဒီပို့စ်တင်တယ်။ အဲ့ဒီမြို့ကရွှေဘ (နယ်မြေခံရဲ) တွေ အလုပ်လုပ်ဆိုပြီးတော့ လှမ်းတို့တာပဲ။ ရွှေဘတွေ အလုပ်မလုပ်ကြဘူးလား။ ဒီမြို့မှာနေတဲ့သူက ဒါမျိုးပို့စ်တင်တယ်ဆိုပြီး ရဲကိုတို့တဲ့အခါ ရဲကလည်း မနေနိုင်ဘူး။ အရေးယူမှု တစ်စုံတစ်ရာလုပ်ပြရတဲ့အဆင့် သူတို့မှာရှိနေတာ ”
ဒီလိုမျိုး စစ်လော်ဘီတွေရဲ့ လှုံ့ဆော်မှုနောက်မှာ လက်တွေ့လုပ်ဆောင်မယ့် စစ်ကောင်စီ လက်အောက်ခံ တွေကလည်း ရှိနေပြန်တာကြောင့် လူထုက ဆိုရှယ်မီဒီယာကို သတိထားပြီး အသုံးပြုနေပေမယ့် လော်ဘီ တွေက ပုံစံအမျိုးမျိုးနဲ့ စုံစမ်းထောက်လှမ်းနေတာကြောင့် ဖမ်းဆီးခံရသူတွေဟာ ဆက်တိုက်ရှိနေဆဲ ဖြစ် ပါတယ်။
နည်းလမ်းပုံစံအမျိုးမျိုးနဲ့ နောက်ယောင်ခံလိုက်နေတဲ့ စစ်လော်ဘီတွေကြောင့် လက်နက်ကိုင် တော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက ရွှေဘိုမြို့မှာတောင် ပြီးခဲ့တဲ့ ဇူလိုင်လရဲ့ ပထမတစ်ပတ်ထဲမှာတင် ဖမ်းဆီး ခံရတဲ့သူတွေ ခုနှစ်ဦးထက်မနည်းရှိတယ်လို့ ရွှေဘိုဒေသခံ အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။
“ဒီကောင်တွေက ကိုယ့်ဘက်ကလူလို အယောင်ဆောင်ပြီး လိုက်စုံစမ်းတာ။ ပြီးတော့ သတင်းတွေရဲ့ အောက် မှာ comment (မှတ်ချက်) ပေးတဲ့သူတွေကိုပါ လိုက်ဖမ်းတာ။ ဒီနောက်ပိုင်း အဲ့လိုပုံစံနဲ့ ဖမ်းခံ ရတဲ့သူ တော်တော်များတယ်။”လို့ ဆိုပါတယ်။
လော်ဘီချန်နယ်တွေ ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတဲ့ နောက်ထပ်တစ်ခုက NUG အသိအမှတ်ပြု ကြား ကာလအွန်လိုင်း ပညာသင်ကြားရေးကျောင်းတွေ ဖြစ်ပါတယ်။ ကျောင်းသား၊ ဆရာတွေရဲ့ အချက် အလက်တွေရဖို့အတွက် ကျောင်းမှာလုပ်ကိုင်နေတဲ့ အဖွဲ့ဝင်တွေကို ကျောင်းသား၊ မိဘလိုပုံစံမျိုးနဲ့ အသွင်ယူချဉ်းကပ်တဲ့ လုပ်ဆောင်မှုတွေ ရှိတယ်လို့ တယ်လီဂရမ် စောင့်ကြည့်လေ့လာသူ အမျိုးသမီးက ဆိုပါတယ်။
ဒီလိုပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းတွေက ကလေးငယ်တွေဟာ ကလေးသူငယ် အခွင့် အရေးဖြစ်တဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ဆုံးရှုံးရတဲ့အပြင် ကလေးရဲ့ မိသားစုဝင်တွေကိုပါ စစ်တပ်က ဝရမ်းထုတ်ပြီး ဖမ်းဆီးခိုင်းတာမျိုးတွေ ရှိတယ်လို့လည်း သူမက ပြောပါတယ်။
စစ်ရေးကိစ္စရပ်တွေမှာဆိုရင်လည်း စစ်လော်ဘီရဲ့တယ်လီဂရမ်ချန်နယ်တွေဟာ အတော်အတန် လွှမ်းမိုး နိုင်စွမ်းရှိနေပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကစပြီး ဧပြီလ ၁၀ ရက်နေ့အထိ ရွှေကူမြို့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးခဲ့ပြီး ရွှေကူဒေသက ကျေးရွာ ၁၂ ရွာမီးရှို့ခံခဲ့ရပါတယ်။
အဆိုပါဖြစ်စဉ်မတိုင်မှီ မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တစ်ခုဖြစ်တဲ့ Pan media မှာ NLD အဖွဲ့ဝင်တွေ၊ NUG နဲ့ KIA၊ KPDF အဖွဲ့တွေဟာ ရွှေကူဒေသထဲမှာ လှုပ်ရှားနေ တယ် ဆိုပြီး တည်နေရာ တိတိကျကျနှင့်တကွ ရေးသားထားတာမျိုး ရှိခဲ့ပါတယ်။ နောက် ရက်အနည်းငယ် အကြာ မှာပဲ လော်ဘီတွေ ညွှန်းခဲ့တဲ့ဒေသမှာ တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွါးခဲ့ပြီး ကျေးရွာတွေ မီးရှို့ခံခဲ့ ရပါတယ်။
သတင်းတုနဲ့ အမုန်းစကားလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ ဇွန်လအတွက်ထုတ်ပြန်တဲ့ အစီရင်ခံစာရဲ့ သုံးသပ်ချက်မှာဆိုရင် စစ်လော်ဘီတွေဟာ စစ်တပ်ဆန့်ကျင်တဲ့ ကမ်ပိန်းတွေနဲ့ ပက်သက်ပြီး ဖေ့ဘုတ်၊ တယ်လီဂရမ် တစ်တော့လို အွန်လိုင်းပလက်ဖောင်းတွေမှန်သမျှကို စောင့်ကြည့်လေ့လာပြီး အွန်လိုင်းမှ တစ်ဆင့် ခြိမ်းခြောက်ဖမ်းဆီးရန် လှုံ့ဆော်မှုတွေကို တွေ့ရတဲ့အပြင် အကြမ်းဖက်ဖမ်းဆီးခံရမှုတွေလည်း အများအပြားတွေ့ရတယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် အဆိုပါသုံးသပ်ချက်မှာ တော်လှန်ရေး၊ ဘာသာရေး၊ လူမျိုးရေးတွေနဲ့ ပက်သက်ပြီး တွေ့မြင်ရတဲ့ အမုန်း စကားတွေဟာ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ရုံသာမက မြေပြင်မှာလည်း ပြင်းထန်တဲ့အကျိုးသက် ရောက်မှု ရှိခဲ့ပြီး စစ်တပ်နဲ့နီးစပ်တဲ့ အမျိုးသားရေးခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရတဲ့ဖြစ်ရပ်ကြောင့် တော်လှန်သူနဲ့ တပ်ထောက်ခံသူတွေအကြား အပြန်အလှန်အမုန်းစကားများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး အရပ် သားတွေကို လက်စားချေ တုံ့ပြန်မှုတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ စစ်အာဏာရှင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ဓားစာခံဖြစ်မသွားစေဖို့ ဒီအချိန် ဒီကာလမှာ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လုံခြုံရေးဟာ အရေးအကြီးဆုံးဖြစ်ပြီး စစ်လော်ဘီတွေ သားကောင်ရှာရာနေရာဖြစ်တဲ့ Social Media ဂရုစိုက် အသုံးပြုသင့်တယ်လို့ တယ်လီဂရမ် စောင့်ကြည့် လေ့လာသူအမျိုးသမီးက သတိပေးပြောဆိုပါတယ်။
စစ်လော်ဘီတွေ မိမိကိုနောက်ယောင်ခံလိုက်လို့ မရနိုင်အောင် Profile Lock ချထားသင့်ပြီး မိမိကိုနောက် ယောင်ခံလိုက်ဖို့လွယ်ကူနိုင်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ public မှာချပြတာတွေကို မလုပ် သင့်ဘူးလို့ သိရပါတယ်။
မိမိရဲ့လူနေမှုဘဝ လုံခြုံမှုရှိအောင် ပြင်ပလူနေမှုဘဝနဲ့ ဆိုရှယ်မီဒီယာအသုံးပြုခြင်းကို မိမိကိုယ်တိုင် သတိပြုဂရုစိုက်ခြင်းဖြင့် အာဏာလုစစ်ကောင်စီဖန်တီးတဲ့ အကြောက်တရားကို အထိုက်အလျောက် ကာကွယ်တားဆီးထားနိုင်တယ်လို့ တယ်လီဂရမ် စောင့်ကြည့်လေ့လာသူအမျိုးသမီးက ဆိုပါတယ်။