မျှော်လင့်ချက်ပေး မိန့်ခွန်းများထက် လက်တွေ့ဖော်ဆောင်သွားမည့် လုပ်ဆောင်ချက်များနှင့် ဖြစ်ပေါ်လာမည့် ရလဒ်များကို စောင့်ကြည့်လိုသည့် နှစ်တစ်နှစ်
ဆောင်းပါး။ 19 January 2023 – Kachinwaves
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ဒေသအသီးသီးတွင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အကြီးအသေး ပေါင်းများစွာ ပေါ်ထွက်လာသည့်အလျောက် ကချင်ပြည်နယ်၏ နိုင်ငံရေး အခြေအနေကို ဆန်းစစ်သုံးသပ်ရာတွင်လည်း အင်အားကောင်းပြီး ကချင်လူထု၏ ထောက်ခံမှုကို ရရှိထားသော Kachin Independence Organization (KIO) ၏ အခန်းကဏ္ဍသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် ယခင်ကထက် ပိုမိုအဓိကကျသည့် အနေအထားသို့ ဆိုက်ရောက်သွားသည်။ သို့ဖြစ်၍ နိုင်ငံရေးရည်မှန်းချက်ဖြင့် လက်နက်ကိုင်တော်လှန်နေသော အစဉ်အလာရှိသည့် KIO ၏ နိုင်ငံရေးနှင့် စစ်ရေးလှုပ်ရှားမှု အရွှေ့များသည် အလေးထား အာရုံစိုက်ရမည့်အရာ ဖြစ်လာသည်။
ဖွဲ့စည်းမှုတွင် KIO ကို နိုင်ငံရေးဦးဆောင်ပါတီအဖြစ် ဖွဲ့စည်းပြီး KIO ချမှတ်သည့် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် Kachin Independence Council (KIC) ကို စီမံအုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းသည်။ ထိုသို့ဖွဲ့စည်းမှုအရ KIO ဥက္ကဌသည် KIC ၏ အကြီးအကဲ ဖြစ်သည်။ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြစ်သည်နှင့်အညီ Kachin Independence Army (KIA) သည် KIO နှင့် KIC ၏ ဦးဆောင်လမ်းညွှန်မှုအောက်က အဓိကကျသည့် လက်နက်ကိုင်တပ် ဖြစ်သည်။
၂၀၂၃ ခုနှစ် နှစ်ဆန်းတွင် အများပြည်သူသို့ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသည့် KIO ဥက္ကဌ အပြောင်းအလဲ သတင်းထွက်ပေါ်လာသည်။ အွန်လိုင်း လူမှုကွန်ရက်ပေါ်သို့ ပြန့်နှံ့လာခဲ့သော ၎င်းအမိန့်စာတွင် ဒုဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင်အား ကေအိုင်အို ဥက္ကဌအဖြစ် (ယာယီ)ခန့်အပ်ကြောင်း ပါရှိသည်။ ယခင်ဥက္ကဌ အပြောင်းအလဲများကို ပြန်ကြည့်သည့်အခါ ဥက္ကဌအပြောင်းအလဲကို အရေးပေါ်ပြုလုပ်ရသည့်အခါ၌ဖြစ်စေ၊ ဥက္ကဌအပြောင်းအလဲ ခန့်အပ်ကြောင်းကို အများပြည်သူသို့ တရားဝင်ထုတ်ပြန်ကြေညာခြင်း မပြုလုပ်သေးသည့် ကာလအတွင်းဖြစ်စေ “ယာယီ”ဥက္ကဌဟု သုံးနှုန်းခဲ့သည်ကို တွေ့ရှိရသည့်အတွက် ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင်အား ဥက္ကဌအဖြစ်ခန့်အပ်ကြောင်းအမိန့်စာ၌ (ယာယီ)ပါရှိနေခြင်းသည် အစဉ်အလာ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု နားလည်ရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်း၌ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်ကောင်စီသည် အထီးကျန်အဖွဲ့အစည်းတစ်ခုလို ဖြစ်နေပြီဖြစ်ကြောင်းနှင့် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ အလားတူ KIA ဖွဲ့စည်းခြင်း နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင်လည်း တစ်နိုင်ငံလုံး၌ တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး NUG အစိုးရကို ဝန်းရံရန်လိုအပ်သည်ဟု ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောဆိုခဲ့သည်။ ထို့နောက် KIO ဖွဲ့စည်းခြင်း ၆၂ နှစ်မြောက်နေ့ မိန့်ခွန်းတွင်လည်း KIO သည် နိုင်ငံရေးအရွေ့တစ်ခုရွေ့တော့မည်ဖြစ်ကြောင်း ဥက္ကဌက ပြောကြားပြန်သည်။ ၎င်းမိန့်ခွန်းသည် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ၌ ကျင်းပသည့် KIO ဖွဲ့စည်းခြင်း ၆၂ နှစ်မြောက် အကြိုတေးဂီတဖျော်ဖြေပွဲ အခမ်းအနား လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ပြောကြားခဲ့သည့် မိန့်ခွန်းဖြစ်သည်။
လက်ရှိ KIO ဥက္ကဌတာဝန်ကို လွဲပြောင်းခန့်အပ်ခံရသည့် ဗိုလ်ချုပ်ကြီးဂွန်ထန်ဂမ်ရှောင်ကလည်း ပြီးခဲ့သည့်နှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် National Unity Government (NUG) အစိုးရ ကြီးမှူးကျင်းပခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့် အခမ်းအနားတွင် ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့သည်။
၎င်းမိန့်ခွန်းတွင် NUG အစိုးရသည် ပင်လုံစာချုပ်၏ အနစ်သာရများဖြစ်သည့် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ရှင်သန်ရေး သာမက ပြည်ထောင်စုအဖြစ် ပေါင်းစည်းကြရန် ကတိကဝတ်ပြုခဲ့ကြသည့် ပင်လုံကတိကဝတ်များကို အကောင်အထည်ဖော်သွားရန်အတွက် ဦးဆောင်ဦးရွက်ပြု တာဝန်ယူသွားကြရမည်ဖြစ်သလို တောင်တန်းဒေသ တိုင်းရင်းသား အင်းအားစုများကလည်း ပူးပေါင်းပါဝင်ရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် “ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုဟာ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ရည်မှန်းချက်ပန်းတိုင် ချမှတ်ထားကာ ကြိုးပမ်းနေကြတဲ့ အစုအဖွဲ့များအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားကာ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း နိုင်ငံရေးရည်မှန်းချက်တူညီသော တော်လှန်ရေးအင်အားစုများ ပူးပေါင်းလာရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ် ထားရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် KIO ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် KIC ဒုဥက္ကဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်ကလည်း ဒီဇင်ဘာလ ၁၅ ရက်နေ့၌ ထုတ်လွှင့်ခဲ့သည့် RFA မြန်မာအစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် လက်ရှိမြန်မာနိုင်ငံ၏ တော်လှန်ရေး အခြေအနေသည် အာဏာရှင်စနစ်ကို အဆုံးသတ်တော်လှန်သွားမည့် အပိုင်းဖြစ်သည်ဟု ၎င်းအနေဖြင့် သုံးသပ်ကြောင်း ဖြေကြားခဲ့သည်။
အထက်ပါကဲ့သို့ ပြောဆိုခဲ့သော ခေါင်းဆောင်များဖြင့် ဦးဆောင်နေသော KIO သည် ၂၀၂၂ ခုနှစ် ဧပြီလတွင် စစ်ကောင်စီက တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သည့် ကမ်းလှမ်းချက်ကိုလည်း လက်မခံဘဲ နိုင်ငံ၏အရေးအရာများကို တန်းတူဆွေးနွေးနိုင်မည့် အချိန်အခါ အခင်းအကျင်းရောက်ရှိမှသာ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။
ကချင်ပြည်နယ်၏ အဓိက အင်အားကြီး လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်သည့် KIO သည် အထက်ပါကဲ့သို့ ပြောဆိုနေသလို မြေပြင်တွင်လည်း NUG နှင့် ချိတ်ဆက်ဆောင်ရွက်မှုများရှိနေသည်။ ထို့အပြင် Kachin Regional People Defense Force (KPDF) အပြင် အခြား PDF အဖွဲ့များနှင့်လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုများရှိသလို ကူညီထောက်ပံ့မှုများလည်း ရှိနေသည်။ ထို့အပြင် ကျန်းမာရေး၊ ပညာရေးနယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်နေသည်ကို သိရသည်။
ယခုနှစ် နှစ်သစ်ကူးမိန့်ခွန်းတွင် KIO ဥက္ကဌက စစ်ကောင်စီကျင်းပလာမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် သတိပေးတိုက်တွန်းလိုက်သည်။ ထို့အပြင် ၂၀၂၃ ခုနှစ်တွင် KIO ၏ လုပ်ငန်းစဉ်များကို အရှိန်မြှင့်ပြီး ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလကလည်း “၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် တစ်ဆစ်ချိုး အပြောင်းအလဲတွေ ရှိလာမယ့်နှစ်လို့ ယုံကြည်မျှော်လင့်ထား ပါတယ်။”ဟု ၈၂ ကြိမ်မြောက် NUG အစိုးရအဖွဲ့၏ အစည်းဝေးတွင် ပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အခြားတစ်ဖက်မှာတော့ ရှမ်းနီတိုင်းရင်းသားများနှင့် လီဆူတိုင်းရင်းသား အမည်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် နိုင်ငံရေးပါတီအဖြစ် သော်လည်းကောင်း ပြည်သူ့စစ်အသွင်သဏ္ဍာန်အဖြစ် သော်လည်းကောင်း စစ်ကောင်စီဘက်ရပ်တည်ပြီး လှုပ်ရှားဆောင်ရွက်နေသည်ကို တွေ့ရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကချင်နိုင်ငံရေးပါတီများက စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများ မရှိသလောက်ဖြစ်သွားသည်။ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)ပါတီ၏ ဥက္ကဌ ဒေါက်တာအမ်ကောန်လသည် ဖမ်းဆီးခံခဲ့ရသော်လည်း ပြီးခဲ့သည့် ဇန်နဝါရိလ ၄ ရက်နေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်။ သို့သော်လည်း ကချင်လူထုကြား ဩဇာတိက္ကမရှိသူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ ဥက္ကဌဟောင်း Rev. ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆို ထားသည်။
ခြုံငုံသုံးသပ်ကြည့်လျှင် စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပနိုင်သည်ဖြစ်စေ၊ မကျင်းပနိုင်သည်ဖြစ်စေ၊ ဖွဲ့စည်းပုံနှင့်ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ အာဏာကို လက်လွတ်ဆုံးရှုံခံမည် မဟုတ်ပေ။ သို့ဖြစ်၍ ၂၀၂၃ ခုနှစ်တွင် တော်လှန်ရေး တစ်ဆစ်ချိုး အပြောင်းအလဲ ရှိလာရန်အတွက်မှာ မျှော်လင့်ချက်ပေး ပြောစကားများထက် လက်တွေ့ဖော်ဆောင်သွားမည့် လုပ်ဆောင်ချက်များနှင့် ဖြစ်ပေါ်လာမည့် ရလဒ်များကို ပြည်သူလူထုက စောင့်ကြည့်လိုသည့် နှစ်တစ်နှစ် ဖြစ်ပါလိမ့်မည်။
—