KIA ရဲ့ စစ်ရေးသမိုင်းမှာ အကြီးမားအကျယ်ပြန့်ဆုံး စစ်ဆင်ရေး မြင်တွေ့ရတဲ့ (၆) လတာ
သုံးသပ်ချက်
–
အခုနှစ် ခြောက်လတာမှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ပထမနှစ်ဝက်ထက် များစွာကွာခြားသွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် KIO/KIA ဟာ မြန်မာ့နိုင်ငံရေး ရေစီကြောင်းမှာ တော်လှန်ရေး မဟာမိတ် အမျိုးမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသလို ၂၀၂၁ ခုနှစ် စစ်အာဏာ
သိမ်းမှု နောက်ပိုင်းမှာလည်း ရှိပြီးသားမဟာမိတ်တွေနဲ့ သာမက အသစ်ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေနဲ့လည်း နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ဆက်ဆံရေး တည်ဆောက်ပြီး တော်လှန်တိုက်ပွဲဝင်နေတာကို တွေ့နေရပါတယ်။ ကချင်ပြည်နယ်အတွင်း KIA ဦးဆောင်တဲ့ စစ်ဆင်ရေးမှာ AA၊ KPDF တွေအပြင် အခြားတော်လှန်ရေး တပ်ဖွဲ့တွေလည်း ပူးပေါင်းပါဝင်နေတာ ဖြစ်ပါတယ်။
အပြောင်းအလဲ မြင်တွေ့ရမယ့်နှစ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်းပြောကြားခဲ့သလို အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ မြင်တွေ့ခဲ့ရတဲ့ စစ်ဆင်ရေးတွေနဲ့ လက်ရှိလည်း ဖော်ဆောင်နေဆဲဖြစ်တဲ့ စစ်ဆင်ရေး အခြေအနေတွေကိုကြည့်ရင် ၂၀၂၄ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာတော့ ထူးခြားတဲ့ အောင်မြင်မှုတွေ ရရှိလာတာကို တွေ့နေရပါတယ်။
ကချင်ပြည်နယ်အတွင်း KIA ဦးဆောင်တဲ့ စစ်ဆင်ရေးကို မတ်လ ၇ ရက်နေ့မှာ စတင်ခဲ့သလို တိုက်ပွဲတွေလည်း နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့ပါတယ်။ Kachin Waves လက်လှမ်းမီသလောက် စုစည်းထားတဲ့ မှတ်တမ်းတွေကိုအခြေခံပြီး သုံးသပ်ရရင် ခြောက်လအတွင်း တိုက်ပွဲပေါင်း ရာချီဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းအနည်းဆုံး (၁၁၁) ခု သိမ်းပိုက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ သိမ်းပိုက်ရရှိခဲ့တဲ့အထဲမှာ မြို့နယ်ခွဲ (သို့) တိုက်နယ်အဆင့်ရှိတဲ့ မြို့ (၃) မြို့ဖြစ်တဲ့ ဒေါ့ဖုန်းယန်၊ ဆင်ဘိုနဲ့ လွယ်ဂျယ်မြို့တွေ ပါဝင်တဲ့အပြင် မြို့နယ်အဆင့်ရုံးစိုက်တဲ့ ဆွမ်ပရာဘွမ်မြို့ (၁) မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ M-17 ရဟတ်ယာဉ်တစ်စင်းနဲ့ ဂျက်ဖိုက်တာတစ်စင်း ပစ်ချနိုင်ခဲ့တာကို အထောက်အထားနဲ့တကွ တွေ့မြင်ခဲ့ရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဇွန်လအထိ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဖော်ဆောင်ခဲ့တဲ့ KIA ရဲ့ စစ်ဆင်ရေးကို မတွေ့ခဲ့ရပဲ၊ မြို့နယ်ဒေသအလိုက် နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားတဲ့ တိုက်ပွဲတွေကိုပဲ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ထိုးစစ်ဆင်မှုဆိုလို့ ၂၀၂၁ ခုနှစ် မတ်လမှာ ဖော်ဆောင်ခဲ့တဲ့ မိုးမောက်မြို့နယ်က အလောဘွမ် စစ်ဗျူဟာစခန်းကုန်းကြီးကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲကိုပဲ မည်မည်ရရ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၃ ခုနှစ် ဇွန်လ လဆန်းပိုင်းကနေ KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး ဒေသတွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် လနဲ့ချီ နှစ်ဖက်စစ်ရေးတင်းမာနေခဲ့ရာ၊ အောက်တိုဘာလကစပြီး KIA ရဲ့ စစ်ရေးဖော်ဆောင်မှုဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲလာတာကို သုံးသပ်တွေ့ရှိရပါတယ်။
ဒါကြောင့် ၂၀၂၃ ခုနှစ် ဒုတိယ ၆ လပတ်ကစလို့ ကချင်ပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲတွေ သိသိသာသာ မြင်တွေ့လာရပြီး Kachin Waves ရဲ့ သတင်းစောင့်ကြည့်မှု မှတ်တမ်းအရ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ ဒီဇင်ဘာလကြားမှာ (ကချင်ပြည်နယ်) စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း (၁၅) ခုကို KIA က သိမ်းပိုက်နိုင်ခဲ့တာ တွေ့ရပါတယ်။
KIA ရဲ့ စစ်ရေးဖော်ဆောင်မှု ပြောင်းလဲလာတဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း “၁၀၂၇ စစ်ဆင်ရေး” စတင် ပေါ်ပေါက်လာပါတယ်။
KIA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ထိုးစစ်ဆင်လှုပ်ရှားခဲ့သလို စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အထဲမှာ မြို့နယ်အဆင့်ရုံးစိုက်တဲ့ မဘိမ်းမြို့လည်း ပါဝင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲအရှိန်နည်းနည်း လျော့ကျလာသလိုရှိခဲ့ပေမဲ့ မတ်လ ၇ ရက်နေ့မှာတော့ KIA ဟာ ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးကြီးကို ဖော်ဆောင်လိုက်ပြီး အဆိုပါစစ်ဆင်ရေးဟာ လက်ရှိအချိန်အထိ ရပ်တန့်သွားခြင်းမရှိပဲ ဆက်လက်ဖော်ဆောင်နေဆဲ ဖြစ်တာကို တွေ့ရပါတယ်။
အခုလို လနဲ့ချီပြီး ထိုးစစ်ဆင်တိုက်ပွဲဆင်နွှဲနေသလို ရာဂဏန်းကျော်တဲ့ ရန်သူရဲ့တပ်စခန်းတွေကို သိမ်းပိုက်နိုင်တဲ့အပြင် မြို့တွေကိုပါ တိုက်ခိုက်သိမ်းပိုက်လာနိုင်တာဟာ နှစ်ပေါင်း (၆၀) ကျော် KIA ရဲ့ တော်လှန်ရေးသမိုင်းမှာ သမိုင်းသွင်တဲ့ စစ်ဆင်ရေးကြီး ဖြစ်ပါတယ်။