အဆုံးသတ်တိုက်ပွဲ တိုက်ကြမည်လော၊ ဒုက္ခိတ တော်လှန်ရေးသမားများ အဖြစ်ခံမည်လော
အတွေးအမြင်။ 4 November 2022 – Kachinwaves
လွတ်လပ်ရေးရပြီးနောက် အစောဆုံး လက်နက်ကိုင် တော်လှန်သည့်အချိန်မှ စတင်ရေတွက်လျှင် ပြည်တွင်း လက်နက်ကိုင် တော်လှန်ရေးသည် နှစ်ပေါင်း ခုနှစ်ဆယ်ကျော်သွားပြီ ဖြစ်သည်။ ရှိသမျှပြည်နယ်များတွင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ရှိနေကြသည့်အပြင် အိုင်ဒီယာလော်ဂျီ အခြေခံသည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များလည်း ပေါ်ပေါက်ခဲ့သည်။ နောက်ပိုင်း ပေါ်ပေါက်လာသည့် ဒီမိုကရေစီ တော်လှန်ရေး လှုပ်ရှားမှုလည်း အနှစ် ၃၀ ကျော်နေပြီ ဖြစ်သည်။ ထိုသို့ ကြာရှည်လာသည့် နှစ်ကာလများတွင် တော်လှန်ရေးအဖွဲ့များ ညီညွတ်ပြီး ဘုံရန်သူကို တိုက်ခိုက်ချေမှုန်းရေးတိုက်ပွဲ မည်သည့်အကြောင်းကြောင့် မဆင်နွဲခဲ့ကြသလော။ ယနေ့အချိန် ပြန်လည်ပေါ်ပေါက်လာသည့် မြန်မာ့နွေဦး တော်လှန်ရေး အရှိန်အဟုန် မှတဆင့်ရော တော်လှန်ရေးအဖွဲ့များ ညီညွတ်ကာ ဘုံရန်သူကို တိုက်ခိုက်ချေမှုန်း၍ အောင်ပွဲခံနိုင်ကြမည်လော။ ပြည်သူအများ မေးခွန်းထုတ်နေကြပြီ ဖြစ်ပါသည်။
ယခင်တော်လှန်ရေးကာလ၌ ဘုံရန်သူကို ပြိုင်တူတိုက်ခိုက်ချေမှုန်းရေး လမ်းကြောင်းကို မရွေးခဲ့ကြသည့် အကြောင်းအချက် (၃)ချက်ရှိသည်ဟု စာရေးသူ သုံးသပ်မိပါသည်။ ပထမအချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားလူမျိုးများ ဗြီတိသျှ ကိုလိုနီလက်အောက်က အတူတကွ လွတ်လပ်ရေး ရယူကြရန် နှစ်ဦးနှစ်ဖက်၏ နိုင်ငံရေးလိုလားချက်များကို တွေ့ဆုံဆွေးနွေးဈေးဆစ်ညှိယူခြင်းဖြင့် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းမှ သန္ဓေတည်လာသည့် ဆွေးနွေးညှိနှိုင်းရေး စိတ်အခံရှိနေသေးခြင်းနှင့် တရားဝင် ချဉ်းကပ်ဆောင်ရွက်နိုင်သော လမ်းကြောင်းများလည်း ရှိနေသေး၍ ဖြစ်သည်။ ပင်လုံစာချုပ်ကို အခြေတည်ပြီး ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသား ခေါင်းဆောင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် တပြည်ထောင်စနစ်ကဲသည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ လွမ်းမိုးမှုကြောင့် ပင်လုံစာချုပ် ကတိကဝတ်များသည် ယုတ်လျော့ သွားခဲ့ရသည်။
ထို့ကြောင့် မူလပင်လုံကတိကဝတ်များကို ပြန်လည်ဖော်ဆောင်နိုင်ရန် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြုပြင်ရေး သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးကို တိုင်းရင်းသားများက ကြိုးပမ်းလာကြသည်။ သို့သော် တိုင်းရင်းသားများ၏ ဖက်ဒရယ်တောင်းဆိုမှုသည် ပြည်ထောင်စု မြန်မာနိုင်ငံမှ ခွဲထွက်ရေးကြိုးပမ်းမှုဟု စွပ်စွဲကာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံသည် အာဏာရှင်စနစ်အောက်သို့ အပြည့်အဝ ကျရောက်သွားခဲ့သည်။ တိုင်းရင်းသား ခေါင်းဆောင်များက ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်လိုခြင်းသည် ခွဲထွက်လို၍ မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ကြပြီး ဖြစ်သည်။ စစ်တပ်အာဏာမသိမ်းမည် အချိန်အထိ ပင်လုံကတိကဝတ် ပြုခဲ့ကြသော တိုင်းရင်းသား ခေါင်းဆောင်များသည် ၎င်းတို့လိုလားသည့် နိုင်ငံရေး ရည်မှန်းချက်များကို ဖော်ဆောင်ရန် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းဖြင့် ချဉ်းကပ်ခဲ့ကြသည်။
ဒုတိယအချက်မှာ စစ်အာဏာရှင်များက ဖက်ဒရယ်စနစ်ကို ခွဲထွက်ရေးအဖြစ် ဝါဒဖြန့်ဖိနှိပ်ခြင်းကြောင့် လက်နက်မကိုင်သည့် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှု လမ်းကြောင်းသည် လမ်းဆုံးသွား ခဲ့ရသည်။ ထို့ကြောင့် ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့ကြသော တိုင်းရင်းသားလူမျိုးများလည်း လက်နက်ကိုင်တော်လှန် လာကြသည်။ မိမိတို့လိုလားသော နိုင်ငံရေးစနစ်နှင့် အခွင့်အရေးများကို လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းမှတဆင့် ဆွေးနွေးအဖြေရှာ ရယူမည်ဟူသော ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်လာကြသည်။ အာဏာရှင်အစိုးရကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး မဟာမိတ် အဖွဲ့အစည်းများ ဖွဲ့စည်းကာ လက်နက်ကိုင် တော်လှန်ရေးကို တစ်ဖြည်းဖြည်း အင်အားကောင်းလာအောင် ဖွဲ့စည်းတည်ဆောက်၍ အရှိန်မြှင့် လုပ်ဆောင်လာ ကြသည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စု အစိုးရတစ်ရပ်ကို တော်လှန်ချေမှုန်းတိုက်ဖျက်၍ အစားထိုးအုပ်ချုပ်လိုခြင်း မဟုတ်ပေ။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းဖြစ်ပေါ်လာရန်နှင့် တန်းတူဆွေးနွေး ဈေးဆစ်ညှိနှိုင်းနိုင်ရန် သို့မဟုတ် အားသာချက်များ ရယူနိုင်ရန်အတွက်သာ ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ မူလရည်မှန်းချက်များတွင် မိမိတို့ပိုင်သည့် ပြည်နယ်ကို သီးခြားလွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်နိုင်ရန်အထိ ရည်မှန်းချက် ထားခဲ့ကြသည်။ သို့သော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတစ်ခုလုံးကို သိမ်းယူပြီး အစားထိုးအုပ်ချုပ်လိုသည့် ရည်မှန်းချက်တော့ မရှိကြပေ။
တတိယအချက်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို အဖြူအမဲပေါ်လွင်အောင် သို့မဟုတ် အနိုင်အရှုံးထွက်ရှိအောင် အရင်းအမြစ်စိုက်ထုတ်ပြီး ကူညီဆောင်ရွက်ပေးမည့် နိုင်ငံကြီးတစ်နိုင်ငံ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများ မရှိသည်ကို နှစ်ပေါင်း ၆၀ ကျော် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးနှင့် နှစ်ပေါင်း ၃၀ ကျော် ဒီမိုကရေစီတော်လှန်ရေး ခရီးတွင် ထင်ထင်ရှားရှား သိမြင်နေရပြီ ဖြစ်ပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများက တိုင်းရင်းသားလူမျိုးများ၏ ဖက်ဒရယ်တောင်းဆိုမှုနှင့် ပြည်သူတစ်ရပ်လုံး၏ ဒီမိုကရေစီတောင်းဆိုမှုတို့ကို လိုလားထောက်ခံအားပေးမှု ရှိခဲ့သည့်အတွက် အာဏာရှင် အစိုးရအဆက်ဆက်ကို ဖိအားပေးတွန်းခဲ့သလို ဆက်လက်၍လည်း ဖိအားပေးတွန်းနေကြဆဲ ဖြစ်ပါသည်။ သို့သော် လွန်ခဲ့သောကာလများတွင် နိုင်ငံတကာကလည်း တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကိုသာ အားပေးထောက်ခံသည့် သဘောဖြစ်ခဲ့သည်။ ထို့အပြင် ပြည်သူအများကလည်း ဒီမိုကရေစီ တော်လှန်ရေး အင်အားစုများ၏ တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းအပေါ် မျှော်လင့်ချက် ထားခဲ့ကြသည်။
အထက်ပါ ပြည်တွင်းနှင့် နိုင်ငံတကာ အခြေအနေများကြောင့် မဟာမိတ်ဖွဲ့ပြီး ဘုံရန်သူကို ပူးပေါင်းတိုက်ခိုက်ကြသည့် တော်လှန်ရေး အဖွဲ့အစည်းများ၏ စုဖွဲ့မှုကလည်း ရန်သူကို တိုက်ခိုက်ချေမှုန်းနိုင်ရေး မဟုတ်ဘဲ နိုင်ငံရေးတန်းတူ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက်သာ ဖြစ်ခဲ့သည်။ သို့ဖြစ်၍ မဟာမိတ်ဖွဲ့ လှုပ်ရှားသည့် တော်လှန်ရေး ရေချိန်သည်လည်း နိုင်ငံရေးအခင်းအကျင်းများကိုလိုက်၍ အရှိန်မြှင့်လိုက်ကျလိုက် ဖြစ်ခဲ့သည်။ အစိုးရအဆက်ဆက် ပြောင်းလဲသွားခဲ့သော်လည်း ၎င်းတို့မျှော်လင့်ခဲ့သည့် နိုင်ငံရေးအရ တန်းတူတွေ့ဆုံဆွေးနွေး အဖြေရှာရေးသည် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်ခဲ့ရသည်။
သို့သော် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်များက တိုင်းရင်းသားများ တောင်းဆိုသည့် တန်းတူတွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ငြိမ်းချမ်းရေး ဆွေးနွေးရေး ခေါင်းစဉ်ဖြင့် မျှော်လင့်ချက်ပေး စည်းရုံးကာ ၎င်းတို့သက်ဆိုးရှည်ရေးအတွက် အသုံးချကစားခဲ့ကြသည်။ ဖြစ်ခဲ့သမျှကို ပြန်သုံးသပ်ကြည့်လျှင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများကို ကျုံးသွင်းပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကို ဖဲ့ချွေချေဖျက်ကာ နိုင်ငံရေးကို ကြိုးရှည်ရှည်ဖြင့် ဆွဲကစားလိုသော စစ်အာဏာရှင်တို့၏ ကြိုးစားအားထုတ်မှုကသာ အသာစီးရခဲ့သည့် သဘောဖြစ်ခဲ့သည်။ ယခုလိုဖြစ်ခဲ့သည့် နိုင်ငံရေး ဖြစ်စဉ်များမှ ပြည်သူအများ နားလည်သဘောပေါက်လာသော တော်လှန်ရေး သင်ခန်းစာ တစ်ခုမှာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဖြင့် တိုင်းပြည်၏ ပြဿနာ ဖြေရှင်းနိုင်မည် မဟုတ်ဟု ယုံကြည်လာခြင်း ဖြစ်ပါသည်။
နိဂုံးချုပ်ရလျှင် “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”ဟု ပြည်သူများက ကြွေးကြော်နေသည့် တော်လှန်ရေး ဒီရေလှိုင်းအရှိန်မြှင့်တက်နေချိန်မှာတောင် မြန်မာနိုင်ငံမှ များပြားလှသော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ညီညွတ်ပြီး ဘုံရန်သူကို တိုက်ခိုက်ချေမှုန်းရေး လမ်းကြောင်းဖြင့် အနိုင်မယူနိုင်ပါက စစ်အာဏာရှင်များ ကြိုးကိုင်ထားသည့် နိုင်ငံရေးဝဲကယက်ထဲက ရုန်းထွက်နိုင်ရန် စိတ်သွားတိုင်း ကိုယ်မပါနိုင်သော ဒုက္ခိတ တော်လှန်ရေးသမားများ အဖြစ်သာ ကျန်နေရမည်ဖြစ်ပြီး၊ ပြည်သူများကတော့ ဒုက္ခပင်လယ်ဝေနေရမည် ဖြစ်ပါသည်။