စစ်ကောင်စီတပ် စစ်မာန်စွယ်ကျိုးခဲ့ရသောနှစ်
စစ်ရေးသုံးသပ်ချက်။
27 January 2024 – Kachinwaves
ကချင်လွတ်လပ်ရေးတပ် (KIA) သည် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို စစ်ရေးထောက်ပံ့မှုပေးပြီး စစ်ကိုင်းတိုင်းတွင် စစ်မီးတောက်စေသည်ဟု စစ်ကောင်စီနှင့် ၎င်းကိုထောက်ခံသူများက အကြိမ်ကြိမ်စွပ်စွဲ ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် စစ်ကိုင်းတိုင်း၏ စစ်မီးအညှာ KIA ဌာနချုပ်ကို ရှင်းထုတ်ရမည်ဆိုသော ထောက်ခံသူများ၏ တိုက်တွန်းချက်နှင့်အတူ စစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ် ဇွန်လလယ်ပိုင်းမှစပြီး KIA ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာနယ်မြေသို့ ထိုးစစ်ဆင်လှုပ်ရှားမှု စတင်လာခဲ့သည်။ ဇူလိုင် ၃ ရက်နေ့မှာတော့ KIA ဗဟိုဌာနချုပ်ဒေသ၏ ရှေ့တန်းတပ်စခန်းနယ်မြေဖြစ်သည့် ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်အစပ်၊ မြစ်ကြီးနား – ဗန်းမော်ကားလမ်းကြောင်း နန်ဆန်ယန် (Nam San Yang) ကျေးရွာထိပ်တွင် တိုက်ပွဲစတင် ဖြစ်ပွားရာမှစ၍ နှစ်ကုန်ပိုင်းအထိ စစ်ရေးအရှိန်တက်နေခဲ့သည်။
စစ်ကောင်စီသည် KIA ဌာနချုပ်အနီးနေရာများတွင် စစ်ရေးအနိုင်ပိုင်းပြပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်မာန်စွယ်တက်နေမှုကို ဦးချိုးကာ ပြည်တွင်းပြည်ပ နိုင်ငံရေးမျက်နှာစာများတွင် လောဘီလုပ်ရန် အားသာစေမည့် ဗျူဟာဆင်ခဲ့ကြောင်း လိုင်ဇာဒေသသို့ ထိုးစစ်တိုက်ပွဲစတင်လာသည့် ဇူလိုင်လတွင် ထွက်ပေါ်လာသော သတင်းများအရ အကဲခတ်နိုင်သည်။ စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းထားတော့မည်ဟု သတင်းထွက်ပေါ်ခဲ့သလို အကြမ်းဖက်နည်းသုံးပြီး တော်လှန်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့အား မထောက်ခံကြောင်း သတင်းများ ပျံ့နှံ့စေခဲ့သည်ကို တွေ့ခဲ့ရသည်။
သို့သော် လိုင်ဇာဒေသကို ထိုးစစ်ဆင်သည့် တိုက်ပွဲစတင်နေသော ဇူလိုင်လ ဒုတိယပတ်အကုန်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် အရာရှိအချို့အရေးယူခံရပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် စိုးလှိုင် ကို အစားထိုးခန့်အပ်ခဲ့သည်။
တိုင်းမှူးအပြောင်းအလဲနှင့်အတူ KIA ဌာနချုပ်လိုင်ဇာဒေသ၏ ရှေ့တန်းစစ်မျက်နှာစာဖြစ်သော ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်များတွင် ၂၀၂၃ ခုနှစ်၏ ဒုတိယ ၆ လပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများခဲ့သည်။ ထို့အပြင် ထောက်ပို့လမ်းကြောင်းရှိသော ရွှေကူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုများခဲ့သည်။ လိုင်ဇာမြို့နှင့် အလှမ်းဝေးသည့် ကချင်ပြည်နယ်တွင်းက တိုက်ပွဲဖြစ်ပွားမှုများခဲ့သော အခြားမြို့နယ်မှာ ဖားကန့်မြို့နယ် ဖြစ်သည်။ ဖားကန့်မြို့နယ်နှင့် ရွှေကူမြို့နယ်များမှာ ၂၀၂၃ ခုနှစ်၏ ပထမ ၆ လအတွင်းတွင်လည်း တိုက်ပွဲဖြစ်ပွားမှုများခဲ့သော မြို့နယ်များဖြစ်သည်။
KIA ဗဟိုဌာနချုပ်ကို ခြိမ်းခြောက်ဖို့ကြံရွယ်သော စစ်ကောင်စီတပ်၏ စစ်ဆင်ရေးစနက်တံ စတင်ပေါက်ကွဲခဲ့သည့် နေရာအနီး၊ မြစ်ကြီးနား – ဗန်းမော်လမ်း လိုင်လွမ် (အောင်ဂျာ) စခန်းကုန်းအနီးဝန်းကျင်တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး KIA နှင့်အတူ ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ပူးပေါင်း၍ စစ်ကောင်စီတပ်၏ ထိုးစစ်အရှိန်ရှေ့မတိုးနိုင်အောင် လချီဟန့်တားခဲ့ကြသည်။ စစ်ကောင်စီတပ်၏ ထိုးစစ်ရှေ့မတိုးသာမဆုတ်သာ ဖြစ်နေချိန်မှာပဲ လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ရှောင်စခန်း၌ ပြင်းအားကြီးလက်နက် ကျရောက်ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်အပြီးမှာတော့ KIA နှင့် ပူးပေါင်းတပ်သည် လိုင်လွမ် (အောင်ဂျာ) စခန်းကုန်းကြီးကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။ မုန်လိုင်ခက် စစ်ရှောင်စခန်း၌ အစုအပြုံလိုက်သေဆုံးမှုဖြစ်စဉ် ဖြစ်ပြီးနောက် ၁၁ ရက်မြောက်နေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် စခန်းကုန်းကြီး ဖြစ်ပါသည်။ အောင်ဂျာစခန်းကုန်းကြီးသည် စစ်အာဏာသိမ်းပြီးနောက် ဒုတိယမြောက်အနေဖြင့် KIA တိုက်ခိုက်သိမ်းယူနိုင်ခဲ့သော လိုင်ဇာရှေ့တန်းစစ်မျက်နှာပြင်ရှိ စခန်းကုန်းကြီးဖြစ်သည်။ ပထမ အကြိမ်သိမ်းယူနိုင်ခဲ့သော စခန်းကုန်းကြီးမှာ ၂၀၂၁ ခုနှစ် မတ် ၂၅ ရက်နေ့တွင် KIA နှင့် AA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည့် မိုးမောက်မြို့နယ်ရှိ အလောဘွမ် (Alaw Bum) ဗျူဟာကုန်းကြီး ဖြစ်သည်။
KIA ၏ ဌာနချုပ်အနီးတွင် စစ်ရေးခြိမ်းခြောက်မှုလုပ်ပြီး တော်လှန်ရေးတပ်ဖွဲ့များအား စစ်မာန်စွယ်ဖြဲပြဖို့ ရည်ရွယ်ဟန်ရှိသည့် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုသည် မြစ်ကြီးနား – ဗန်းမော်ကားလမ်းကြောင်းက အရေးကြီးသည့် ဗျူဟာစခန်းကုန်းကြီးကို အသိမ်းခံရခြင်းဖြင့် အဆုံးသတ်ခဲ့ရလေသည်။
စစ်ကောင်စီ၏အဆိုအရ KIA အဖွဲ့များက လဲလုံ (လိုင်လွမ်-အောင်ဂျာ) စခန်းအား ၂၀၂၃ ခုနှစ် ဇူလိုင် ၈ ရက်မှစ၍ အောက်တိုဘာ ၂၀ ရက်နေ့အထိ (၈၁) ကြိမ်တိုင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အမြောက်နှင့် လေကြောင်းပစ်ကူရယူ၍ ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း စခန်းမှ ခေတ္တဆုတ်ခွာပေးလိုက်ရကြောင်း ထုတ်ပြန်ခဲ့သည်။ စစ်အင်းအားများ ပြန်လည်စုစည်းပြီး လက်လွတ်သွားခဲ့သည့် စခန်းများကို ပြန်လည်တိုက်ခိုက်သိမ်းယူမည်ဟုလည်း ထုတ်ပြန်ခဲ့ပါသည်။
သို့သော် အောင်ဂျာစခန်းသိမ်းခံရပြီးနောက် ခုနှစ်ရက်မြောက်နေ့မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (AA)၊ တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့၏ 1027 စစ်ဆင်ရေးကြောင့် စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲများကို ယဉ်ဆိုင်လာရပြီး စစ်ကောင်စီတပ် ဖုံးမနိုင်ဖိမရ စစ်ရှုံးခဲ့ရသည်။
KIA နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုလည်း ရပ်တန့်မသွားဘဲ စစ်ကိုင်းတိုင်းတွင် မြို့ကြီးမြို့ငယ်သိမ်းပိုက်ရေးတိုက်ပွဲများ ဆက်လက်ဖော်ဆောင်လာခဲ့သည်ကို တွေ့ရသည်။
၂၀၂၃ ခုနှစ်၏ စစ်ရေးအခြအနေကို ခြုံငုံသုံးသပ်ကြည့်လျှင် လိုင်ဇာကို ထိုးစစ်ဆင်သည့် စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် စစ်မာန်စွယ်ပဲ့ခဲ့ရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်မာန်စွယ်ကျိုးခဲ့ရသည့် နှစ်ဖြစ်လေသည်။
စာကြွင်း
Kachinwaves ၏ သတင်းစောင့်ကြည့်လေ့လာမှုအရ ၂၀၂၃ ခုနှစ် ဒုတိယ ခြောက်လပတ်အတွင်း ကချင်ပြည်နယ်တွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တိုက်ပွဲပေါင်းအနည်းဆုံး (၁၁၆) ကြိမ်ဖြစ်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်က ၎င်းတို့၏ တပ်စခန်းအချို့ကို တိုက်ခိုက်မှုမခံရဘဲ အလိုအလျောက် စခန်းစွန့်ဆုတ်ခွာခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။ သို့ဖြစ်၍ KIA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့်နှစ် ဒုတိယ ခြောက်လပတ်တွင် ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ တပ်စခန်းပေါင်း (၁၅) ခု သိမ်းယူနိုင်ခဲ့သည်ကို တွေ့ရသည်။
KIO ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KIA နှင့် စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့သည့်တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်၏ တပ်စခန်းပေါင်း ၂၀ ထက်မနည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားသည်။